Covishield ကိုဗစ်-၁၉ ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး ထိုးကြမှာလား ၂ )
မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့ ကိုဗစ် ကာကွယ်ဆေးကတော့ Covishield ဆိုတဲ့ Serum Institute ကထုတ်တဲ့ဆေးပါ။ အနောက်နိုင်ငံတွေမှာ Oxford-AstraZeneca vaccine လို့ခေါ်ကြပြီး အိန္ဒိယက ထုတ်လုပ်ခွင့်လိုင်စင်နဲ့ ထုတ်တာပါ၊ The ChAdOx1 vaccine လို့လည်းခေါ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း အသက် ၁၈ နှစ်နှင့်အထက် လူကြီးများမှာ အရေးပေါ်အခြေအနေမှာ သုံးဖို့ခွင့်ပြုထားပါတယ်။
နောင်ထပ်ရောက်လာမည့်ဆေးတွေက တခြားနိုင်ငံတွေ ကုမ္ပဏီကဆေးတွေလည်းဖြစ်နိုင်လို့ အချက် အလက်တွေ အနည်းအများကွာနိုင်ပါတယ်။
Covishield ခေါ် The ChAdOx1 vaccine
VACCINE NAME: AZD1222 (also known as Covishield in India)
EFFICACY: 62% to 90%, depending on dosage
DOSE: 2 doses, 4 weeks apart
TYPE: Muscle injection
STORAGE: Stable in refrigerator for at least 6 months
ဆေးအကြောင်းအကျဉ်း
Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) ကာကွယ်ဆေးကို Jenner Institute နဲ့ the Oxford Vaccine Group တို့ကပညာရှင်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ The Oxford COVID-19 vaccine team အဖွဲ့က သုတေသနပြုထုတ်လုပ်တာပါ။
ကာကွယ်မှု။ ဆေးထိုးတဲ့ အကြိမ်ရေ၊ ပမာဏနဲ့ ခြားတဲ့ ကာလပေါ်တည်လို့ ၆၂ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိအကာကွယ်ပေးပါတယ်၊။
ပမာဏနဲ့ အကြိမ်ရေ။ မြန်မာပြည်မှာထိုးမှာက ၀.၅ စီစီဆေးရည်ကို ရက်သတ္တလေးပတ်ခြားပြီး နှစ်ကြိမ်ထိုးမှာပါ။
ဘယ်နေရာကိုထိုးမှာလဲ။ လက်မောင်းကြွက်သားထဲကိုထိုးမှာပါ။
သိုလှောင်မှု။ သာမန်ရေခဲသေတ္တာအပူချိန် ၂-၈ ံ စင်တီဂရိတ်မှာ ၆ လအထိထားနိုင်ပါတယ်။
နည်းပညာ
![]() |
A diagram showing how the Oxford COVID-19 vaccine works. A chimpanzee adenovirus is used in the ChAdOx1 viral vector, engineered to match the SARS-CoV-2 spike protein. |
![]() |
ချင်ပန်ဇီက ဗိုင်းရပ်အခွံကိုငှားပြီး ကိုဗစ်ဗိုင်းရပ် အချွန်အတက်ပရိုတိန်ထည့်ကာ ကာကွယ်ဆေးထုတ်လုပ်ပြီး အကာကွယ်ပေးပုံအဆင့်ဆင့် |
ကာကွယ်ဆေးထိုးလိုက်တဲ့အခါ အကာကွယ်ပေးပုံ
Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) တွင်ပါဝင်သောပစ္စည်းများ
ကာကွယ်ဆေး ၀.၅ စီစီမှာ COVID 19 Vaccine (ChAdOx1-S* recombinant) ဆိုတဲ့ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ် အစိပ်အပိုင်းပေါင်း ၅၀,၀၀၀,၀၀၀,၀၀၀ ပါပါမယ် ။ အဲဒီအထဲမှာ အထက်ကရေးထားသလိုပဲ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ချင်ပင်ဇီရဲ့ Adenovirus နဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ surface spike protein ပရိုတိန်းတွေပါပါမယ်၊။
တခြားပါဝင်တဲ့ပစ္စည်းတွေကတော့
- L-histidine
- L-histidine hydrochloride monohydrate
- magnesium chloride hexahydrate
- polysorbate 80
- ethanol
- sucrose
- sodium chloride
- disodium edetate dihydrate
- water for injections
လိုင်စင်
အခုအချိန် ထိ ယူကေ၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ မက္ကဆီကို စတဲ့နိုင်ငံတွေမှာ အရေးပေါ်အနေနဲ့ သုံးခွင့်လိုင်စင်ထုတ်ပေးထားပါတယ်။
လိုင်စင်က ဘာလို့ အရေးပေါ်အခြေအနေမှာသုံးဖို့ပဲဖြစ်နေရတာလဲ။
ကာကွယ်ဆေးတခုထုတ်ဖို့ သုတေသနဆင့်ဆင့်နဲ့ ပြန်လှန်သုံးသပ်မှုတွေလုပ်ရတာ နှစ်နဲ့ချီကြာပါတယ်။ အခုကိုဗစ်ကပ်ရောဂါကာလဖြစ်လို့ လုပ်ထုံးလုပ်နည်းတွေကို တတ်နိုင်သလောက် အမြန်ဆုံးပြီးအောင်လုပ်ပြီးအတည်ပြုလို့ အရေးပေါ်အခြေအနေမှာသုံးခွင့်ပြုတဲ့ လိုင်စင်လို့ဆိုတာပါ။ ပုံမှန်အတိုင်းသုတေသနနဲ့ သုံးသပ်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ပုံမှန်လုပ်ငန်းစဉ်အားလုံးပြီးသွားလို့ ထုတ်ပေးတဲ့လိုင်စင်ကတော့ ရေရှည်ထုတ်လုပ်သုံးစွဲခွင့်လိုင်စင်ဖြစ်သွားမှာပါ၊ တချို့ဆေးတွေကို အရေးပေါ်အခြေအနေမှာ သုံးရင်းဆက်လုပ်တဲ့ သုတေသနရလာဒ်တွေအရ ထုတ်လုပ်သုံးစွဲမှုကိုရပ်လိုက်ရတာတွေရှိပါတယ်။ H1N1 ကပ်ရာဂါကာလတုန်းကပါ။
ဒီဆေးကို နှစ်စဉ်ထိုးဖို့လိုကောင်းလိုနေမှာပါ။ အဲဒီအတွက်လိုင်စင်ကတော့ နောက်မှထွက်လာမှာပါ။
ဘေးဥပါဒ်ကင်းရှင်းမှု
- ကိုဗစ်ရောဂါအလွယ်တကူ ကူးစက်ခံရနိုင်သူများ
- ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ ဗော်လံတီယာများ၊ ကိုဗစ်ကူးစက်မှုကာကွယ်ရေး ရှေ့တန်းမှဆောင်ရွက်နေသူများ၊
- နေရာတခုတည်းတွင် အများကြီးစုပေါင်းနေရသူများ၊ ဥပမာ အကျဉ်းထောင်၊ လူအိုရုံ၊ အဆောင်နေဝန်ထမ်းများ
- အများပြည်သူအတွက် လုပ်ငန်းများတွင် အရေးပါသူများ
- ဥပမာအုပ်ချုပ်ရေး စီမံခန့်ခွဲရေး အကြီးအကဲများ၊ လဝကနှင့် လုံခြုံရေး ဝန်ထမ်းများ ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှဝန်ထမ်းများ
- အများပြည်သူနှင့် အထိတွေ့များသောလုပ်ငန်းများတွင်လုပ်ဆောင်နေသူများ။
- ဥပမာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံသ၊
- ကိုဗစ်ရောဂါကူးစက်ခံရလျင် ပိုမိုဆိုးရွားစွာခံစားရနိုင်သူများ
- သက်ကြီးရွယ်အိုများ၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ အဆုတ် ၊ ကျောက်ကပ် ရောဂါ, ကင်ဆာ၊ စသည့်နာတာရှည်ရောဂါရှိသူများ
ကိုယ်ခံအားချို့တဲ့သူ၊ ကိုယ်ခံအားဖိနှိပ်ဆေးသောက်နေရသူများမှာ ကာကွယ်ဆေးထိုးတဲ့အခါ သာမန်သူများလို့ ကိုယ်ခံအားထွက်နိုင် မထွက်နိုင်တော့မပြောနိုင်တဲ့အတွက် မိမိတို့သက်ဆိုင်ရာဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်)
ဘယ်သူတွေ ဆေးမထိုးသင့်ဘူးလဲ
- ကိုဗစ်-၁၉ ရောဂါ အတည်ပြုခြင်းခံထားရသူများ၊ သံသယလူနာများနှင့် ရောဂါလက္ခဿာသက်သာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးသောသူများ။
- ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာ ရှိသူများ ( ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံအရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်)
- နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်များ
- အသက် ၁၈နှစ်အောက်လူငယ်များ
ဆေးမထိုးမီ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို အသိပေးစရာများ.
- အရင်က တခြားဆေးတခုခုနဲ့ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်ဖူးလျင်၊ (ထိုးသင့်မသင့်ပြန်သုံးသပ်နိုင်ရန်)
- လောလောဆယ် ကူးစက်ရောဂါတခုခုဖြစ်နေလျင်၊ ကိုယ်အပူချိန် ၃၈ံ (၁၀၀.၄ ံ)ထက်များနေလျင်၊( နေကောင်းပြီး ၂ ပတ်ကြာမှဆေးထိုးရန်)
- သာမန် မပြင်းထန်တဲ့ နှာစေးချောင်းဆိုး၊ ကိုယ်နွေးရုံလောက်ဆိုလျင် ဆေးထိုးလို့ရပါတယ်။ (ကိုဗစ်လို့သံသယရှိလျင်တော့ထိုးပေးမှာမဟုတ်ပါ)
- အလွယ်တကူသွေးခြေဥတတ်၊ သွေးမတိတ်တတ်သူ၊ သွေးမတိတ်ဆေး၊ သွေးကျဲဆေးသာက်နေလျင် (ဆေးထိုးလို့ရသော်လည်း သွေးတိတ်မတိတ် စောင့်ကြည့်ရန်လို)
- လက်ရှိ မိမိသောက်နေတဲ့ဆေးတွေကို အသိပေးပါ။
- မိမိမှာကိုယ်ခံအားကျတဲ့အခြေအနေရှိလျင်၊ ကိုယ်ခံအားဖိနှိပ်တဲ့ဆေးများ၊ စတီးရွီုက်၊ ကင်ဆာဆေးများသုံးနေလျင်၊ မိမိတို့ကုသမှုခံယူနေသာ သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ညွှန်ကြားမှုကိုရယူပါ
တခြားဆေးများနဲ့ဒီကာကွယ်ဆေးအကြား ဓါတ်ပြုမှုပြသနာရှိတယ်လို့တော့ မတွေ့ရသေးပါ။
အဖြစ်များသောလက္ခဏာများ (ဆေးထိုးသူဆယ်ယောက်လျင် ခံစားရသူတယောက်ထက်ပိုနိုင်)
- ဆေးထိုးသောနေရာတွင် နာခြင်း၊ ပူနွေးနေခြင်း၊ နီရဲ၊ ယားယံ၊ ရောင်ကိုင်း၊ သွေးခြေဥ
- ကိုယ်လက် မအီမသာဖြစ်ခြင်း
- နုံးချိ၊ နွမ်းနယ်ခြင်း
- ဖျားချင်သလိုဖြစ်၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ချင်သလိုဖြစ်ခြင်း
- အဆစ်အမြစ်များ၊ ကြွက်သားများနာကျင်ခြင်း
- ဆေးထိုးသောနေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း
- ကိုယ်ပူဖျားနာခြင်း
- ပျို့အန်ခြင်း
- တုပ်ကွေးလက္ခဏာများဖြစ်သော ကိုယ်ပူ၊ လည်ချောင်းနာ၊ နှာရည်ကျ၊ ချောင်းဆိုး၊ ချမ်းတုံ များဖြစ်ခြင်း။
ဖြစ်ခဲသောလက္ခဏာများ (ဆေးထိုးသူတစ်ရာလျင် ခံစားရသူတယောက် ထက်နည်း)
- မူးဝေခြင်း
- ခံတွင်းပျက်ခြင်း
- ဗိုက်အောင့် ဗိုက်နာခြင်း
- သွားငံရည်အကျိတ်များယောင်ခြင်း
- ချွေးထွက်လွန်ခြင်း၊ အရေပြားယားယံပြီး အကွက် အပိန့်များထွက်ခြင်း
ဆေးထိုးပြီးလျင် လုပ်ဆောင်ရန်။
- ဆေးထိုးပြီး နာရီဝက် ကြာအထိ သတ်မှတ်ထားတဲ့ နားနေခန်းမှာ နားနေပါ။ ကိုဗစ်ကူးစက်မှု ကာကွယ်နည်းများဆက်လက်ဆောင်ရွက်ပါ။
- အထက်ဖေါ်ပြပါ လက္ခဏာတခုခုကိုခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို သတင်းပို့ပါ၊
- ကျန်းမာရေးဝန်ထမ်းက စစ်ဆေးပြီး လိုအပ်လျင် ဆေးပေးပါမယ်။ (အများစုကိုတော့ လက္ခဏာသက်သာစေတဲ့ ပါရာစီတမောလို ဘာမီတွန်လိုဆေးမျိုးပဲပေးမှာပါ) ပုံစံတချို့ကိုဖြည့်ခိုင်းပါလိမ့်မည်။
- ပထမအကြိမ်ဆေးထိုးပြီးသော်လည်း ကိုယ်ခံအားက ချက်ချင်းမရသေးသဖြင့် ကိုဗစ်ရောဂါကူးစက်မခံရအောင် ကာကွယ်နည်းများကို ဆက်လက်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။
- စောင့်ကြည့်ချိန် လွန်ပြီး အိမ်မပြန်မီ ဆေးထိုးမှတ်တမ်း ကိုရယူဖို့အရေးကြီးပါတယ်။
- အိမ်ရောက်လျင်လည်း မပျောက်အောင်သေချာသိမ်းထားရပါမယ်။
- ဒုတိယအကြိမ်ဆေးထို့ဖို့ဒီမှတ်တမ်းက မရှိမဖြစ်လိုမှာဖြစ်သလို
- နှစ်ကြိမ်လုံးထိုးပြီးသူများကလည်းနောင်တွင် ခရီးသွားလာတဲ့အခါ ဒီလက်မှတ်ကို လိုအပ်လာနိုင်ပါတယ်။
ဒုတိယအကြိမ်ထိုးဆေး
- ပထမအကြိမ်ဆေးထိုးပြီး ရက်သတ္တ လေးပတ်အကြာမှာ ဒုတိယဆေးကိုထိုးရမှာပါ.
- ဒုတိယဆေးထိုးပြီးမှ ကိုယ်ခံအားထွက်ရှိမှုပိုကောင်းမှာပါ။
- အကယ်၍ ဒုတိယဆေးထိုးချိန်မှာ နေမကောင်းဖြစ်နေလျင် ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ရက်ချိန်း အသစ်ယူပါ။
- ပထမဆေးထိုးပြီး ရက်သတ္တ ၁၂ ပတ် အတွင်းမှာတော့ ဖြစ်ရပါမယ်။
ဒေါက်တာအောင်
၂၅-၀၁-၂၀၂၁
https://b-wise-2b-healthy.blogspot.com/2021/01/covishield.html
ကျမ်းကိုးများ
https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext
https://www.cdc.gov/coronavirus/2019-ncov/hcp/clinical-care/late-sequelae.html
https://www.nhs.uk/conditions/coronavirus-covid-19/long-term-effects-of-coronavirus-long-covid/
https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/information-for-uk-recipients-on-covid-19-vaccine-astrazeneca
https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext
https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/summary-of-the-public-assessment-report-for-astrazeneca-covid-19-vaccine
https://www.research.ox.ac.uk/Article/2020-07-19-oxford-covid-19-vaccine-trials
https://www.mohs.gov.mm/ckfinder/connector?command=Proxy&lang=en&type=Main¤tFolder=%2FNews%2FNews_2021%2FJan_2021(B)%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=CVD_FAQ_Part(2).pdf