ကိုဗစ်ကာကွယ်ဆေးထိုးကြမှာလား
ဆေးတခု ကုထုံးတခုကို သုံးမသုံး ဆုံးဖြတ်လျင် အကျိုးနဲ့ အပြစ်ကို ချိန်ထိုးပြီး ဆုံးဖြတ်ရတာပါ။
#ဆေးထိုးလျင်
ကိုဗစ်ကာကွယ်ဆေးထိုးတယ်ဆိုတာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရလျင် ပိုးကိုချက်ချင်းသတ်နိုင်တဲ့ကိုယ်ခံအားရအောင် ကြိုတင်ပြင်ဆင်ထားတာပါ။
ကိုဗစ်ကာကွယ်ဆေးထိုးလျင် ရာနှုန်းပြည့်ဘေးကင်းမယ်၊ ရာနှုန်းပြည့်ကာကွယ်တယ် လို့ အာမ မခံပါ။
လက်ရှိအတည်ပြုထားပြီးသား ကို ဗစ်ကာကွယ်ဆေးတွေကို လုံလောက်တဲ့ သုတေသနအဆင့်ဆင့်လုပ်ထားလို့ #ပုံမှန်အားဖြင့်အန္တရာယ်မရှိပါ။
ဆေးထဲပါတဲ့ပစ္စည်းနဲ့ ဓါတ်မတည့်သူတွေမှာတော့ သာမန် အင်ပြင်ထတာကနေ ဆိုးရွားတဲ့ ဓါတ်မတည့်မှူအထိဖြစ်နိုင်ပါတယ်။ အလွန်တော့ရှားပါတယ်။
မြန်မာပြည်ကို ပထမဆုံးရောက်လာတဲ့ Covidshield ( Oxford-AstraZenica) ဆေးက ရောဂါကူးစက်မှုကို
ရာခိုင်နှုန်း ၇၀ ကနေ ၉၀ အထိ ကိုဗစ်မကူးအောင်ကာကွယ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ဆေးက ကိုယ်ခံအားကိုလှုံ့ဆော်ပေးလို့ ကိုယ်လက် မအီမသာဖြစ်တာ ကိုယ်ပူခေါင်းကိုက်တာ အနည်းအများဖြစ်တတ်ပေမယ့် နှစ်ရက်သုံးရက်သာကြာပြီး အန္တရာယ်မရှိကြပါ။
အခုထိ အဲဒီဆေးထို့လို့ သေတဲ့သူမရှိသေးပါ။
မူလက အလာဂျီဆိုတဲ့ ဓါတ်မတဲ့အခံရှိသူတွေအတွက်တော့ သတိထားရပါမယ်။
အလာဂျီက ဘယ်လောက်ဆိုးလဲ။
အနောက်နိုင်ငံမှာ သူတို့လူတွေရဲ့အလာဂျီအခံက အတော်ဆိုးပါတယ်။
မြန်မာပြည်လိုမဟုတ်
သူတို့ခမျာ မြေပဲကလေး အဆီကလေး တစက် နှစ်စက် ပါလို့မိနစ်ပိုင်းအတွင်းမျက်လုံးပိတ်အောင်ရောင်ကိုင်းပြီးအသက်ရှူကြပ်ကာ သေသူတွေရှိပါတယ်။
သာမန်ပျားတုပ်တာနဲ့သေတဲ့သူ၊ ကြက်ဉစားပြီး တကိုယ်လုံးအပိန့်တွေထလာသူ၊ စသည်ဖြင့် သွားလေရာ EpiPen ဆိုတဲ့ထိုးဆေးအဆင့်သင့်ယူသွားရသူ၊ မတည့်တဲ့စာရင်းလုပ်ပြီး လက်ပတ်လုပ်ပတ်ထားရသူတွေရှိပါတယ်။
ကျနော်တို့မြန်မာတွေမှာ အဲလိုဖြစ်တာမရှိသလောက်ပါ။
အင်ပြင်အပိန့်တွေထတာ ယားယံတာ၊ မျက်ခွံ နည်းနည်ရောင်တာလောက်နဲ့ပြီးသွားကြတာများပါတယ်။
သွေးနှောတွေများလာရင်တော့ အလာဂျီဆိုးဆိုးတွေရလာနိုင်ပါတယ်။
ဆေးမထိုးလျင်ဘာဖြစ်မှာလည်း။
#ကူးစက်မှု
- မြန်မာမှာ တနေ့လျင် ပိုးတွေ့သူ ၅၀၀ ဝန်းကျင်ရှိပါတယ်။
- ပိုးတွေသူတွေရဲ့ ၆၃ ရာနှုန်းမှာ ရောဂါလက္ခဏာ လုံးဝမပြလို့ လူတွေကြားထဲ လူကောင်းလိုလျှောက်သွားနေသူတွေထဲမှာ ပိုးရှိသူတွေ ရှိနေနိုင်လို့
- လောလောဆယ်မှာ အပြင်လူနဲ့ ထိတွေ့သူတိုင်း ကူးစက်ခံရမည့်အန္တရာယ်ကတော့ ရှိနေပါတယ်။
- မကြာမီ ပိတ်ဆို့ထားတာတွေကိုဖွင့်လျင် ထပ်တက်လာမှာပါ။
ဥပမာ မလေးရှားမှာ ကူးစက်မှု ရုတ်တရက် ပြန်တက်လာတာ တနေ့ သုံးလေးထောင်ဖြစ်သွားပါပြီ။
#ကူးစက်ခံရပြီး၊ နာလံထပြီး နောက်ဆက်တွဲ
- ကူးစက်ခံရလျင် လူတိုင်းရောဂါလက္ခဏာမခံစားရသော်လည်း လူငယ်တွေတောင် ဆိုးရွားတဲ့ လက္ခဏာခံစားရတာကနေ သေဆုံးသည်အထိ ရှိပါတယ်။
- အသက်ကြီးသူ ရောဂါအခံရှိသူတွေ အသက်အန္တရာယ်ပိုရှိပါတယ်။
- လက်ရှိမြန်မာပြည်မှာ ပိုးတွေ့သူရဲ့ #၂.၂၂ရာနှုန်းသေဆုံးမှုရှိပါတယ်။။
- ရောဂါပျောက်ကင်းပြီးနောက်ပိုင်းမှာ တောင် နောက်ဆက်တွဲ ကျန်းမာရေးပြသနာခံစားရတာတွေ အများအပြားတွေ့နေရပါတယ်။
ဒီတော့ ဆေးထိုးလျင် ရမည့်အကျိုးနဲ့ ဆိုးကျိုး၊ ဆေးမထိုးလျင် ကူးစက်နိုင်ရခြေ၊ ရောဂါခံစားရနိုင်မှုနဲ့ အသက်အန္တရာယ် ၊
ကိုယ့်ဘာသာချင့်ချိန်ကြည့် အသိသာကြီးပါ။
ဆေးလောကမှာ ရာနှုန်းပြည့်အာမခံတာဆိုလို့ "အရှင်မွေးသူတိုင်း တနေ့သေမည်" ဆိုတာတခုပဲရှိပါတယ်။
လောလောဆယ်ရောက်လာပြီး စထိုးတော့မယ့် ကိုဗီရှီး ဆေးအကြောင်းသတ်သတ်ရေးပေးပါမယ်။
ဒေါက်တာအောင်
24-01-2021
https://b-wise-2b-healthy.blogspot.com/2021/01/blog-post.html
No comments:
Post a Comment