COVID-19
pandemic ကာလ အိမ်သန့်ရှင်းရေး
နှင့်ပိုးသတ်ခြင်း
ရပ်ကွက်ထဲမှာ ပိုးသတ်ဆေးတွေလိုက်ဖျန်းနေတယ်၊
အိမ်တွေထဲ ဆေးတွေလိုက်ဖျန်းနေတယ်။
အိမ်မှာလည်းဖျန်းချင်လို့
၊ အိမ်မှာ သက်ကြီးရွယ်အိုတွေရှိလို့ ကလေးငယ်တွေရှိလို့
ပိုးသတ်ဆေးဖျန်းဖို့လိုပါသလား၊ ဖျန်းသင့်လျင်ဘာဆေးသုံးသင့်ပါသလဲ၊
အန္တရာယ်ရှိပါသလား?
(ဖြေ)
(၁)
ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့) ကူးစက်ခံရသည်ဟု သံသယရှိသူ၊ ( ဥပမာ)
ပြည်ပမှပြန်လာပြီး စောင့်ကြည့်ခံနေရသူများ ရှိသည့်အိမ်၊ အဆောက်အဦမှအပ သာမန်
အိမ်များတွင် သီးသန့် ပိုးသတ်ဆေးနှင့် သန့်ရှင်းရန်၊ ဆေးဖျန်းရန်မလိုပါ။ အိမ်သား အများထိကိုင်သော
ပစ္စည်းမျက်နှာပြင်များ ကိုတော့ ပုံမှန်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အိမ်သုံးဆပ်ပြာ၊
လက်ဆေးကန်နဲ့အိမ်သာဆေးအရည်၊ ကြမ်းတိုက်ဆေးရည်တို့ကို သုံးပြီး ရေနဲ့သန့်ရှင်းရေးလုပ်၊
ဆေးကြော (သို့) သုတ်သင် ပေးသင့်ပါတယ်။ ဒက်တောကဲ့သို့သော အိမ်သုံး ပိုးသတ်ဆေးရည်များကိုသုံးလို့လည်းရပါတယ်။
(၂)
ပြင်ပမှပြန်လာသူတိုင်းအိမ်ထဲမဝင်မီ လက်ကိုသေချာ သန့်ရှင်း ၊ ပိုးသတ်ရန် နှင့် လူအများထိကိုင်ထားသော
ပစ္စည်းများကို ယူလာပါက ရေ နှင့်ဆပ်ပြာကိုသုံး၍ ဆေးကြောရန်၊ အပြင်က ပြန်လာတဲ့ အဝတ်တွေမှာ
ပိုးတွေပါလာတယ် ထင်လျင် ချက်ချင်းလဲဖို့ တော့လိုပါတယ်။
(၃)
မိမိအိမ်ကို အလည်လာသူတဦးဦးမှာ ဗိုင်းရပ်ပိုးပါလာသည်ဟု သံသယရှိလျင်တော့ ထိုသူ ရောက်ရှိ
ထိတွေ့သော နေရာရှိ
ပစ္စည်းမျက်နှာပြင်များကို စနစ်တကျ သန့်ရှင်းရန်နှင့် ပိုးသတ်ပေးရန်
အောက်ဖေါ်ပြပါနည်းများကို သုံးနိုင်ပါတယ်။
အိမ်မှာ
ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့) ကူးစက်ခံရသည်ဟု သံသယရှိသူ နေတဲ့အခန်း၊
သူနဲ့ထိတွေ့တဲ့ ပစ္စည်းတွေကို ပိုးသတ်ဖို့ဘာပိုးသတ်ဆေးသုံးရမလဲ။
(ဖြေ)
အောက်ပါပိုးသတ်ဆေးတခုခုကိုသုံးပြီး
ကိုဗစ်ဗိုင်းရပ်စ် ကိုသတ်နိုင်တယ်လို့ CDC ( USA), eCDC ( EU), WHO, မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန စသည်တို့က ဆိုထားပါတယ်။
(၁) Ethanol (သို့) Isopropyl alcohol အယ်လကိုဟော ၇၀ ရာခိုင်နှုန်းပါတဲ့အရက်ပျံ။
ဆေးရုံ ဆေးခန်းသုံးအရက်ပျံတွေမှာ အီသနော ၇၀ ရာခိုင်နှုန်းပါတာများပါတယ်။
(၂) 1:50 Hypochlorite Solution (1000 ppm) ဆေးရည်။
1:50 Hypochlorite Solution (1000 ppm) ဖျော်စပ်နည်း
• ရေ (၁) လီတာတွင် ၅% အိမ်သုံးအရောင်ချွတ်ဆေး လက်ဘက်ရည်ဇွန်း (၄) ဇွန်း ( ၂၀
စီစီ ) ထည့်၍ ဖျော်ပါ။ မကုန်မှာစိုးလျင် ၅၀၀ စီစီဖျော်ရန် ဆေးရည် လဘက်ရည်ဇွန် နှစ်ဇွန်း ( ၁၀ စီစီ ) သုံးပါ။ စီစီ( cc) = မီလီလီတာ
(ml).
မှတ်ချက်။
- ·
1:50 Hypochlorite Solution ကို သုံးကာနီးမှ ဖျော်စပ်ပြီးသုံးပါ၊ ကုန်အောင်သုံးပါ (သို့) ၂၄ နာရီကျော်သွားလျင် စနစ်တကျသွန်ပစ်ပါ။ နေရောင်နှင့်တိုက်ရိုက်မထိတွေ့ရပါ။
- ·
အိမ်သုံးအရောင်ချွတ်ဆေး (ဥပမာ Chlorox) ကို စူပါမားကက်တွေရဲ့
ဆပ်ပြာ၊ ကြမ်းတိုက်ဆေး ထားတဲ့နေရာတွေမှာတွေ့နိုင်ပါတယ်။
- ·
အရက်ပျံက
မီးလောင်လွယ်လို့ မီးနဲ့နီးသောနေရာများ၊ မီးပွင့်နိုင်သော မီးခလုပ်၊
ပလပ်ခုံများကို မဖျန်းသင့်၊ မသုတ်သင့်ပါ။
- · အရက်ပျံကို ဆေးရုံဆေးခန်းတွေမှာ လိုအပ်နေသလို ပစ္စည်းရှားပါးမှုနဲ့ ဆေးနှုန်းကြီးမြင့်မှုတို့ကြောင့် အိမ်တွေမှာတော့ 1:50 Hypochlorite Solution ကိုသုံးပြီး ပိုးသတ်တာပိုအဆင်ပြေပါတယ်။
အဲဒီအခန်း (သို့) ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်သူ ပိုးသတ်သူက ဘယ်လိုအကာအကွယ်ယူသင့်ပါသလဲ။
(ဖြေ) - ပိုးသတ်ဆေးသုံးပိုးသတ်ပါက
သုံးမည့်ဆေးနဲ့ မတည့်သူ အလာဂျစ်မဖြစ်သူကသာသုံးသင့်ပါတယ်။
-
သန့်ရှင်းရေးမလုပ်မီ လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့သေချာဆေးပါ။
-
Surgical Mask ၊
တခါသုံးရာဘာလက်အိတ်၊ တို့ကို ဝတ်ဆင်ပါ။ မျက်နှာကာ၊ မျက်စေ့ကာ သုံးနိုင်ပါက
ပိုကောင်းပါတယ်။
-
သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပြီးပါက လက်အိတ်ကို အရင်ချွတ်ပြီး
စနစ်တကျစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို လက်ပိုးသတ်ဆေးရည်နှင့်သုတ်လိမ်း (သို့)ဆပ်ပြာနှင့်ဆေးပြီးမှ
မျက်နှာကာ၊ မျက်စေ့ကာ၊ Surgical Mask တို့ကိုဖြုတ်ပြီး
စွန့်ပစ်ပါ။ လက်အိတ်၊ မျက်နှာကာ၊ မျက်စေ့ကာ တို့ကို တခါသုံးပစ္စည်းမသုံးပါက
ဆပ်ပြာနှင့်ရေသုံးပြီး သေချာဆေးကြောပြီးအခြောက်ခံပါ။
အဆိုပါပစ္စည်းများကိုဆေးပြီးပါက လက်များကိုဆပ်ပြာနှင့် ထပ်မံ၍ သေချာ ဆေးကြောပါ။
ပိုးသတ်ဆေးတခါဖျန်းပြီးလျင် ဘယ်လောက်ကြာကြာအာနိသင်ရှိပါသလဲ ၊ ဘယ်လောက်ကြာလျှင် တခါထပ်ဖျန်းသင့်ပါသလဲ။
(ဖြေ)
အရက်ပျံက မိနစ်ပိုင်းအတွင်းအငွေ့ပျံသွားသလို ဟိုက်ပိုကလိုရိုက်ကလည်း နာရီပိုင်းအတွင်း
အာနိသင်လျော့သွားပါတယ်။ အဲဒီပိုးသတ် ဓါတုပစ္စည်းတွေနဲ့တိုက်ရိုက်ထိတွေ့လျင် တချို့တွေ့က အလာဂျီ ဖြစ်တတ်သလို တချို့ပစ္စည်းတွေအရောင်ပျက်တာ
ပျက်စီးတာတွေဖြစ်တတ်လို့ ပိုးတွေသေလောက်အောင် ထားပြီးနောက် ( ၁၀မိနစ်) အဲဒီမျက်နှာပြင်တွေကို
ရေနဲ့ပြန်ဆေးတာ၊ ရေစိုဝတ်နဲ့ သုတ်သင်တာမျိုး လုပ်သင့်ပါတယ်။
အရက်ပျံက
မီးလောင်လွယ်လို့ မီးနဲ့နီးသောနေရာများ၊ မီးပွင့်နိုင်သော မီးခလုပ်၊
ပလပ်ခုံများကို မဖျန်းသင့်၊ မသုတ်သင့်ပါ။
ပိုးသတ်ဆေးဖျန်းခြင်းက
ပစ္စည်းမျက်နှာပြင်တွေပေါ်မှာ တင်ရှိနေတဲ့ ပိုးတွေကိုသတ်ဖို့သာဖြစ်ပြီး နောင်အခါ
လာတင်မည့် ပိုးတွေကိုသေအောင်ကာကွယ်ဖို့မဟုတ်ပါ။ ပိုးတွေ ကပ်ငြိလာတယ်၊
တင်ကျန်နေတယ်ထင်လျင် ထပ်ဖျန်းရပါမည်။
ဆေးဖျန်းတဲ့အခါ
ဖျန်းတဲ့ပစ္စည်းပေါ်တည်လို့ ဆေးမှုန်တွေ ပျံ့နှံ့မှုကွာပါတယ်။ နေရာလပ်မရှိအောင်
သတိထားဖျန်းသင့်ပါတယ်။
ရေနဲ့ဆပ်ပြာသုံး
သန့်ရှင်းရေးလုပ်တာ
(Cleaning) နဲ့ ပိုးသတ်တာ (Disinfection) ဘာကွာလည်း။
(ဖြေ)
ဆပ်ပြာက ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ပိုးမွှားတချို့ကို သေစေတယ်လို့ဆိုသောလည်း ရေနဲ့ဆပ်ပြာသုံး သန့်ရှင်းရေးလုပ်တာ (Cleaning) က မျက်နှာပြင်တွေမှာ တင်ရှိနေတဲ့ ပိုးမွှား၊ ဖုန်၊ အညစ်အကြေးတွေကို
သုတ်သင်ဖယ်ရှားပေးတာပါ။ တင်ရှိနေတဲ့ပိုးတွေကို သေအောင် သေသေချာချာသတ်တာမဟုတ်ပါ။
အရက်ပျံ၊
ဟိုက်ပိုကလိုရိုက် တို့လို ပိုးသတ်ဆေးရည်တွေကို သုတ်ပေး ဖျန်းပေးတာ (Disinfection) က တင်ရှိနေတဲ့ ပိုးမွှားတွေကို
သေအောင် သတ်ပစ်တာဖြစ်ပါတယ်။ ဒီနည်းက သေနေတဲ့ပိုးတွေနဲ့ ဖုန်တွေ၊ အညစ်အကြေးတွေကိုတော့
မဖယ်ရှားနိုင်ပါဘူး။
သိသာသော
ညစ်ပေမှုရှိလျင် ဆပ်ပြာနဲ့ရေကိုသုံးပြီးဆေးကြောရပါမယ်။
ကူးစက်ရောဂါရှိသူနေတဲ့
အခန်း၊ သုံးတဲ့ အသုံးအဆောင်တွေကိုတော့ သန့်ရှင်းရေးလုပ်ရုံမက မျက်နှာပြင်တွေကို
ပိုးထပ်သပ်ပေးဖို့လိုနိုင်ပါတယ်။
အိမ်မှာ ဗိုင်းရပ်စ်တွေ ခိုကပ်မနေအောင် အလွယ်တကူသန့်ရှင်းလို့ရအောင်လုပ်လို့ရမလား ဘယ်လိုလုပ်ရမလဲ ။
(ဖြေ)
အိမ်တွင်းမှာ
ဗိုင်းရပ်ကပ်ငြိနေနိုင်တဲ့မျက်နှာပြင်တွေကို လျှော့ချဖို့၊ ပိုးတွေပါတဲ့ တံတွေးမှုန်တွေ ပစ္စည်းတွေပေါ်ကျပြီးကပ်တင်မနေစေရန်
နဲ့ အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ရအောင်၊ ပြင်ဆင်ထားလို့ရပါတယ်။
- -
တံခါးမရှိတဲ့စင်၊
စာအုပ်စင် စားပွဲပေါ်ကပစ္စည်းတွေကို ပလတ်စတစ်နဲ့အုပ်ထားလို့ရပါတယ်။
- - အရုပ်လို၊ ဆုတံဆိပ်လို အလှပြပစ္စည်းများ ကိုတံခါးပါဘီဒိုထဲထားပါ (သို့) ပလတ်စတစ်နဲ့လုပ်ထားပါ။
- - စားပွဲခင်း ကိုပလတ်စတစ်သုံးတာကောင်းပါတယ်။
- -
ဖြစ်နိုင်လျင်စားပွဲပေါ်မှာ သွားရည်စာ ပုလင်းတွေ ဗူးတွေမထားပါနဲ့ ။
- -
တီဗွီ၊
စလောင်း၊ အဲယားကွန်း ရီမုဒ်ကွန်ထရိုးတွေကို
ပလတ်စတစ်အိတ်ထဲထည့်သုံးပါ။
- - ဆိုဖာ၊ ထိုင်ခုံ တွေကို ပလတ်စတစ်၊ သားရေ၊ သစ်သား တွေပဲသုံးတာကောင်းပါတယ်။
- - ဒီကာလမှာ ကော်ဇော၊ မသုံးတာပိုကောင်းပါတယ်။
- -
ခြေသုတ်ခုံတွေကို
ရေဆေးလို့ရတဲ့ ပစ္စည်းသုံးတာကောင်းပါတယ်။ ဖုန်မခါပါနဲ့ ။
ပိုးတွေရှိလျင် ကြာရှည် အသက်မရှင်နိုင်အောင်
- - လေဝင်လေထွက်ကောင်းအောင် နှင့် နေရောင်ခြည် သို့မဟုတ် အလင်းရောင် ကောင်းကောင်းဝင်နိုင်အောင် ပြူတင်းပေါက်များ လိုက်ကာများကို မကြာမကြာဖွင့်ပေးပါ။
- -
အိမ်ကို နေ့စဉ်မှန်မှန် သန့်ရှင်းရေးလုပ်ပါ။
- -
အဲယားကွန်းသုံးလျင် လေစစ်ကို မှန်မှန် သန့်ရှင်းရေးလုပ်ပါ။
Dettol
ဖျန်းဆေးနဲ့ဖျန်းလျင် COVID-19 သေပါသလား။
တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့စမ်းသပ်ထားရာမှာတော့ Dettol ဖျန်းဆေး တွေက အဲဒီဗိုင်းရပ်စ်တွေကိုသေစေနိုင်ပါတယ်။
ဒါပေမယ့် COVID-19 ဗိုင်းရပ်စ်ပိုးတဲ့ စမ်းသပ်ထားတာတော့မရှိသေးပါဘူးလို့
Dettol ဆေးထုတ်တဲ့ကုမ္ပဏီကဆိုထားပါတယ်။
ဒေါက်တာအောင်
11-04-2020
မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်
ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်ချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ရောဂါထိန်းချုပ်ရေးဗဟို (ယူအက်စ်အေ) CDC (USA) , ရောဂါထိန်းချုပ်ရေးဗဟို
(ဥရောပသမဂ္ဂ) eCDC (EU) တို့ကထုတ်ပြန်ထားတဲ့ အကြံပြုချက် လမ်းညွှန်ချက်များမှ
ပြန်လည်ကောက်နှုတ် ဖေါပြပါတယ်။