တဆင့်ခံ ဆေးလိပ်ငွေ့ နဲ့ ကျန်းမာရေးပြသနာများ
ကျနော်ဆေးလိပ်ပြတ်သွားတာ ၂ နှစ်ရှိပါပြီ၊ အရင်က တရက် ကို တဗူးကုန်ပါတယ်။တယ်ဟုတ်ပါလား၊ ဘယ်လိုဖြတ်လိုက်တာလဲဗျ။
ကျနော့ အမျိုးသမီးကိုယ်ဝန်ရတော့ ကျနော်ဆေးလိပ်သောက်နေရင် မိန်းမကိုသာမက ကလေးကိုပါ ကျန်းမာရေးထိခိုက်တယ်ဆိုလို့ ကျနော့ရင်သွေးကလေးကို လူမဖြစ်ခင်ကတည်းက ကျနော့ဆေးလိပ်ငွေ့နဲ့ ဒုက္ခပေးနေမိမှာစိုးလို့ဖြတ်လိုက်တာပါ။
စိတ်ပါလက်ပါဖြတ်ချင်တာဆိုတော့ မခက်ပါဘူး ။ ဖြတ်ကာစ ၂ လလောက်ပဲ နေရနည်းနည်းခက်ပါတယ်။
ဒါကတော့ တနေ့က တွေ့ခဲ့တဲ့လူနာတယောက်ပြောပြတာပါ။
Second-hand smoke နဲ့ passive smoker or involuntary smoker များရဲ့ကျန်းမာရေးပြသနာများ
Second-hand smoke (တဆင့်ခံ ဆေးလိပ်ငွေ့) SHS ဆိုတာ
နှစ်မျိုးရှိပါတယ်။
၁။ မိမိကိုယ်တိုင်ဆေးလိပ်
မသောက်ပါပဲနှင့် မိမိထံရောက်လာသော သူတပါးသောက်သော ဆေးလိပ်၊ စီးကရက်၊ ဆေးပြင်းလိပ်၊
ဆေးတံစသည်တို့မှ ဆေးရွက်ကြီးကို မီးလောင်ပြီးထွက်လာသော အခိုးအငွေ့၊ (Mainstream smoke: )
၂။ ဆေးလိပ်သောက်သောသူက
ရှူထုတ်လိုက်သောလေထဲတွင်ပါသောဆေးရွက်ကြီး မီးခိုးငွေ့ပါသောလေ၊ ကို တဆင့်ခံ
ဆေးလိပ်ငွေ့ လို့ခေါ်ပြီး အဲလိုရှူရှိုက်မိတာကို တဆင့်ခံဆေးလိပ်ငွေ့ကိုရှူမိခြင်း
(Sidestream smoke) တို့ကို Second-hand smoke လို့ခေါ်ပါတယ်။
- အဆိုပါ ဆေးလိပ်အငွေ့တွင် ပါဝင်သောဓါတုပစ္စည်းပေါင်း ၇၀၀၀ ကျော်တွင် လူကိုအန္တရာယ်ပေးနိုင်သောဓါတ် ရာကျော်ပါဝင်ပြီး အနည်းဆုံးအမျိုး ၇၀ က တော့ ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။
- ဤအဆိပ်ငွေ့ပါ ဆေးလိပ်ခိုးများကိုရှူရှိုက်မိရာတွင် မည်မျှပင် အချိန်တိုပါစေ၊ ပမာဏနည်းပါစေ ဘေးအန္တရာယ်ရှိပါတယ်။
- ဆေးလိပ်မသောက်သော်လည်း တဆင့်ခံဆေးလိပ်ငွေ့ကိုရှူမိသူတွေဟာ ဆေးလိပ်ကိုကိုယ်တိုင်သောက်သူလိုပဲကျန်းမာရေးကိုထိခိုက်ခံရပါတယ်။ အဲလိုအငွေ့တွေကို ရှူနေရသူတွေကိုတော့ passive smoker or involuntary smoker လို့ခေါ်ကြပါတယ်။
- ကမ္ဘာမှာ တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရှိုက်ရလို့ ကျန်မာရေးထိခိုက်ပြီး အရွယ်မတိုင်မိသေဆုံးသူ နှစ်စဉ် ခြောက်သိန်းလောက်ရှိပြီး ထက်ဝက်ကျော်က အမျိုးသမီးတွေပါ။
- နိုင်ငံအများစုမှာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အကြေား ကလေးတွေရဲ့ သုံးပုံတပုံကျော်ဟာ သူတို့ရဲ့နေအိမ်တွေမှာ တဆင့်ခံ ဆေးလိပ်ငွေ့တွေကို ရှူနေကြရတယ်လို့ WHO ကဆိုပါတယ်။
ဆေးလိပ်ငွေ့ကြောင့်ဖြစ်စေတဲ့ ကင်ဆာရောဂါများ
- ဆေးလိပ်ငွေ့ကြောင့်ဖြစ်စေတဲ့ ကင်ဆာရောဂါတွေကိုတော့ ဆေးလိပ်သောက်သူသာမက တဆင့်ခံဆေးလိပ်ငွေ့ကိုရှူုရသူတွေပါရနိုင်ပါတယ်။
- အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာ ပါ။ ဆေးလိပ်ငွေ့ကြောင့်ဖြစ်တဲ့တခြားကင်ဆာတွေကတော့
- အသံအိုး၊ လည်ချောင်း၊ နှာခေါင်းဘေးအရိုးခေါင်းပွအတွင်းမြှေး၊ ဦးနှောက်၊ ဆီးအိမ်၊ မစင်အိမ်၊ အစာအိမ်၊ ရင်သား ကင်ဆာများ ။
- ကလေးတွေမှာ သငံရည်ကျိတ် ကင်ဆာ၊ သွေးကင်ဆာ၊ အသည်းကင်ဆာနဲ့ဦးနှောက်ကင်ဆာ။
တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရသူတွေရနိုင်တဲ့တခြားကျန်းမာရေးပြသနာများ
တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရသူတွေရနိုင်တဲ့တခြားကျန်းမာရေးပြသနာတွေထဲကအဆိုးဆုံးကတော့
- နှလုံးနဲ့ သွေးကြောတွေကိုထိခိုက်ပြီးရလာတဲ့ နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါနဲ့ လေဖြတ်ခြင်းတို့ပါ။ နောက်ပိုင်းတွေ့ရှိချက်တွေအရ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာရောဂါတွေကိုပ်ဖြစ်စေနိုင်တယ်ဆိုပါတယ်။
- ကိုယ်ဝန်ဆောင်တွေအဲလို တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရပါက ဝမ်းထဲကသန္ဓေသားကိုပါ ကျန်းမာရေးထိခိုက်ပါတယ်။
- ကလေးငယ်တွေ တဆင့်ခံဆေးလိပ်ငွေ့ကိုရှူရပါက လူကြီးများထက် ပိုပြီး ထိခိုက်ခံရပါတယ်။
ကလေးငယ်တွေအတွက် လတ်တလောရတဲ့ ပြသနာတွေကတော့
- အသက်ရှူလမ်းကြောင်းယောင်ခြင်း ၊ ပိုးဝင်ခြင်း
- အဆုတ် များ အားနည်းခြင်း
- ပန်းနာရင်ကြပ်ဖြစ်စေခြင်း၊ မကြာခဏ ရင်ကြပ်ခြင်း
- တနှစ်အောက်ကလေးများအိပ်နေစဉ်
ရုတ်တရက် သေဆုံးခြင်း sudden
and unexpected death in infancy (SUDI)
- နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများရခြင်း။
ဆေးလိပ်မသောက်ဘဲ အဲလို တဆင့်ခံဆေးလိပ်ခိုးတွေကိုရှူမိနိုင်တဲ့နေရာများ
အလုပ်ခွင်
- အလုပ်ထဲမှာ ဆေးလိပ်သောက်သူနဲ့ မသောက်သူကို နေရာခွဲထားပေးတာ၊ သန့်စင်စက်တပ်ထားတာ၊ စတာတွေလုပ်ပေမယ့် ဆေးလိပ်သောက်သူတွေနဲ့ အဆောက်အဦတခုထဲမှာ အတူရှိနေသေး၍ ဆေးလိပ်မသောက်သူတွေမှာ တဆင့်ခံဆေးလိပ်ခိုးတွေကြောင့်ရတဲ့ အန္တရာယ်က မလွတ်နိုင်ပါ။
- ဆေးလိပ်ကင်းစင်တဲ့ လုပ်ငန်းခွင် မျိုးဖန်တီးပေးခြင်း။
- အလုပ်တွင် ဆေးလိပ်မသောက်သူ ကို တချို့အခွင့်အရေးတွေပိုပေးပေး ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ချင်လာအောင် ဆွဲဆောင်ခြင်းတို့နဲ့ သာ ဆေးလိပ်မသောက်သူတွေကို လုပ်ငန်းခွင်ထဲက တဆင့်ခံဆေးလိပ်ခိုးတွေ အန္တရာယ်က ကာကွယ်ပေးနိုင်မှာပါ။
အများပြည်သူအသုံးပြုရာနေရာများ
အများပြည်သူသုံး ဈေး၊
ပန်းခြံ၊ ရုံး၊ ကျောင်း၊ စားသောက်ဆိုင်၊ ဘတ်စ်ကား၊ ရထား၊ သင်္ဘော စသည့်နေရာတွေမှာ
ဆေးလိပ်သောက်ခြင်းကို တားမြစ်ပိတ်ပင်ထားဖို့ ကျန်းမာရေးပညာရှင်တွေက
တိုက်တွန်းကြပြီး တိုးတက်တဲ့ နိုင်ငံအတော်များများမှာ
ကျင့်သုံးနေပြီလည်းဖြစ်ပါတယ်။
နေအိမ်
- မိမိနေအိမ်မှာ ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်ခြင်းက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် မိသားစုဝင်အားလုံးရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တာပဲဖြစ်ပါတယ်။
- အခန်းတွဲတိုက်တွေမှာတော့ အဲယားကွန်းလေပိုက်တွေကဖြစ်စေ လျှောက်လမ်း၊ လှေကား ၊ တံခါးကြား၊ နံရံနဲ့ ကြမ်းကြားတွေ ကနေလည်း ဆေးလိပ်ငွေ့ဝင်လာနိုင်တာဖြစ်လို့ တခြားဆေးလိပ်မသောက်သူတွေရဲ့ အခန်းတွေကိုရောက်ရှိဒုက္ခပေးပါတယ်။
ကား
အဲယားကွန်းဖွင့်ထားသည်ဖြစ်စေ
မှန်ပြူတင်းတွေဖွင့်ထားသည်ဖြစ်စေ ဆေးလိပ်သောက်သူနဲ့ ကားတစီးထဲမှာ အတူရှိသူအားလုံး
အနည်းနဲ့အများ တဆင့်ခံဆေးလိပ်ခိုးကပေးတဲ့ ကျန်းမာရေး ဘေးအန္တရာယ်တွေကို
ခံစားရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ပိုခံစားရပါတယ်။
ကာကွယ်နည်းများ
- အများပြည်သူသုံးတဲ့နေရာများမှာ ဆေးလိပ်သောက်သုံးခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားဆီးခြင်း ။
- ဆေးလိပ်သောက်သူများအတွက် သီးသန့်နေရာပေးဖို့လိုနိုင်ပါတယ်။
- ပြည်သူလူထုကို ဆေးလိပ်အန္တရာယ် ပညာပေးခြင်းနဲ့ ဆေးလိပ်ဖြတ်လိုသူတွေကိုကူညီဖို့ ဆေးခန်းများ အသင်းအဖွဲ့များ ဖွဲ့ပေးခြင်း၊
- ကျောင်းသားလူငယ်များကို ဆေးလိပ်အန္တရာယ် ပညာပေးခြင်းနဲ့ မိဘများကိုပါ ပါဝင်စေခြင်း
- ဆေးလိပ်ကင်းစင် လုပ်ငန်းခွင် များသတ်မှတ်ခြင်း။
- ဆေးလိပ်ရောင်းချမှုကို ကန့်သတ်ခြင်း ။
- ဆေးလိပ်သောက်သူများ ဆေးလိပ်မဖြတ်နိုင်သေးပါက မိမိတို့နေအိမ်၊ ကား အတွင်းမှာ အခြားသူများ အထူးသဖြင့် ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်များ အနီးမှာ ဆေးလိပ်မသောက်ရန် ပညာပေးခြင်း ။
- ဘာဥပဒေတွေဘယ်လောက်ထုတ်ထုတ် လူထုရဲ့ ကိုယ်ပိုင်အသိစိတ်ထဲမှာ ဆေးလိပ်ငွေ့ရဲ့အန္တရာယ်ကို နားလည်သဘောပေါက်ပြီးရှောင်ကျဉ်စေတဲ့ နည်းလောက် ကောင်းတာမရှိပါ။
Dr Aung
05/11/2019
No comments:
Post a Comment