Wednesday 13 November 2019

ကိုယ့်မှာ ဆီးချိရောဂါဖြစ်နိုင်တဲ့ အခွင့်လမ်း ဘယ်လောက်ရှိတယ်ဆိုတာကိုတွက်ကြည့်မယ်

ကိုယ့်မှာ ဆီးချိရောဂါဖြစ်နိုင်တဲ့ အခွင့်လမ်း ဘယ်လောက်ရှိတယ်ဆိုတာကိုတွက်ကြည့်မယ်

ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုတွေကြားမှာ ကျင်လည်ကြတဲ့ ဒီနေ့ခေတ်မှာ ဆီးချိုရောဂါဆိုတာ  လူတိုင်းအတွက် မစိမ်းတော့တဲ့ရောဂါတခုပါ။ 
နိုဝင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် ကမ္ယာ့ဆီးချိုရောဂါနေ့ လှုပ်ရှားမှူဝဘ်ဆိုဒ်ကို  အပြည်ပြည်ဆိုင်ရာဆီးချိုရောဂါအဖွဲ့ချုပ် International Diabetes Fedreation  ကတင်ထားပါတယ်။

မြန်မာလိုဖတ်လို့ရမလား

ဝဘ်ဆိုဒ်ကိုမြန်မာလို ဖတ်ချင်လျင်တော့  Google Chrome web Browser မှာဖွင့်ပြီး မြန်မာဘာသာကိုအလိုလျှောက်ပြန်ခိုင်းလို့ရပါတယ်။

ယူနီကုဒ်နဲ့မှ ဖတ်လို့ရမှာဖြစ်ပါတယ်။
Google Chrome web Browser မှာ မြန်မာ လို့ဘာသာပြန်လို့ရအောင်လုပ်နည်းကိုဒီ ဗွီဒီယိုမှာ ကြည့်ပါ။
Android phone နဲ့ tablet တွေ အတွက်
https://youtu.be/yRqXL3Rhjlg

iPhone iPad တွေ အတွက်
https://youtu.be/qbDsSwxPg28


အဲဒီ ကမ္ယာ့ဆီးချိုရောဂါနေ့ လှုပ်ရှားမှူဝဘ်ဆိုဒ်ထဲမှာ ပြောထားတာက
(၁) အချိန် ၈ စက္ကန့်တိုင်း လူတယောက် ဆီးချိုကြောင့်သေဆုံးနေတယ်။
(၂) ဆီးချိုကြောင့် မျက်စိကွယ်ခြင်း၊ ခြေလက်ပုပ်၍ဖြတ်တောက်ပြစ်ရခြင်း၊ နှလုံး၊ ကျောက်ကပ်တို့ကိုထိခိုက်ခြင်း စတဲ့ နာတာရှည်ရောဂါတွေဝင်ကာ အသက်တိုစေပါတယ်၊
(၃) အဖြစ်များတဲ့ ဆီးချိုရောဂါ (အမျိုးစား ၂ ) ရဲ့  ၅၀ ရာနှုန်းကို မဖြစ်အောင် သို့မဟုတ် ဖြစ်တာနောက်ကျအောင်  ကာကွယ်လို့ရပါတယ် လို့ဆိုပါတယ်။

အဲဒီဝဘ်ဆိုဒ် https://worlddiabetesday.org ထဲမှာ လူတိုင်းလူတိုင်း ဆီးချိုရောဂါဖြစ်နိုင်ခြေ ဘယ်လောက်ရှိနေတယ်ဆိုတာကိုတွက်လို့ရပါတယ်။

 ကိုယ့်အတွက် ဆီးချိုရောဂါ အမျိုးစား ၂ ဖြစ်နိုင်ခြေကိုတွက်ဖို့  တိုက်ရိုက်လင့်  https://www.idf.org/type-2-diabetes-risk-assessment/ မှာ၊ အောက်ပါအချက်အလက် တွေကိုဖြည့်ပေးရပါမယ်။
၁. အသက်
၂. BMI (အရပ်နဲ့ ကိုယ်အလေးချိန်ကို ဖြည့် လျင် စင်တီမီတာ နဲ့ ကီလိုဂရမ်းကို အင်္ဂလိပ် ဂဏန်းနဲ့ ဖြည့်ပေးဖို့လိုပါတယ်။ မြန်မာဂဏန်းနဲ့ ဖြည့်လျင် တွက်ထားတဲ့ BMI ကိုဖတ်မရပါ။ ဒါပေမယ့် ဘယ်အုပ်စုထဲမှာ ပါတယ်။ ဘယ်ထဲမှာဖြည့်ပါလို့တော့ ပြပါသေးတယ်။ )
၃. ခါးလုံးပတ် ( waist cricumference) 
၄. ကိုယ်လက်လှုပ်ရှားမှု
၅. အသီးအရွက်စားသုံးမှု
၆. သွေးတိုးရောဂါ အခြေအနေ
၇. သွေးထဲမှာ သကြားဓါတ်များဖူးသလား
၈. ဆီးချိုမျိုးရိုး

ဘယ်လိုတွက်ကြမလဲ 

တိုက်ရိုက်လင့် https://www.idf.org/type-2-diabetes-risk-assessment/ မှာ၊  " ယခုစတင်ပါ"  "Start Now "  ကိုနှိပ်ပါ။ 




၁။ အသက်
ပြီးလျင် ပထမဆုံးဖြည့်ရမှာက မိမိရဲ့ အသက် ဘယ်အုပ်စုထဲမှာပါလဲဆိုတာပါ။ အသက် ကြီးလေ ဆီးချိုရောဂါဖြစ်နိုင်ခြေကပိုများလေလေပါ။  ပြီးလျင် အောက်က " Next"  ကိုနှိပ်ပါ။



၂။  BMI ( Body mass Index)
လူတွေ အဝလွန်တယ် မလွန်ဘူးဆိုတာကို ကိုယ်အလေးချိန်တခုတည်းနဲ့ပြောလို့မရပါဘူး။ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကိုအချိုးချထားတဲ့ BMI နဲ့ပြောပါတယ်။ အနောက်နိုင်ငံသားတွေအတွက် BMI 25 ကျော်လျင် အဝလွန်တယ် လို့ဆိုပေမယ့် အရိုးသေးတဲ့အာရှတိုက်သားတွေကတော့ BMI  ၂၃ ထက်မကျော်သင့်ပါဘူး။ တွက်နည်းကတော့ 
ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ် (မီတာ) ရဲ့ နှစ်ထပ်ကိန်းနဲ့ အချိုးချပါတယ်။ 
 ရလာတဲ့ ရလာဒ် ယူနစ်က  kg/ m2  ပါ။ 
အဲဒါကိုတွက်ဖို့ နောက်အဆင့်မှာ ကိုယ့်ရဲ့ အရပ် ( စင်တီမီတာ) နဲ့ ကိုယ်အလေးချိန် ( ကီလိုဂရမ်) ကိုဖြည့်ပေးပါ။ 
မြန်မာပြန်ထားတဲ့ ဘရောင်ဇာမှာကိန်းဂဏန်းတွေကို မြန်မာလိုဖြည့်လျင် ထွက်လာတဲ့ BMI  ကိုဖတ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ့် BMI  ကိ ဘယ်အုပ်စုထဲမှာဝင်တယ်၊ ဘယ်မှာဖြည့်ပါလို့တော့ပြပါတယ်၊ 
ဂဏန်းကို English လိုဖြည့်လျင်တော့ကိုယ့် BMI  ကိုပါဖတ်လို့ရပါတယ်။ ပြီးလျင် Next  ကိုနှိပ်ပေးပါ။  မြန်မာပြန်ထားတဲ့ ဘရောင်ဇာမှာ  " Next"  ကအလုပ်မလုပ်လျင် သူ့အောက်က အတုံးကလေးကိုနှိပ်ပေးပါ။  


၃။ ခါးပတ်လည်လုံးပတ် 
ဝမ်းဗိုက်ထဲက အဆီတွေက ဆီးချိုဖြစ်စေတဲ့ တရားခံတွေထဲမှာ တခုပါတာဖြစ်လို့ အဲဒီအဆီတွေဘယ်လောက်များတယ်ဆိုတာကိုခန့်မှန်းဖို့ ခါးပတ်လည်လုံးပတ် ကိုတိုင်ပါတယ်။ အမျိုးသား ဆို ၉၄ စင်တီမီတာ ( အာရှတိုက်သားတွေအတွက် ၈၈ ) အမျိုးသမီးတွေအတွက် ၈၀ စင်တီမီတာထက်မကျော်သင့်ဘူးလို့ဆိုပါတယ်။ 
တိုင်းပုံတိုင်းနည်းကတော့ ကိုယ့်နံရိုးဘေးဖက် အောက်ဆုံးအနားနဲ့ အောက်က တင်ပါးရိုးအပြားရဲ့ အပေါ်အနား၂ ခုအကြားအလယ်အမှတ် ကိုယူပြီး ဘယ်နဲ့ ညာ ၂ ဘက်ကိုပတ်ခြာလည်တိုင်းယူပါ။ 
ရတဲ့ အဖြေ ဘယ်အုပ်စုထဲဝင်တယ်ဆိုတာကိုဖြည့်ပြီး Next  ကိုနှိပ်ပေးပါ။


(၄) ကိုယ်လက်လှုပ်ရှားမှု 
ကိုယ်လက်လှုပ်ရှားမှု နည်းလျင် ဆီးချိုရောဂါဖြစ်ဖို့ အခွင့်လမ်းပိုများလို့ လူတယောက်က တနေ့အနည်းဆုံးနာရီဝက် လှုပ်ရှားမှု ရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ အဲလိုလှုပ်ရှားမှု ရှိ မရှိ ကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်ဖို့ အခွင့်လမ်းကိုတွက်ထဲ့ထဲမှာထည့်ပါတယ်။ 
နေ့စဉ် အလုပ်ထဲမှာ သို့မဟုတ် အလုပ်ချိန်ပြင်ပမှာ ကိုယ်လက်လှုပ်ရှားမှု  တနေ့လျင် နာရီဝက် နဲ့ အထက်ရှိ၊မရှိဖြေပြီး  Next   ကိုနှိပ်ပါ။

(၅) ဟင်းသီးဟင်းရွက် အသီးအနှံစားသုံးမှု 
ကျန်းမာစေတဲ့ အာဟာရ၊ ရေနဲ့ အမျှင် စတာတွေများတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စားသုံးမှုနည်းသူတွေမှာ ဆီးချိုဖြစ်နိုင်ခြေပိုများလို့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့တိုင်းစားမစားဖြေပြီး Next  ကိုနှိပ်ပေးပါ။


(၆) သွေးတိုး
ပုံမှန်ဆေးသောက်ဖို့လိုအပ်တဲ့ သွေးတိုးရောဂါအဆင့်ရှိသူတွေမှာ ဆီးချိုဖြစ်ဖို့နဲ့ တခြားကျန်းမာရေးပြသနာတွေ ပိုများလို့ သွေးတိုးရာဂါအတွက် ဆေးပုံမှန်သောက်နေရခြင်းရှိမရှိ ဖြေပြီး Next  ကိုနှိပ်ပေးပါ။


(၇) အချိုဓါတ်
လူတချို့မှာ သွေးချိုဓါတ် တခါတလေ နည်းနည်းတက်ပြီး ပုံမှန်ကိုပြန်ကျသွားတာမျိုးရှိတတ်ပါတယ်။
အမျိုးသမီးတချို့မှာ ကိုယ်ဝန်ဆောင်စဉ်သကြားဓါတ်များပြီး ကလေးမွေးပြီးနောက်မှာတော့ ပုံမှန်ကိုပြန်ကျသွားတတ်ပါတယ်။ သူတို့မှာ ဆီးချိုဖြစ်ဖို့ အလားအလားပိုများပါတယ်။
အဲလို ကိုယ့်သွေးထဲမှာ ဂလူးကို့စ်သကြားဓါတ်ကိုစစ်ဖူးသူများအတွက် သကြားဓါတ်က တကြိမ်တခါ ပုံမှန်ထက် များဖူးခြင်းရှိမရှိဖြေပြီး Next  ကိုနှိပ်ပေးပါ။


(၈) ဆီးချိုမျိုးရိုးဗီဇ
 ကိုယ့် ရဲ့ ဆွေမျိုး အရင်းအချာတွေမှာ ဆီးချိုရောဂါရှိလျင် ကိုယ့်မှာလည်းအဲလိုဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇပါနေနိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးတွေက နည်းနည်းဝေးတဲ့ သူတွေဆိုလျင်တော့ ကိုယ့်မှာပါတဲ့ ဆီးချို ဗီဇကလည်းအားနည်းပါတယ်။ 
ဆွေမျိုးတွေထဲ ဆီးချိုရောဂါသည်လုံးဝမရှိသူ။
အဖိုးအဖွား၊ ဦးလေး အဒေါ်၊ ဝမ်းကွဲမောင်နှမများ ကဲ့သို့ သောအမျိုးတွေထဲမှာ ဆီးချိုရှိသူ
မိဘ မောင်ဘွား အရင်းအချာ၊ မိမိရဲ့ သားသမီး စတဲ့ အရင်းအချာတွေမှာ ဆီးချိုရှိသူ
စသည်ဖြင့် ဆီးချိုမျိုးရိုးကို ဖြေပေးပြီး အဖြေတွေကိုတင်လိုက်ပါ


အဲဒီအခါ တွက်ပြီးသား ရမှတ်နဲ့ အတူ ကိုယ်ဟာဆီးချိုရောဂါ ဖြစ်ဖို့ အခွင့်လမ်း များလား၊ နည်းလားဆိုတာကိုပြပါတယ်။
တချိန်တည်းမှာပဲ  ကိုယ်လို အနေအထားတဲ့ သူတွေ ဘယ်နှစ်ယောက်မှာ ဘယ်လောက်ဆီးချိုရောဂါ အမျိုးစား ၂ ဖြစ်သွားကြတယ်ဆိုတာပြပါတယ်။
ဘာတွေလုပ်သင့်တယ်ဆို့လည်း အကြံပေးထားပါတယ်။


ဆီးချိုမဖြစ်အောင်ကာကွယ်လို့မရဘူးလား

ဆီးချိုရောဂါ အမျိုးအစား ၂ ရဲ့ ထက်ဝက်လောက်ကိုကာကွယ်လို့ရတယ်လို့ဆိုထားတော့ ဘယ်လို့ကာကွယ်မှာလဲ ဆိုတာမေးစရာပါ။ စောစောက ဖြေခဲ့ရတဲ့ အချက်တွေကိုပြန်ကြည့်လျင် သိနိုင်ပါတယ်။ 
ဆီးချိုဖြစ်စေဖို့ အထောက်အပံ့ပြုတဲ့ အချက်တွေထဲမှာ 
ကိုယ်ပြောင်းလဲလို့မရတဲ့ အချက်တွေကတော့ (၁) အသက် (၂) မျိုးရိုးဗီဇ (၃) သွေးတိုး (၄) အရင်က အချိဓါတ်တက်ဖူးခဲ့ တဲ့ အနေအထား တို့ပါ။
ဒါပေမယ့် (၁) ကိုယ် အလေးချိန် (၂) ဗိုက်ထဲအဆီ (၃) ပုံမှန်ကိုယ်လက်လှုပ်ရှား လုပ်ခြင်း နဲ့  (၄) ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အသီးအနှံ အရွက်တွေကိုစားသုံးခြင်းတို့ ကိုတော့ဘယ်သူမဆိုပြောင်းလဲ လုပ်ဆောင်နိုင်ပါတယ်
ဒီလိုပြောင်းလုပ်ကြည့်တဲ့ အခါ  ( BMI 25  အောက်ကျအောင်၊ ခါးလုံးပတ် ၉၄ စင်တီမီတာ၊ ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး တနေ့နာရီဝက်၊ အသီးအရွက်တွေနေ့တိုင်းစား ) အထက်က အမှတ် ၁၂ ကနေ ၃ ကိုလျော့သွားပါတယ်၊
 ၆ ယောက်မှာ တယောက်  ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့ အုပ်စုကနေ လူ ၁၀၀ မှာ တ ယောက်သာဖြစ်တဲ့နှုန်း ကိုကျသွားပါတယ်။


ဒါကြောင့် ဆီးချိုရောဂါမျိုးရိုးရှိနေသည့်တိုင်အောင်  ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်၊ အသီး အရွက် အနှံတွေ နေ့တိုင်းစား၊ ကိုယ် အလေးချိန်နဲ့ ခါးလုံးပတ်ကို ကျန်းမာသူတွေရှိသင့်တဲ့ အတိုင်းအတာထက် မကျော်စေခြင်းအားဖြင့် ဆီးချိုမဖြစ်အောင်ကာကွယ်နိုင် (သို့) အသက်တော်တော်ကြီးမှ ဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ ‘
ပြောင်းမရတော့တဲ့ သွေးတိုး နဲ့ သွေးအချိုဓါတ်တက်ခဲ့ ဖူးတဲ့ ရာဇဝင်တွေအတွက် လည်း အငံလျှော့စား သွေးကျဆေးမှန်မှန်သောက် ၊ အချိုလျှော့စားခြင်းဖြင့် အထိုက်အလျှောက် အကျိုးရှိစေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံ နေထိုင်စားသောက်ခြင်ဖြင်းဆီးချိုမဖြစ်အောင်ကာကွယ်ကြပါစို့။ 
Dr. Aung 
13/11/2019

Tuesday 5 November 2019

တဆင့်ခံ ဆေးလိပ်ငွေ့ နဲ့ ကျန်းမာရေးပြသနာများ

တဆင့်ခံ ဆေးလိပ်ငွေ့ နဲ့ ကျန်းမာရေးပြသနာများ

ကျနော်ဆေးလိပ်ပြတ်သွားတာ ၂ နှစ်ရှိပါပြီ၊ အရင်က တရက် ကို တဗူးကုန်ပါတယ်။ 
တယ်ဟုတ်ပါလား၊ ဘယ်လိုဖြတ်လိုက်တာလဲဗျ။ 
ကျနော့ အမျိုးသမီးကိုယ်ဝန်ရတော့ ကျနော်ဆေးလိပ်သောက်နေရင် မိန်းမကိုသာမက ကလေးကိုပါ ကျန်းမာရေးထိခိုက်တယ်ဆိုလို့  ကျနော့ရင်သွေးကလေးကို လူမဖြစ်ခင်ကတည်းက ကျနော့ဆေးလိပ်ငွေ့နဲ့ ဒုက္ခပေးနေမိမှာစိုးလို့ဖြတ်လိုက်တာပါ။
စိတ်ပါလက်ပါဖြတ်ချင်တာဆိုတော့ မခက်ပါဘူး ။ ဖြတ်ကာစ ၂ လလောက်ပဲ နေရနည်းနည်းခက်ပါတယ်။  
ဒါကတော့ တနေ့က တွေ့ခဲ့တဲ့လူနာတယောက်ပြောပြတာပါ။ 




Second-hand smoke နဲ့ passive smoker or involuntary smoker များရဲ့ကျန်းမာရေးပြသနာများ


Second-hand smoke (တဆင့်ခံ ဆေးလိပ်ငွေ့) SHS ဆိုတာ

နှစ်မျိုးရှိပါတယ်။
၁။ မိမိကိုယ်တိုင်ဆေးလိပ် မသောက်ပါပဲနှင့် မိမိထံရောက်လာသော သူတပါးသောက်သော ဆေးလိပ်၊ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံစသည်တို့မှ ဆေးရွက်ကြီးကို မီးလောင်ပြီးထွက်လာသော အခိုးအငွေ့၊ (Mainstream smoke: )
၂။ ဆေးလိပ်သောက်သောသူက ရှူထုတ်လိုက်သောလေထဲတွင်ပါသောဆေးရွက်ကြီး မီးခိုးငွေ့ပါသောလေ၊ ကို တဆင့်ခံ ဆေးလိပ်ငွေ့ လို့ခေါ်ပြီး အဲလိုရှူရှိုက်မိတာကို တဆင့်ခံဆေးလိပ်ငွေ့ကိုရှူမိခြင်း (Sidestream smoke) တို့ကို Second-hand smoke  လို့ခေါ်ပါတယ်။




  • အဆိုပါ ဆေးလိပ်အငွေ့တွင် ပါဝင်သောဓါတုပစ္စည်းပေါင်း ၇၀၀၀ ကျော်တွင် လူကိုအန္တရာယ်ပေးနိုင်သောဓါတ် ရာကျော်ပါဝင်ပြီး အနည်းဆုံးအမျိုး ၇၀ က တော့ ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်
  • ဤအဆိပ်ငွေ့ပါ ဆေးလိပ်ခိုးများကိုရှူရှိုက်မိရာတွင် မည်မျှပင်  အချိန်တိုပါစေ၊ ပမာဏနည်းပါစေ ဘေးအန္တရာယ်ရှိပါတယ်။ 
  • ဆေးလိပ်မသောက်သော်လည်း တဆင့်ခံဆေးလိပ်ငွေ့ကိုရှူမိသူတွေဟာ ဆေးလိပ်ကိုကိုယ်တိုင်သောက်သူလိုပဲကျန်းမာရေးကိုထိခိုက်ခံရပါတယ်။ အဲလိုအငွေ့တွေကို ရှူနေရသူတွေကိုတော့  passive smoker or involuntary smoker လို့ခေါ်ကြပါတယ်။ 
  • ကမ္ဘာမှာ တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရှိုက်ရလို့ ကျန်မာရေးထိခိုက်ပြီး အရွယ်မတိုင်မိသေဆုံးသူ နှစ်စဉ် ခြောက်သိန်းလောက်ရှိပြီး ထက်ဝက်ကျော်က အမျိုးသမီးတွေပါ။
  • နိုင်ငံအများစုမှာ အသက်  ၁၃ နှစ်ကနေ ၁၅ နှစ်အကြေား ကလေးတွေရဲ့ သုံးပုံတပုံကျော်ဟာ သူတို့ရဲ့နေအိမ်တွေမှာ တဆင့်ခံ ဆေးလိပ်ငွေ့တွေကို ရှူနေကြရတယ်လို့ WHO  ကဆိုပါတယ်။


ဆေးလိပ်ငွေ့ကြောင့်ဖြစ်စေတဲ့ ကင်ဆာရောဂါများ

  • ဆေးလိပ်ငွေ့ကြောင့်ဖြစ်စေတဲ့ ကင်ဆာရောဂါတွေကိုတော့ ဆေးလိပ်သောက်သူသာမက တဆင့်ခံဆေးလိပ်ငွေ့ကိုရှူုရသူတွေပါရနိုင်ပါတယ်။
  • အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာ ပါ။ ဆေးလိပ်ငွေ့ကြောင့်ဖြစ်တဲ့တခြားကင်ဆာတွေကတော့
  • အသံအိုး၊ လည်ချောင်း၊ နှာခေါင်းဘေးအရိုးခေါင်းပွအတွင်းမြှေး၊ ဦးနှောက်၊ ဆီးအိမ်၊ မစင်အိမ်၊ အစာအိမ်၊ ရင်သား  ကင်ဆာများ ။
  • ကလေးတွေမှာ သငံရည်ကျိတ် ကင်ဆာ၊ သွေးကင်ဆာ၊ အသည်းကင်ဆာနဲ့ဦးနှောက်ကင်ဆာ။

တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရသူတွေရနိုင်တဲ့တခြားကျန်းမာရေးပြသနာများ

တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရသူတွေရနိုင်တဲ့တခြားကျန်းမာရေးပြသနာတွေထဲကအဆိုးဆုံးကတော့
  • နှလုံးနဲ့ သွေးကြောတွေကိုထိခိုက်ပြီးရလာတဲ့ နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါနဲ့ လေဖြတ်ခြင်းတို့ပါ။ နောက်ပိုင်းတွေ့ရှိချက်တွေအရ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာရောဂါတွေကိုပ်ဖြစ်စေနိုင်တယ်ဆိုပါတယ်။
  • ကိုယ်ဝန်ဆောင်တွေအဲလို တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရပါက ဝမ်းထဲကသန္ဓေသားကိုပါ ကျန်းမာရေးထိခိုက်ပါတယ်။
  • ကလေးငယ်တွေ တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရပါက လူကြီးများထက် ပိုပြီး ထိခိုက်ခံရပါတယ်။

ကလေးငယ်တွေအတွက် လတ်တလောရတဲ့ ပြသနာတွေကတော့
  • အသက်ရှူလမ်းကြောင်းယောင်ခြင်း ၊ ပိုးဝင်ခြင်း
  • အဆုတ် များ အားနည်းခြင်း
  • ပန်းနာရင်ကြပ်ဖြစ်စေခြင်း၊ မကြာခဏ ရင်ကြပ်ခြင်း
  • တနှစ်အောက်ကလေးများအိပ်နေစဉ် ရုတ်တရက် သေဆုံးခြင်း sudden and unexpected death in infancy (SUDI)
  • နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများရခြင်း။
သူတို့တတွေကြီးလာတဲ့အခါ ငယ်စဉ်ကရှူမိတဲ့ ဆေးလိပ်ငွေ့ကြောင့်ကင်ဆာမျိုးစုံဖြစ်ဖို့ ဘေးပိုများပါတယ်။

ဆေးလိပ်မသောက်ဘဲ အဲလို တဆင့်ခံဆေးလိပ်ခိုးတွေကိုရှူမိနိုင်တဲ့နေရာများ

အလုပ်ခွင်
  • အလုပ်ထဲမှာ ဆေးလိပ်သောက်သူနဲ့ မသောက်သူကို နေရာခွဲထားပေးတာ၊ သန့်စင်စက်တပ်ထားတာ၊ စတာတွေလုပ်ပေမယ့် ဆေးလိပ်သောက်သူတွေနဲ့ အဆောက်အဦတခုထဲမှာ အတူရှိနေသေး၍ ဆေးလိပ်မသောက်သူတွေမှာ တဆင့်ခံဆေးလိပ်ခိုးတွေကြောင့်ရတဲ့ အန္တရာယ်က မလွတ်နိုင်ပါ။ 
  • ဆေးလိပ်ကင်းစင်တဲ့ လုပ်ငန်းခွင် မျိုးဖန်တီးပေးခြင်း။
  •  အလုပ်တွင် ဆေးလိပ်မသောက်သူ ကို တချို့အခွင့်အရေးတွေပိုပေးပေး ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ချင်လာအောင် ဆွဲဆောင်ခြင်းတို့နဲ့ သာ ဆေးလိပ်မသောက်သူတွေကို လုပ်ငန်းခွင်ထဲက တဆင့်ခံဆေးလိပ်ခိုးတွေ အန္တရာယ်က ကာကွယ်ပေးနိုင်မှာပါ။

အများပြည်သူအသုံးပြုရာနေရာများ
အများပြည်သူသုံး ဈေး၊ ပန်းခြံ၊ ရုံး၊ ကျောင်း၊ စားသောက်ဆိုင်၊ ဘတ်စ်ကား၊ ရထား၊ သင်္ဘော စသည့်နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပိတ်ပင်ထားဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းကြပြီး တိုးတက်တဲ့ နိုင်ငံအတော်များများမှာ ကျင့်သုံးနေပြီလည်းဖြစ်ပါတယ်။

နေအိမ်
  • မိမိနေအိမ်မှာ ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်ခြင်းက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် မိသားစုဝင်အားလုံးရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တာပဲဖြစ်ပါတယ်။
  • အခန်းတွဲတိုက်တွေမှာတော့ အဲယားကွန်းလေပိုက်တွေကဖြစ်စေ လျှောက်လမ်း၊ လှေကား ၊ တံခါးကြား၊ နံရံနဲ့ ကြမ်းကြားတွေ ကနေလည်း ဆေးလိပ်ငွေ့ဝင်လာနိုင်တာဖြစ်လို့ တခြားဆေးလိပ်မသောက်သူတွေရဲ့ အခန်းတွေကိုရောက်ရှိဒုက္ခပေးပါတယ်။

ကား
အဲယားကွန်းဖွင့်ထားသည်ဖြစ်စေ မှန်ပြူတင်းတွေဖွင့်ထားသည်ဖြစ်စေ ဆေးလိပ်သောက်သူနဲ့ ကားတစီးထဲမှာ အတူရှိသူအားလုံး အနည်းနဲ့အများ တဆင့်ခံဆေးလိပ်ခိုးကပေးတဲ့ ကျန်းမာရေး ဘေးအန္တရာယ်တွေကို ခံစားရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ပိုခံစားရပါတယ်။

ကာကွယ်နည်းများ

  • အများပြည်သူသုံးတဲ့နေရာများမှာ ဆေးလိပ်သောက်သုံးခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားဆီးခြင်း ။
  • ဆေးလိပ်သောက်သူများအတွက် သီးသန့်နေရာပေးဖို့လိုနိုင်ပါတယ်။
  • ပြည်သူလူထုကို ဆေးလိပ်အန္တရာယ် ပညာပေးခြင်းနဲ့ ဆေးလိပ်ဖြတ်လိုသူတွေကိုကူညီဖို့ ဆေးခန်းများ အသင်းအဖွဲ့များ ဖွဲ့ပေးခြင်း၊
  • ကျောင်းသားလူငယ်များကို ဆေးလိပ်အန္တရာယ် ပညာပေးခြင်းနဲ့ မိဘများကိုပါ ပါဝင်စေခြင်း
  • ဆေးလိပ်ကင်းစင် လုပ်ငန်းခွင် များသတ်မှတ်ခြင်း။
  • ဆေးလိပ်ရောင်းချမှုကို ကန့်သတ်ခြင်း ။
  •  ဆေးလိပ်သောက်သူများ ဆေးလိပ်မဖြတ်နိုင်သေးပါက မိမိတို့နေအိမ်၊ ကား အတွင်းမှာ အခြားသူများ အထူးသဖြင့် ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်များ အနီးမှာ ဆေးလိပ်မသောက်ရန် ပညာပေးခြင်း ။
  • ဘာဥပဒေတွေဘယ်လောက်ထုတ်ထုတ် လူထုရဲ့ ကိုယ်ပိုင်အသိစိတ်ထဲမှာ  ဆေးလိပ်ငွေ့ရဲ့အန္တရာယ်ကို နားလည်သဘောပေါက်ပြီးရှောင်ကျဉ်စေတဲ့ နည်းလောက် ကောင်းတာမရှိပါ။

Dr Aung
05/11/2019

ကိုးကား