ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း
၂။ လည်ချောင်းထဲကဗိုင်းရပ်ကိုသေစေရန် ရေနွေးပူပူသောက်ပါ။
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်
ဇာတ်လမ်း (၁)
ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင် ကုသပေးခဲ့သူ ခွဲစိတ်အထူးကု နောက်ဆုံးနှစ် ဒေါက်တာနန်း******၏
#ဗိုင်းရပ်စ်သည်ဘယ်ကဝင်ဝင်လည်ချောင်းတွင်း ၄..ရက်ခန့်ကြာနေထိုင်ပါသည်။
ထို့ကြောင့် ပူသောအရည် ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေးပူပူသောက်ပြီး..ကာကွယ်ပါ။
#ဗိုင်းရပ်စ်ကိုအစာအိမ်ထဲသို့ပို့ကာ အက်ဆစ်များဖြင့် အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင် တားဆီး
ပေးပါလိမ့်မည်။ ဖြစ်နိုင်ရင် ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ဆားထည့် ရေနွေးပူပူဖြင့်.သောက်ပေးပါ။
တစ်ရက် တစ်ကြိမ်လောက်သောက်ပေးပါ။ ထမင်းစားရင်... ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစိမ်းစားပါ။
အပူ အခိုး အငွေ့ဓာတ်သည် ဗိုင်းရပ်စ်ကို နိုင်သည့်ဓာတ် ဖြစ်ပါသည်။
- အနံ့မရ ဖြစ်လာပြီဆိုရင် ဆရာဝန်ပြ ရမှာဖြစ်ပါသည်။
ဇာတ်လမ်း (၂)ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲ***ပြောပြီ
-------------------------
ကိုရိုနာဗိုင်းရပ်စ်က အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကို ထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး အစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတယ်။ဒါကို ကုသဖို့ဆိုရင် ဒီပိတ်ဆို့နေတဲ့ အသက်ရှူလမ်းကြောင်းတွေကို အရင်ရှင်းလင်းရမယ်ဆိုတာ တရုတ်တွေ နားလည်သွားကြပြီ ဒါပေမယ့် ဒီလိုရှင်းလင်းဖို့က ရက်ပေါင်းများစွာ ကြာနိုင်ပါတယ်
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်နိုင်ပါတယ်
၁။ ပူသောအရည်များ ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေး များများသောက်ပါ။ မိနစ် ၂၀ တိုင်း ရေနွေးအနည်းငယ် သောက်သုံးခြင်းက ပါးစပ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်ကို အစာအိမ်ထဲပို့ကာ အက်ဆစ်များဖြင့် အစောခြေခြင်း ဖြင့် အဆုတ်ထဲ မဝင်အောင် တားဆီးပေးပါလိမ့်မည်
၂။ ဖြစ်နိုင်လျှင် ရှာလကာရည် သို့ ဆား သို့ သံပုရာသီးတို့နှင့် ရောနှောသော ရေနွေးကို နေ့တိုင်း သောက်သုံးပေးပါရန်
။ လည်ချောင်း သို့ လည်ချောင်းနာကဲ့သို့သော လည်ချောင်းနှင့်ပက်သက်သော လက္ခဏာ တစ်ခုခုတွေ့ရပါက ချက်ချင်း ကုသပါ။ ဗိုင်းရပ်သည် အဆုတ်ထဲသို့ မဝင်ရောက်ခင် ဤလည်ချောင်းနေရာတွင် ၃,၄ ရက်ခန့် ရှင်သန်နေထိုင်နိုင်ပါသည်။
သုံးသပ်ချက်
အမှား O ၊
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။
ရှင်းလင်းချက်
ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုတာနဲ့ဝင်လာတဲ့ဗိုင်းရပ်စ်က လည်ချောင်းမှာ သုံးလေးရက်နေတယ်ဆိုတာ မှန်သလိုရှိပေမယ့် အများထင်သလို နားခိုနေတာမဟုတ်ပါ၊ ဆဲထဲဝင်ရောက်ပြီး ဗိုင်းရပ်အသစ်တွေထုတ်လုပ်နေတာပါ။ အဲဒီအချိန်မှာ ကာကွယ်လို့မရတော့ပါ။
အသက်ရှူလမ်းကဝင်လာတဲ့ SARS CPV2 ဗိုင်းရပ်စ်ကို နှာခေါင်းအတွင်းအမြှေးပါးဆဲလ်မျက်နှာပေါ်က လက်ခံတဲ့ AC2 receptor ဆိုတဲ့ဒလန်နဲ့ပေါင်းလိုက်ပါတယ်။
ပါးစပ်ထဲကဝင်လာတဲ့ ဗိုင်းရပ်စ်တွေကလည်းလည်ချောင်းနဲ့ အစာရေမြိုနံရံကဆဲလ်တွေထဲကိုအဲလိုပဲဝင်ပါတယ်။ အဲဒီအချိန်မှာ ကူးစက်ခံရသူမှာ ပြန်တိုက်ဖို့ ကိုယ်ခံအားက မဖွံ့ဖြိုးသေးတော့ အဲဒီနှာခေါင်းမြှေး၊ လည်ချောင်း ဆဲတွေထဲမှာ ဗိုင်းရပ်တွေပွားပါတယ်။ ဗိုင်းရပ်စ်အသစ်တွေအများကြီးထပ်ထွက်လာပါတယ်။
အဲလို ပွားတဲ့နေရာက နှာခေါင်းအနောက်ကဘက် Nasopharynx လို့ခေါ်တဲ့နေရာမှာ အများဆုံးပါ၊ ဒါကြောင့်အဲဒီနေရာကို နှာခေါင်းကတဆင့်တို့ဖတ်နဲ့တို့ယူပြီး စစ်တာပါ။ လည်ချောင်းထဲမှာလည်းရှိလို့လည်ချောင်းတို့ဖတ်ယူလို့လည်းရပါတယ်။
 |
နှာခေါင်းအနောက် ဗိုင်းရပ်များတွယ်ကပ်ပွားများသည့်နေရာနှင့် နှာခေါင်းတို့ဖတ်ယူပုံ
|
ဒါကြောင့် ရောဂါလက္ခဏာမပြသေးပေမယ့် နှာခေါင်းတို့ဖတ်နဲ့စစ်လျင် ဗိုင်းရပ်စ်ကိုတွေ့နိုင်သလို နှာချေ၊ ချောင်းဆိုး၊ စကားပြောရာကနေလည်း သူတပါးထံကို ဆက်လက်ပျံ့ပွားနိုင်ပါတယ်။
အဲဒီနေရာကဗိုင်းရပ်စ်တွေက ဆဲလ်အပြင်မှာနားခိုနေတာမဟုတ်ဘဲ ဆဲထဲဝင်ပြီးပွားကြ၊ ပြန်ထွက်လာကြ လုပ်နေပြီဖြစ်လို့ ဘာရေနွေး၊ ဆားရည်နဲ့ဆေးဆေး ပြောင်စင်တော့မှာမဟုတ်ပါ၊
နောက်တခုက ဘာအရည်နဲ့ အာလုပ်ကျင်းကျင်း ဗိုင်းရပ်တွေအများစုပွားနေတဲ့ Nasopharynx ကိုမရောက်ပါ။
ဒါကြောင့် အရည်ပူပူ၊ ဂျင်းပြုတ်ရည်၊ ဆားရည်တို့သောက်ခြင်း အာလုပ်ကျင်းခြင်းက လည်ချောင်းနဲ့ နှာခေါင်းအနောက်က ဗိုင်းရပ်စ်တွေကို မသတ်နိုင်သလို ကိုဗစ်ရောဂါဖြစ်ပွားခြင်းမှမကာကွယ်နိုင်ပါ၊။
နောက်တခုက ဆဲလ်ထဲ ဝင်ပြီး ပွားနေတဲ့ဗိုင်းရပ်စ်တွေကို အစာအိမ်ထဲ ကိုဆေးချပြီး အက်ဆစ်က အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင်တားဆီးတယ်ဆိုတာ ဘယ်လို မှအဓိပ္ပါယ်မရှိတော့ပါ။
ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ စတာတွေက ဗီတာမင်စီပါပြီး ကျန်းမာရေးအတွက်ကောင်းပေမယ့် ကိုဗစ်ပိုးကိုမကာကွယ်ပါ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ အစာအိမ်လေနာရှိသူများ အစာအိမ်အချည်ပေါက်နိုင်ပါတယ်။ ဆားထည့်သောက်လျင် သွေးတိုးရှိသူများ သွေးပေါင်ချိန်တက်ပါတယ်။
တချိူ့က ဗိုင်းရပ်စ်ပါတဲ့ လက်ကတဆင့် ဗိုင်းရပ်စ်တချို့ကိုမြိုမိသလို၊ တချို့ကလည်းအချွဲ သလိပ်တွေကိုမြိုချပြီး ပိုးတွေအစာအိမ်ထဲရောက်ပါတယ်။ အကယ်၍ဗိုင်းရပ်စ်များအစာလမ်းကြောင်းထဲရောက်သော်လည်းအစာလမ်းကြောင်းအမြှေ့းဆဲလ်တချို့ထဲကိုဝင်ရောက်ပွားနိုင်ပါသေးတယ်၊။
ကိုဗစ်ဗိုင်းရပ်စ်က ပီအိတ်ချ် ၃ အောက်မှာ မရှင်နိုင်ဘူးဆိုပါတယ်။ ဘာအစာမှမစားထားတဲ့ အစာအိမ်မှာ အက်ဆစ်က ပီအိတ်ချ် ၂ ပဲရှိပါတယ်။ ဒါပေမယ်အစာတွေဝင်လာ၊ အရည်တွေေသောက်လိုက်လျင် ပီအိတ်ချ် ၆ လောက်အထိတက်သွားပါတယ်။ ဒီတော့ အရည်တွေနဲ့မျှောလိုက်တဲ့ ဗိုင်းရပ်စ်တွေအစာအိမ်ထဲရောက်လျင် ပီအိတ်ချ်က သုံးကျော်နေဖို့များပါတယ်၊ အက်ဆစ်ကမသတ်နိုင်ပါ။ တချို့လူနာတွေရဲ့ မစင်ထဲ မှာ ကိုဗစ်ပိုးတွေ့ရတဲ့ သာဓကအများပြားရှိပါတယ်။
ကြက်သွန်ဖြူ၊ နီ ၊ ဂျင်းတွေက ကိုဗစ်ဗိုင်းရပ်စ်အပေါ် ဘာသက်ရောက်မှုမှမရှိဘူးဆိုတာ WHO က ၂၀၂၀ နှစ်အစောပိုင်းကတည်းကထုတ်ပြန်ထားပြီးပါပြီ။
အနံပျောက်လျင် ဆေးရုံပြပါဆိုတာကတော့ စစ်ဆေးဖို့လိုအပ်လို့ပြသင့်ပါတယ်။ ဒါပေမယ့်ဆေးရုံတက်ကုရမယ်လို့ဆိုလိုတာမဟုတ်ဘဲ မိမိအိမ်မှာတယောက်တည်းခွဲနေပြီး စောင့်ကြည့်လို့ရပါတယ်။
 |
လူ့အသက်ရှူလမ်းထဲ ကိုဗစ်ဗိုင်းရပ်စ်ဝင်လာပြီးနောက်ဖြစ်ပျက်ပုံများ |
ကူးစက်ခံရသူ ၈၀ % လောက်မှာတော့ အဲဒီဗိုင်းရပ်စ်တွေကို ၁၀-၁၄ ရက်လောက်အတွင်းမှာ ပြန်ရှင်းလိုက်နိုင်ပါတယ်။ အဲဒီသူတွေမှာ ဘာမျှမလုပ်ပေမယ့် ဘာရောဂါလက္ခဏာမှမခံစားလိုက်ရဘဲ ပြန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ဗိုင်းရပ်စ်ကို ရှင်းမပြစ်နိုင်ခင်မှာ သူတပါးကို ဆက်လက်ကူးစက်ပျံ့ပွားနိုင်ပါသေးတယ်။
ကျန်ကူးစက်ခံရသူ ၂၀ % လောက်မှာတော့ နှာခေါင်းမြှေးထဲကထွက်လာတဲ့ဗိုင်းရပ်စ်များက လေပြွန်အတိုင်း လေတွေအချွဲတွေနဲ့အတူ အဆုတ်ထဲကိုဆင်းသွားပါတယ်။
အဆုတ်လေအိတ်ဆဲလ်တွေမှာလည်း ဗိုင်းရပ်စ်က နှာခေါင်းမြှေးဆဲလ်တွေမှာလိုပဲ ACR2 receptor ဆိုတဲ့ဒလန်နဲ့ပေါင်းပြီး ဆဲလ်အထဲဝင်ကာ မျိုးပွားပါတယ်။
အဲဒီအခါမှာတော့ ကိုယ်ခံအားစနစ်က ရန်သူကို သိရှိလာပြီး တိုက်ထုတ်ဖို့ ဓါတုလက်နက်မျိုးစုံကို ထုတ်ပါတယ်။
Cytokine storm ဆိုတဲ့ ဓါတ်ပြောင်းလဲမှုကြီးဖြစ်ပြီး ကိုယ်ခံအား CD4 CD 8 စစ်ကူတွေကိုခေါ်ပါတယ်။
အဲဒီကိုယ်ခံအား ဓါတ်တွေဆဲတွေက ဗိုင်းရပ်စ်တွေကိုရသလောက်သတ်ပါတယ်။ ဒါပေမယ့် အချိုးမမျှတဲ့ အင်အားပြင်းလက်နက်ကြီးများဒါဏ်ကြောင့် အဆုတ်ဆဲလ်များပါပျက်ဆီးပါတယ်။
အဆုတ်ဆဲလ်တွေထဲရောက်သွားတဲ့ ဗိုင်းရပ်စ်တွေက မျိုးဆက်ပွားပြီးထွက်သွားတဲ့အခါမှာလည်း အဲဒီဆဲလ်တွေသေပါတယ်။ ဗိုင်းရပ်စ်အသစ်တွေပိုပွားပြီးအနားက အဆုတ်ဆဲလ်တွေကိုပါ ကူးစက်ပါတယ်.
အဆုတ်ဆဲလ်အများအပြားထိခိုက်ပျက်စီးပြီး ကိုဗစ် ၁၉ ရောဂါဖြစ်ပါတယ်။
အချွဲကြောင့် အသက်ရှုကြပ်တယ်ဆို ကအဓိကအကြောင်းရင်းမဟုတ်ပါ၊ ကိုယ်ခံအားနဲ့ ဗိုင်းရပ်စ်က တိုက်ခိုက်ရာမှာ အဆုတ်ထဲကဆဲလ်တွေပါပျက်စီးလို့ပါ။ အဆုတ်ရောင်တော့ လေအိတ်တွေထဲအရည်တွေပြည့်ပြီး ခဲကုန်တာပါ။
အသက်ရှုလမ်းကြောင်းထဲ ဗိုင်းရပ်စ်ဝင်လာပြီဆိုလျင် ရှင်းထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘဲ ကိုယ်ခံအားက ပြန်တိုက်ထုတ်ဖို့သာဖြစ်နိုင်တာကြောင့်
(၁) ဗိုင်းရပ်ကူးစက်မခံရအောင် ကာကွယ်ဖို့နဲ့ (ကာကွယ်နည်း ပညာပေးပိုစတာများထည့်ထားပါတယ်။ )
(၂) ဗိုင်းရပ်စ်ဝင်လာတာနဲ့ ကိုယ်ခံအားကချက်ချင်းသိပြီး ဗိုင်းရပ်စ်တွေမပွားနိုင်မီသတ်ပစ်နိုင်ရန် ကာကွယ်ဆေးထိုးထားဖို့ စတဲ့ နည်းနှစ်သွယ်ဖြင့်သာ ကိုဗစ်ရောဂါကိုကာကွယ်နိုင်ပါတယ်။
ကောလဟလများကို မယုံဘဲ ကျန်းမာရေးဌာနနဲ့ WHO ကထုတ်တဲ့ပညာပေးအချက်အလက်များကိုသာလိုက်နာခြင်းဖြင့်ကိုဗစ်ရောဂါကိုကာကွယ်ကြပါ။
ဒေါက်တာအောင်
၁၀-၀၇-၂၀၂၁
https://b-wise-2b-healthy.blogspot.com/2021/07/blog-post_10.html
ကိုးကား
Parasher A. Postgrad Med J 2021;97:312–320. doi:10.1136/postgradmedj-2020-138577
https://www.facebook.com/MoHNUGMyanmar