ကိုယ့်မှာ ဆီးချိရောဂါဖြစ်နိုင်တဲ့ အခွင့်လမ်း ဘယ်လောက်ရှိတယ်ဆိုတာကိုတွက်ကြည့်မယ်
ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုတွေကြားမှာ ကျင်လည်ကြတဲ့ ဒီနေ့ခေတ်မှာ ဆီးချိုရောဂါဆိုတာ လူတိုင်းအတွက် မစိမ်းတော့တဲ့ရောဂါတခုပါ။
နိုဝင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် ကမ္ယာ့ဆီးချိုရောဂါနေ့ လှုပ်ရှားမှူဝဘ်ဆိုဒ်ကို အပြည်ပြည်ဆိုင်ရာဆီးချိုရောဂါအဖွဲ့ချုပ် International Diabetes Fedreation ကတင်ထားပါတယ်။
မြန်မာလိုဖတ်လို့ရမလား
ဝဘ်ဆိုဒ်ကိုမြန်မာလို ဖတ်ချင်လျင်တော့ Google Chrome web
Browser မှာဖွင့်ပြီး
မြန်မာဘာသာကိုအလိုလျှောက်ပြန်ခိုင်းလို့ရပါတယ်။
ယူနီကုဒ်နဲ့မှ ဖတ်လို့ရမှာဖြစ်ပါတယ်။
Google
Chrome web Browser မှာ မြန်မာ
လို့ဘာသာပြန်လို့ရအောင်လုပ်နည်းကိုဒီ ဗွီဒီယိုမှာ ကြည့်ပါ။
Android
phone နဲ့ tablet
တွေ အတွက်
https://youtu.be/yRqXL3Rhjlg
iPhone
iPad တွေ အတွက်
https://youtu.be/qbDsSwxPg28
အဲဒီ ကမ္ယာ့ဆီးချိုရောဂါနေ့ လှုပ်ရှားမှူဝဘ်ဆိုဒ်ထဲမှာ ပြောထားတာက
(၁) အချိန် ၈ စက္ကန့်တိုင်း လူတယောက်
ဆီးချိုကြောင့်သေဆုံးနေတယ်။
(၂) ဆီးချိုကြောင့် မျက်စိကွယ်ခြင်း၊
ခြေလက်ပုပ်၍ဖြတ်တောက်ပြစ်ရခြင်း၊ နှလုံး၊ ကျောက်ကပ်တို့ကိုထိခိုက်ခြင်း စတဲ့
နာတာရှည်ရောဂါတွေဝင်ကာ အသက်တိုစေပါတယ်၊
(၃) အဖြစ်များတဲ့ ဆီးချိုရောဂါ (အမျိုးစား ၂ ) ရဲ့ ၅၀
ရာနှုန်းကို မဖြစ်အောင် သို့မဟုတ် ဖြစ်တာနောက်ကျအောင် ကာကွယ်လို့ရပါတယ် လို့ဆိုပါတယ်။
အဲဒီဝဘ်ဆိုဒ် https://worlddiabetesday.org
ထဲမှာ လူတိုင်းလူတိုင်း ဆီးချိုရောဂါဖြစ်နိုင်ခြေ
ဘယ်လောက်ရှိနေတယ်ဆိုတာကိုတွက်လို့ရပါတယ်။
၁. အသက်
၂. BMI (အရပ်နဲ့ ကိုယ်အလေးချိန်ကို ဖြည့် လျင် စင်တီမီတာ နဲ့
ကီလိုဂရမ်းကို အင်္ဂလိပ် ဂဏန်းနဲ့ ဖြည့်ပေးဖို့လိုပါတယ်။ မြန်မာဂဏန်းနဲ့ ဖြည့်လျင်
တွက်ထားတဲ့ BMI ကိုဖတ်မရပါ။ ဒါပေမယ့် ဘယ်အုပ်စုထဲမှာ ပါတယ်။ ဘယ်ထဲမှာဖြည့်ပါလို့တော့ ပြပါသေးတယ်။ )
၃. ခါးလုံးပတ် ( waist cricumference)
၄. ကိုယ်လက်လှုပ်ရှားမှု
၅. အသီးအရွက်စားသုံးမှု
၆. သွေးတိုးရောဂါ အခြေအနေ
၇. သွေးထဲမှာ သကြားဓါတ်များဖူးသလား
၈. ဆီးချိုမျိုးရိုး
ဘယ်လိုတွက်ကြမလဲ
တိုက်ရိုက်လင့် https://www.idf.org/type-2-diabetes-risk-assessment/ မှာ၊ " ယခုစတင်ပါ" "Start Now " ကိုနှိပ်ပါ။
၁။ အသက်
ပြီးလျင် ပထမဆုံးဖြည့်ရမှာက မိမိရဲ့ အသက် ဘယ်အုပ်စုထဲမှာပါလဲဆိုတာပါ။ အသက် ကြီးလေ ဆီးချိုရောဂါဖြစ်နိုင်ခြေကပိုများလေလေပါ။ ပြီးလျင် အောက်က " Next" ကိုနှိပ်ပါ။
၂။ BMI ( Body mass Index)
လူတွေ အဝလွန်တယ် မလွန်ဘူးဆိုတာကို ကိုယ်အလေးချိန်တခုတည်းနဲ့ပြောလို့မရပါဘူး။ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကိုအချိုးချထားတဲ့ BMI နဲ့ပြောပါတယ်။ အနောက်နိုင်ငံသားတွေအတွက် BMI 25 ကျော်လျင် အဝလွန်တယ် လို့ဆိုပေမယ့် အရိုးသေးတဲ့အာရှတိုက်သားတွေကတော့ BMI ၂၃ ထက်မကျော်သင့်ပါဘူး။ တွက်နည်းကတော့
ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ် (မီတာ) ရဲ့ နှစ်ထပ်ကိန်းနဲ့ အချိုးချပါတယ်။
ရလာတဲ့ ရလာဒ် ယူနစ်က kg/ m2 ပါ။
အဲဒါကိုတွက်ဖို့ နောက်အဆင့်မှာ ကိုယ့်ရဲ့ အရပ် ( စင်တီမီတာ) နဲ့ ကိုယ်အလေးချိန် ( ကီလိုဂရမ်) ကိုဖြည့်ပေးပါ။
မြန်မာပြန်ထားတဲ့ ဘရောင်ဇာမှာကိန်းဂဏန်းတွေကို မြန်မာလိုဖြည့်လျင် ထွက်လာတဲ့ BMI ကိုဖတ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ့် BMI ကိ ဘယ်အုပ်စုထဲမှာဝင်တယ်၊ ဘယ်မှာဖြည့်ပါလို့တော့ပြပါတယ်၊
ဂဏန်းကို English လိုဖြည့်လျင်တော့ကိုယ့် BMI ကိုပါဖတ်လို့ရပါတယ်။ ပြီးလျင် Next ကိုနှိပ်ပေးပါ။ မြန်မာပြန်ထားတဲ့ ဘရောင်ဇာမှာ " Next" ကအလုပ်မလုပ်လျင် သူ့အောက်က အတုံးကလေးကိုနှိပ်ပေးပါ။
၃။ ခါးပတ်လည်လုံးပတ်
ဝမ်းဗိုက်ထဲက အဆီတွေက ဆီးချိုဖြစ်စေတဲ့ တရားခံတွေထဲမှာ တခုပါတာဖြစ်လို့ အဲဒီအဆီတွေဘယ်လောက်များတယ်ဆိုတာကိုခန့်မှန်းဖို့ ခါးပတ်လည်လုံးပတ် ကိုတိုင်ပါတယ်။ အမျိုးသား ဆို ၉၄ စင်တီမီတာ ( အာရှတိုက်သားတွေအတွက် ၈၈ ) အမျိုးသမီးတွေအတွက် ၈၀ စင်တီမီတာထက်မကျော်သင့်ဘူးလို့ဆိုပါတယ်။
တိုင်းပုံတိုင်းနည်းကတော့ ကိုယ့်နံရိုးဘေးဖက် အောက်ဆုံးအနားနဲ့ အောက်က တင်ပါးရိုးအပြားရဲ့ အပေါ်အနား၂ ခုအကြားအလယ်အမှတ် ကိုယူပြီး ဘယ်နဲ့ ညာ ၂ ဘက်ကိုပတ်ခြာလည်တိုင်းယူပါ။
ရတဲ့ အဖြေ ဘယ်အုပ်စုထဲဝင်တယ်ဆိုတာကိုဖြည့်ပြီး Next ကိုနှိပ်ပေးပါ။
(၄) ကိုယ်လက်လှုပ်ရှားမှု
ကိုယ်လက်လှုပ်ရှားမှု နည်းလျင် ဆီးချိုရောဂါဖြစ်ဖို့ အခွင့်လမ်းပိုများလို့ လူတယောက်က တနေ့အနည်းဆုံးနာရီဝက် လှုပ်ရှားမှု ရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ အဲလိုလှုပ်ရှားမှု ရှိ မရှိ ကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်ဖို့ အခွင့်လမ်းကိုတွက်ထဲ့ထဲမှာထည့်ပါတယ်။
နေ့စဉ် အလုပ်ထဲမှာ သို့မဟုတ် အလုပ်ချိန်ပြင်ပမှာ
ကိုယ်လက်လှုပ်ရှားမှု တနေ့လျင် နာရီဝက်
နဲ့ အထက်ရှိ၊မရှိဖြေပြီး Next ကိုနှိပ်ပါ။
(၅) ဟင်းသီးဟင်းရွက် အသီးအနှံစားသုံးမှု
ကျန်းမာစေတဲ့ အာဟာရ၊ ရေနဲ့ အမျှင် စတာတွေများတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စားသုံးမှုနည်းသူတွေမှာ ဆီးချိုဖြစ်နိုင်ခြေပိုများလို့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့တိုင်းစားမစားဖြေပြီး
Next ကိုနှိပ်ပေးပါ။
(၆) သွေးတိုး
ပုံမှန်ဆေးသောက်ဖို့လိုအပ်တဲ့ သွေးတိုးရောဂါအဆင့်ရှိသူတွေမှာ ဆီးချိုဖြစ်ဖို့နဲ့ တခြားကျန်းမာရေးပြသနာတွေ ပိုများလို့ သွေးတိုးရာဂါအတွက် ဆေးပုံမှန်သောက်နေရခြင်းရှိမရှိ ဖြေပြီး Next ကိုနှိပ်ပေးပါ။
(၇) အချိုဓါတ်
လူတချို့မှာ သွေးချိုဓါတ် တခါတလေ နည်းနည်းတက်ပြီး ပုံမှန်ကိုပြန်ကျသွားတာမျိုးရှိတတ်ပါတယ်။
အမျိုးသမီးတချို့မှာ ကိုယ်ဝန်ဆောင်စဉ်သကြားဓါတ်များပြီး ကလေးမွေးပြီးနောက်မှာတော့ ပုံမှန်ကိုပြန်ကျသွားတတ်ပါတယ်။ သူတို့မှာ ဆီးချိုဖြစ်ဖို့ အလားအလားပိုများပါတယ်။
အဲလို ကိုယ့်သွေးထဲမှာ ဂလူးကို့စ်သကြားဓါတ်ကိုစစ်ဖူးသူများအတွက်
သကြားဓါတ်က တကြိမ်တခါ ပုံမှန်ထက် များဖူးခြင်းရှိမရှိဖြေပြီး Next ကိုနှိပ်ပေးပါ။
(၈) ဆီးချိုမျိုးရိုးဗီဇ
ကိုယ့် ရဲ့ ဆွေမျိုး အရင်းအချာတွေမှာ ဆီးချိုရောဂါရှိလျင် ကိုယ့်မှာလည်းအဲလိုဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇပါနေနိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးတွေက နည်းနည်းဝေးတဲ့ သူတွေဆိုလျင်တော့ ကိုယ့်မှာပါတဲ့ ဆီးချို ဗီဇကလည်းအားနည်းပါတယ်။
ဆွေမျိုးတွေထဲ ဆီးချိုရောဂါသည်လုံးဝမရှိသူ။
အဖိုးအဖွား၊ ဦးလေး အဒေါ်၊ ဝမ်းကွဲမောင်နှမများ ကဲ့သို့
သောအမျိုးတွေထဲမှာ ဆီးချိုရှိသူ
မိဘ မောင်ဘွား အရင်းအချာ၊ မိမိရဲ့ သားသမီး စတဲ့
အရင်းအချာတွေမှာ ဆီးချိုရှိသူ
စသည်ဖြင့် ဆီးချိုမျိုးရိုးကို ဖြေပေးပြီး အဖြေတွေကိုတင်လိုက်ပါ
အဲဒီအခါ တွက်ပြီးသား ရမှတ်နဲ့ အတူ ကိုယ်ဟာဆီးချိုရောဂါ
ဖြစ်ဖို့ အခွင့်လမ်း များလား၊ နည်းလားဆိုတာကိုပြပါတယ်။
တချိန်တည်းမှာပဲ
ကိုယ်လို အနေအထားတဲ့ သူတွေ ဘယ်နှစ်ယောက်မှာ ဘယ်လောက်ဆီးချိုရောဂါ အမျိုးစား
၂ ဖြစ်သွားကြတယ်ဆိုတာပြပါတယ်။
ဘာတွေလုပ်သင့်တယ်ဆို့လည်း အကြံပေးထားပါတယ်။
ဆီးချိုမဖြစ်အောင်ကာကွယ်လို့မရဘူးလား
ဆီးချိုရောဂါ အမျိုးအစား ၂ ရဲ့ ထက်ဝက်လောက်ကိုကာကွယ်လို့ရတယ်လို့ဆိုထားတော့ ဘယ်လို့ကာကွယ်မှာလဲ ဆိုတာမေးစရာပါ။ စောစောက ဖြေခဲ့ရတဲ့ အချက်တွေကိုပြန်ကြည့်လျင် သိနိုင်ပါတယ်။
ဆီးချိုဖြစ်စေဖို့ အထောက်အပံ့ပြုတဲ့ အချက်တွေထဲမှာ
ကိုယ်ပြောင်းလဲလို့မရတဲ့ အချက်တွေကတော့ (၁) အသက် (၂)
မျိုးရိုးဗီဇ (၃) သွေးတိုး (၄) အရင်က အချိဓါတ်တက်ဖူးခဲ့ တဲ့ အနေအထား တို့ပါ။
ဒါပေမယ့် (၁) ကိုယ် အလေးချိန် (၂) ဗိုက်ထဲအဆီ (၃) ပုံမှန်ကိုယ်လက်လှုပ်ရှား
လုပ်ခြင်း နဲ့ (၄) ကျန်းမာရေးနဲ့
ကိုက်ညီတဲ့ အသီးအနှံ အရွက်တွေကိုစားသုံးခြင်းတို့ ကိုတော့ဘယ်သူမဆိုပြောင်းလဲ
လုပ်ဆောင်နိုင်ပါတယ်။
ဒီလိုပြောင်းလုပ်ကြည့်တဲ့ အခါ ( BMI
25 အောက်ကျအောင်၊
ခါးလုံးပတ် ၉၄ စင်တီမီတာ၊ ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး တနေ့နာရီဝက်၊
အသီးအရွက်တွေနေ့တိုင်းစား ) အထက်က အမှတ် ၁၂ ကနေ ၃ ကိုလျော့သွားပါတယ်၊
၆ ယောက်မှာ တယောက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့ အုပ်စုကနေ လူ ၁၀၀ မှာ တ ယောက်သာဖြစ်တဲ့နှုန်း ကိုကျသွားပါတယ်။
ဒါကြောင့် ဆီးချိုရောဂါမျိုးရိုးရှိနေသည့်တိုင်အောင် ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်၊ အသီး အရွက်
အနှံတွေ နေ့တိုင်းစား၊ ကိုယ် အလေးချိန်နဲ့ ခါးလုံးပတ်ကို ကျန်းမာသူတွေရှိသင့်တဲ့
အတိုင်းအတာထက် မကျော်စေခြင်းအားဖြင့် ဆီးချိုမဖြစ်အောင်ကာကွယ်နိုင် (သို့)
အသက်တော်တော်ကြီးမှ ဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ ‘
ပြောင်းမရတော့တဲ့ သွေးတိုး နဲ့ သွေးအချိုဓါတ်တက်ခဲ့ ဖူးတဲ့
ရာဇဝင်တွေအတွက် လည်း အငံလျှော့စား သွေးကျဆေးမှန်မှန်သောက် ၊
အချိုလျှော့စားခြင်းဖြင့် အထိုက်အလျှောက် အကျိုးရှိစေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံ နေထိုင်စားသောက်ခြင်ဖြင်းဆီးချိုမဖြစ်အောင်ကာကွယ်ကြပါစို့။
Dr. Aung
13/11/2019
No comments:
Post a Comment