Sunday 12 December 2021

ကိုရိုနာ နဲ့ လူသားတို့အကြားကစစ်ပွဲ ၂၀၂၀ နဲ့ ၂၀၂၁၊ ဘယ်ဘက်က ဘာတွေပြောင်းလွဲလာပြီလဲ။

ကိုရိုနာ နဲ့ လူသားတို့အကြားကစစ်ပွဲ  ၂၀၂၀ နဲ့  ၂၀၂၁၊ 

ဘယ်ဘက်က ဘာတွေပြောင်းလွဲလာပြီလဲ။ 

လွန်ခဲ့သော ၂ နှစ် နီးပါးက SARS-CoV-2 ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ်သေးသေးကလေး‌က ကမ္ဘာဂြိုဟ်ရဲ့ အသိဉာဏ်ပညာအဆင့်အမြင့်ဆုံးဆိုတဲ့ လူသားတွေကို စိန်ခေါ်တိုက်ခိုက်ခဲ့ပါတယ်။

ဟုတ်ကဲ့ လူသားတွေဘက်က အခုထိ အလဲလဲ အကွဲကွဲပါ။ 

သူ့ရဲ့ရန်ကို ကာကွယ်ဖို့ အိမ်တွင်းပုန်းရင်း ကာကွယ်ဆေးတွေထုတ်ကြထိုးကြ၊ သူ့ကိုသတ်နိုင်မယ့်ဆေးတွေထုတ်၊ သူ့ကြောင့်ဖြစ်လာတဲ့ ကိုယ်ခံအားကမောက်ကမဖြစ်တာ၊ ကိုယ်အင်္ဂါအစိပ်အပိုင်းတွေ ရောင်ရမ်းထိခိုက်တာကို ထိန်းဖို့ဆေးတွေစမ်းကြ။ ဒီလိုနဲ့  တနှစ်ကျော် ၂နှစ်နီးပါး ကြာလို့ အတော်ကလေး အဆင်သင့်ဖြစ်ပြီ အိမ်ပြင်ထွက်တိုက်ကြတော့မယ်ဆိုတော့ ကိုရိုနာက သူ့ရဲ့ ဂျန်ဇီ Sino-African ကပြားကလေး အိုမီခရွန်ကို မွေးပေးလိုက်ပါတယ်။

တကမ္ဘာလုံး ပြာယာခတ်သွားပါပြီ၊

ဖွင့်လက်စတံခါးတွေ ပြန်ပိတ်သူပိတ်၊ ကာသူကာ။ 

 စိုးရိမ်ကြရတဲ့ အကြောင်းရင်ကတော့ သူက မူလ ဗီဇတွေထဲက နေရာ ၅၀ ကိုပြောင်းလဲထားတယ်၊ ၃၀ ကျော်က သူ့ကို မှတ်မိနိုင်ဖို့ ကာကွယ်ဆေး အများစုက ပစ်မှတ်ထားတဲ့ မှိုပွင့်ပုံ spike protein နေရာမှာဖြစ်နေတာပါ။ သူ့အကြောင်းသေချာသိဖို့က ရက်သတ္တအတော်ကြာကြာစောင့်ကြရဦးမယ်။ 

ဒီတော့ ၂၀၂၀ နှစ်ဆန်းပိုင်း ကိုရိုနာဗိုင်းရပ်စ်သစ် SARS-CoV-2 (ဝူးဟန်ဗိုင်းရပ်စ်) ရဲ့ အလစ်တိုက်ခိုက်မှုကို ခံရချိန်နဲ့ အခု သူတို့ရဲ့ ဂျန်ဇီ အိုမီခရွန်ရဲ့ တိုက်ခိုက်မှုခံရချိန် နှစ်ခုအကြား ၂ နှစ်နီးပါးကာလအတွင် နှစ်ဘက် အခြေအနေတွေဘယ်လိုပြောင်းလာသလဲ။ 

စနစ်တကျလုပ်ထားတဲ့ သုတေသနတော့မဟုတ်ပါ။

လူသားတွေဘက်က အနေအထားကို အရင်ကြည့်ရအောင်။ 

(၁) ရန်သူကိုစစ်ဆေးသိရှိနိုင်ဖို့ စမ်းသပ်ရန် ဓါတ်ခွဲပစ္စည်းနှင့်နည်းပညာ

၂၀၂၀ တုန်းက ကိုရိုနာဗိုင်းရပ်စတင်တိုက်ခိုက်တာခံရစဉ်က နိုင်ငံအများစုတွင်  SARS-CoV-2  ဗိုင်းရပ်စ်ကိုစစ်နိုင်သည့်ဓါတ်ခွဲခန်း၊ ပစ္စည်းမရှိသေး၊ အချို့ နိုင်ငံများ ၂ လကျော်ထိစောင့်ရ။ 

၂၀၂၁ နှစ်ကုန်ပိုင်း အိုမီခရွန်ထွက်လာချိန်မှာ 

နိုင်ငံအများစုတွင် PCR သာမက ART၊  RTD, antibody စမ်းဖို့ serology test တွေ ပါရှိ၊  Omicron  ဟုတ်မဟုတ်ခွဲခြားသည့်  genome sequencing  လုပ်နိုင်သည့်နိုင်ငံ မများသေးသော်လည်း    PCR ဖြင့် အကြမ်းဖျင်းခွဲခြားနိုင်ပါပြီ၊ 


(၂) ကာကွယ်ဆေး
ကိုရိုနာဗိုင်းရပ်စ်အသစ်ရဲ့ ဗီဇကိုသတင်ခွဲခြားသိရှိပြီးနောက်တနှစ်ကြာမှ ပထိဆုံးကာကွယ်ဆေးကို အရေးပေါ်အခြေအနေမှာသုံးခွင့်ရတာပါ။ 
အိုမီခရွန်ထွက်လာချိန်မှာ  WHO   ကအတည်ပြုထားတဲ့ကာကွယ်ဆေး  ၇ မျိုးကိုကမ္ဘာအနှံ့မှာ ထိုးနှံနေကြတာ ၁၀ လလောက်ရှိပါပြီ။ အခုထိတွေ့ရှိချက်များအရ လက်ရှိထိုးနေတဲ့ကာကွယ်ဆေး ၂ လုံးထိုးပြီးသူတွေမှာ အိုမီခရွန်ကိုတားဆီးနိုင်စွမ်းနည်းပါးနေသေးပေမယ်ံ တတိယတလုံး ( JJ  အတွက်တော့ ဒုတိယအလုံး) ထိုးပြီးသူတွေမှာ ၇၅% အထိကာကွယ်နိုင်တယ်ဆိုပါတယ်။ အထောက်ထား အချက်အလက်တွေတော့ထပ် လိုပါသေးတယ်။ လက်ရှိဆေးကို အိုမီခရွန်ကာကာကွယ်နိုင်ဖို့ထပ်ဆင့်အဆင့်မြှင့်ဖို့လိုလျင်လည်း ရက် ၁၀၀ အတွင်း အဲဒီဆေးရနိုင်မယ်ဆိုပါတယ်။ 


(၃) ရောဂါကာကွယ်ရေးနည်းလမ်းများနဲ့ အတွေ့အကြုံ

ကိုဗစ် ဖြစ်ကာစတွင် နိုင်ငံအများစုကအဆင်သင့်မဖြစ်။
ခရီးသွားများကို စစ်ဆေးချိန်တွင် ကိုယ်အပူချိန်တိုင်းခြင်း၊ ဖျားနာ၊ အသက်ရှူလမ်းကြောင်းရောဂါလက်ခဏာ ရှိမရှိ၊ ခရီးသွားရာဇဝင်လောက်သာမေးနိုင်။ အဖျားမရှိဘဲပိုးရှိသူများကိုလွတ်၊ 
ပြည်သူအများစုက ရောဂါကူးစက်မှုကိုကာကွယ်နည်းများမသိကြသေး၊ မကျင့်သုံးကြသေး 

အိုမီခရွန်ပေါ်လာချိန်မှာ 
နိုင်ငံအများစုက နိုင်ငံကိုဝင်မည့်သူများကို  SARS CoV-2 PCR test စစ်ပြီးမှလက်ခံ၊ တချို့ဆိုဆိုက်ရောက် စစ်ဆေးလုပ်။
ရောက်ရှိပြီး ကွာရန်တင်းလုပ်ခြင်း၊ ပိုးထပ်စစ်ခြင်းများလုပ်ဆောင်နေကြ။ 
နိုင်ငံအများစုတွင် လူစုလူဝေးများကန့်သတ်ထားဆဲ။ 
မာခ့်စ်တပ်၊ လက်ဆေး ။ လူစုလူဝေးကန့်သတ်ထားကြဆဲ။ 


(၄) ခရီးသွားမှု နှင့်ကန့်သတ်ခြင်း

ကိုဗစ်စဖြစ်တော့ နိုင်ငံတကာမှာ ခရီးသွားလာခြင်းအလွန်များနေ။ တရုပ် (သို့) ဝူးဟန်ကလာသူများကို ကန့်သတ်မှုကို နိုင်ငံတချို့ကသာ လုပ်။ 
ဒီလိုနဲ့မသိလိုက်ဘဲ ဥရောပနိုင်ငံများအကြားရောဂါပျံ့တာမြန်၊
အမေရိကားကတရုပ်နဲ့ခရီးသွားပိတ်သော်လည်းဥရောပမှ ပိုးရှိသူများရောက်။ 
နိုင်ငံတကာခရီးသွားကန့်သတ်ခြင်း၊ ရောက်လာသူများကိုကွာရန်တင်းလုပ်ခြင်း များကို လအတော်ကြာမှလုပ်ကြ။ 

 အိုမီခရွန်အချိန်မှာတော့ နိုင်ငံအများစုမှာ ကိုဗစ်အတွက် ခရီးသွားလာမှုကန့်သတ်ချက်များရှိနေဆဲ။ နိုင်ငံအများအပြားက အိုမီခရွန်ပိုးကူးစက်မှုရှိသော များသော နိုင်ငံများမှ ခရီးသွားများကိုကန့်သတ်ခြင်း ၊ ကွာရန်တင်းလုပ်ခြင်းများ ချက်ချင်းလုပ်ကြ။ 
ဒါပေမယ့် အခုကန့်သတ်တာနည်းနည်းတော့နောက်ကျ၊ 
နိုဝင်ဘာ ၉ ရက်ကတည်းကယူတဲ့တို့ဖတ် အဖြေ ၂၄ ရက်မှထုတ်ပြန်တော့  ၂၅ ရက်နေ့လောက်မှ ကန့်သတ်မှုများစ၊ နိုဝင်ဘာ ၉ -၂၄ ရက်အကြားနိုင်ငံဘယ်လောက်ကိုပျံ့ခဲ့ပြီမသိနိုင်။ ပိတ်သော်လည်း ယူကေ၊ ယူအက်စ်မှာနိုင်ငံထဲစပျံ့နေပြီ။ 

(၅) PPE သုံးစွဲမှုနှင့် ရနိုင်ခြေ


ကိုဗစ်စပျံ့တော့ ကျန်းမာရေးဝန်ထမ်းများနဲ့ ဗော်လံတီယာအများစုက PPE ကိုစနစ်တကျမသုံးတတ်သေး။ စဖြစ်တော့မှ  စတင်သင်ယူကြရ။  အစပိုင်းမှာ နိုင်ငံတိုင်းလိုလို PPE များပြတ်လပ်မှုကြုံရ။

အိုမီခရွန်ပေါ်လာချိန်မှာတော့ ကျန်းမာရေးဝန်ထမ်းများနဲ့ ဗော်လံတီယာအများစုက PPE ကိုစနစ်တကျသုံးတတ်ပြီ။ နိုင်ငံအများစုမှာ PPE များ အပို ဆောင်ထားကြပြီ။


(၆) ကျန်းမာရေးဌာနများနှင့်ဝန်ထမ်းများ

ကိုဗစ်စဖြစ်တော့  ကျန်းမာရေးဌာနတွေမှာ အင်အားအပြည့်၊ ဒါပေမည့်အတွေ့အကြုံမရှိကြသေး။ ဘယ်ကစလို့ဘာလုပ်ရမည်ဆိုတာယောင်ဝါးဝါး။ 
နိုင်ငံအားလုံးနီးပါး အဆင်သင့်မရှိ၊ အတွေ့အကြုံမရှိ၊ စမ်းတဝါးဝါး၊ တရုပ်ကိုဆရာတင်ကြရ။
Guidelines များကို  WHO က ထုတ်ပြန်ပြီးမှ နိုင်ငံအလိုက်ပြန်လည်ပြင်ဆင်ကြရ။  

အိုမီခရွန်ပေါ်လာချိန်မှာတော့ 

နိုင်ငံတိုင်းလိုလိုမှာ ကိုဗစ်ကာကွယ်ကုသခြင်း အတွေ့အကြုံများရှိနေပြီ။ လူနာနှင့် ထိစပ်သူများကိုရှာဖွေခြင်း၊ ကွာရန်တင်းထားခြင်း၊ အရေးပေါ်ကွာရန်တင်းစင်တာများဆောက်ခြင်း၊ ဆေးရုံဆေးခန်းများတွင် ကူးစက်ရောဂါကာကွယ်နည်း ပညာပေး၊ လုပ်ဆောင်မှုများရှိ။ ကာကွယ်၊ ကုသ၊ စီမံခြင်းများအတွက် လမ်းညွှန် Guidelines များ၊ ကုသနည်း Guidelines များပါအဆင်သင့်ရှိနေကြ။ 

ဒါ ပေမယ့် အများစုမှာ ကာလကြာရှည်စာကိုဗစ်ကိုတိုက်ရလို့  ခြေကုန်ကုန်လက်ပမ်းကျ၊ စိတ်ဖိစီး။


(၇) ကုသဆေး


ကိုဗစ်စဖြစ်ပြီး လပေါင်းများစွာကြာသည်အထိ ကုသဖို့ဆေးကိုသေသေချာချာ မသတ်မှတ်နိုင် မထုတ်လုပ်နိုင်သေးဘဲ လပေါင်းများစွာ စမ်းတဝါးဝါး သုတေသနတွေလုပ်ရင်းကုခဲ့ရ။ 

အိုမီခရွန်ခေတ်မှာ 
ဗိုင်းရပ်စ်သတ်ဆေး
-Remdesivir 
-Baricitinib ( emergency use in some cases)
-Favipiravir (နိုင်ငံအချို့တွင်သုံး) 
-Molnupiravir (သေဆုံး၊ ဆေးရုံတင်နှုန်း 
၃၀% လျှော့ချ)
-Ritonavir  အလားအလာကောင်း (သေဆုံး၊ ဆေးရုံတင်နှုန်း ၈၉% လျှော့ချ)
- Bamlanivimab plus etesevimab ( Monoclonal antibody ( emergency use) 

ကိုယ်ခံအား ဖေါက်ပြန်မှုကိုတန်ပြန်ဆေး
-IL-6 inhibitors: anti-IL-6 receptor monoclonal antibodies (mAbs) (e.g., sarilumab, tocilizumab) and anti-IL-6 mAbs (i.e., siltuximab).
စသည့်ဆေးများ အရေးပေါ်အခြေအနေသုံးအဖြစ်ခွင့်ပြုချက်များ ရထားကြ၊ 
ဗီဇပြောင်းလွဲမှုကြောင့် ဆေးတိုးမတိုးကတော့ မသိသေး ။ 










ကိုရိုနာဗိုင်းရပ်စ်   SARS-CoV-2  ဘက်ကရော ဘာတွေပြောင်းလွဲလာလဲ။ 

ကိုရိုနာဗိုင်းရပ်စ်တွေက လူတဦးကနေ တဦးကိုကူးစက်ပျံ့နှံ့ရင်း လူ့ကိုယ်ခံအားနဲ့ ဆေးတွေရဲ့ တန်ပြန်တိုက်ခိုက်မှုဒါဏ်ကိုခံနိုင်ဖို့ ဗီဇပြောင်းလွဲမှုတွေလုပ်ကြပါတယ်။ 

ကူးစက်မှုများလေအဲဒီပြောင်းလွဲမှုတွေများလေပါ။ အိုမီခရွန်မတိုင်ခင် ဒယ်လတာ ၂ တုန်းက ဗီဇပြောင်းလွဲ မှု ၁၀ ခုပဲရှိခဲ့ပါတယ်။ 

ဒီလိုပြောင်းလွဲမှုတွေကြောင့်ကိုယ်ခံအားက Omicron ကို သူတို့တိုက်ခိုက်ရမယ့်  ကိုရိုနာဗိုင်းရပ်လို့ မသိတော့လျင် ထိုးထားတဲ့ ကာကွယ်ဆေးတွေ က မကာကွယ်နိုင်တော့ပါဘူး။

တချိန်တည်းမှာပဲ သူတို့က လူ့ခန္ဓာက ဆဲတွေကိုတိုက်ခိုက်ပုံပြောင်းသွားလို့ရောဂါလက္ခဏားပေးပုံတွေပြောင်းပြီး ပြင်ထန်မှု၊ သေဆုံးမှု၊ နောက်ဆက်တွဲပြသနာပေးနိုင်မှုတွေကွာခြားလာနိုင်ပါတယ်။ 

လက်တွေ့မှာတော့ အဲလို ဗီဇပြောင်းလွဲများတိုင်း လူကိုပိုဒုက္ခပေးတာရယ်တော့မဟုတ်ပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းတယ်ပေါ်တည်ပါတယ်။ 


ကိုရိုနာ ဂျန်ဇီကလေးအိုမီခရွန်၊ 

မူလ ဗီဇတွေထဲက နေရာ ၅၀ ကိုပြောင်းထားတယ်၊ ၃၀ ကျော်က သူ့ကို မှတ်မိနိုင်ဖို့ ကာကွယ်ဆေး အများစုက ပစ်မှတ်ထားတဲ့ မှိုပွင့်ပုံ spike protein နေရာမှာဖြစ်နေတာပါ။

ဒီတော့စိုးရိမ်တာက ကာကွယ်ဆေးထိုးပြီးသူတွေမှာရထားတဲ့ လူ့ကိုယ်ခံအားကသူ့ကို ဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ အမျိုးနွယ်ပါလို့ သိပါ့ မှတ်မိပါ့မလားဆိုတာ အဓိက စိုးရိမ်မှုတွေထဲကတခုပါ။ 

တခါ အဲဒီထဲမှာ ၁၀ ခုက သူက လူသားဆဲတွေထဲ ဝင်ဖို့ ချိတ်ဆက်တဲ့ နေရာမှာသုံးတဲ့ receptor binding domain (RBD) နေရာမှာ ဖြစ်လို့ပိုစိတ်ပူရပြန်တာပါ။  ကိုရိုနာ ဗိုင်းရပ်စ်က လူ့ခန္ဓာ ဆဲမျက်နှာပြင်ပေါ်ရှိ ACE2 receptor ခေါ်တဲ့ ဒလံနဲ့ ချိတ်ဆက်ပါတယ်။ အဲဒီလိုချိတ်ဆက်ဖို့ RBD ကိုသုံးတာပါ။ အဲဒီလို RBD နဲ့ ACE2 တို့ ချိတ်မိတော့မှ ဒလန်ရဲ့ အပေါင်းပါ proteases အင်ဇိုင်းတွေက ဆဲတံခါးဖွင့်ပေးပြီး ဗိုင်းရပ်စ်ကို ဆဲထဲပေးဝင်တာပါ။ လူ့ဆဲထဲဝင်ပြီးတော့ ကိုရိုနာကလေး မျိုးပွားပြီးအကောင်များစွာပြန်ထွက်သွားချိန်မှာ ဆဲလဲပျက်ပြီးကျန်ခဲ့ပါတယ်။ 

ဒီဗီဇပြောင်းလွဲမှုကြောင့် ပိုးရဲ့ ကူးစက်နိုင်ခြေ၊ ရောဂါပေးနိုင်ခြေ၊ ရောဂါပေးပုံနဲ့ ပြင်းထန်မှုတို့ ပြောင်းလွဲကောင်းပြောင်းလွဲနိုင် လို့လည်း စိုးရိမ်ကြပါတယ်။

ခက်တာကသူ့အကြောင်းဘာမျှ သိပ်မသိသေး၊ သူဘယ်လောက်စွမ်းတယ်၊ ဘာတွေ အားနည်းတယ်၊ ဘာတွေနဲ့သတ်လို့ရနိုင်မယ်၊ စတာတွေကိုသိဖို့ ရက်သတ္တပတ် အတော်ကြာဦးမယ်။

အခုထက်ထိသိလာရသမျှကတော့ 

အရင် မူလကိုရိုနာနဲ့အရင်ဗီဇကွဲတွေကူးစက်ခံရလို့ကိုယ်ခံအားရှိထားသူတွေကို ဂျန်ဇီ အိုမီခရွန်ကပြန်လည်ဝင်ရောက်ဒုက္ခပေးနိုင်ပါတယ်။ 

ဖိုင်ဇာကာကွယ်ဆေး ၂ လုံးအထိထိုးထားလို့ရတဲ့ကိုယ်ခံအားတစိတ်တဒေသကို အိုမီခရွန်က ကျော်ဖြတ်နိုင်ပါတယ်။  တတိယတလုံးထပ်ထိုးထားလျင်တော့ အထိုက်အလျှောက်ကာကွယ်နိုင်တယ်ဆိုပါတယ်။ 

ကူးစက်မှုက အရင်ဗီဇကွဲတွေထက်ပိုမြန်ပါတယ်။  ရောဂါပြင်းထန်မှုကိုတော့ပြောလို့မရသေးပါ၊။ 

 

https://www.ft.com/content/42c5ff3d-e676-4076-9b9f-7243a00cba5e

ဒယ်လတာနဲ့ အိုမီခရွန်ရဲ့ဗီဇပြောင်းလွဲမှုများကို ယှဉ်ပြထားပုံ
ttps://static.straitstimes.com.sg/s3fs-public/211201_omicron-mutation.pdf

အိီုခရွန် စတွေတဲ့တောင်အာဖရိကာ လှိုင်းသုံးလှိုင်းမှာ ကြီးစိုးခဲ့တဲ့ ဗီဇကွဲတွေ https://www.ft.com/content/42c5ff3d-e676-4076-9b9f-7243a00cba5e


သူဘယ်လောက်ဆိုးတယ် သူ့ကို ဘယ်လို နှိမ်နင်းမယ်လို့ မသိခင်မှာတော့ နိုင်ငံထဲ ရောက်မလာအောင် တတ်နိုင်သလောဉ် တားဆီးကြမှာပါ။ 

ခရီးသွားကန့်သတ်၊ တိုင်းပြည်တွင်း ဝင်လာသူတွေကို ကွာရန်တင်းလုပ် နည်းမျိုးစုံသုံးပြီး ကိုယ့်နိုင်ငံထဲရောက်လာပြီး ပျံ့နှံ့တာမဖြစ်အောင်တားဆီးဖို့ကျိုးစားကြဆဲပါ။ ဒါတွေကထိရောက်လားဆိုတော့ ယူကေနဲ့ယူအက်စ်မှာတော့ နိုင်ငံထဲမှာပျံ့နေပြီဖြစ်ပါတယ်။ 


ဒီတော့ါ ဝူးဟန်ဗိုင်းရပ်စ်စတွေ့ချိန်နဲ့ အိုမီခရွန်စတွေ့ချိန် အကြား လူသားတွေဘက်က အများကြီး တိုးတက်ပြောင်းလဲလာသလို ဗိုင်းရပ်စ်ဘက်ကလည်း ပြောင်းပါတယ်။ 

ရေမြင့် ကြာမြင့်ပါပဲ၊ ဘယ်သူကပိုသာတယ်ဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။ 


ဒီနှစ်မကုန်ခင်တော့ အိုမီခရွန်အကြောင်းပိုသိလာကြပြီး ဘယ်လိုကိုင်တွယ်မယ်ဆိုတာကိုဆုံးဖြတ်နိုင်ကြမယ်မျှော်လင့်ပါတယ်. 

နိုင်ငံအများစုမှာ ၂၀၂၁ ခရစ်စမတ်ကတော့  အိမ်တွင်းပွဲကလေးတွေဖြစ်ကြမှာပါ။ 

၂၀၂၀ နှစ်သစ်ကူးပွဲမှာတော့ အိုမီခရွန်လည်းပါဝင်ဆင်နွှဲနိုင်ပါတယ်. 

လောလောဆယ် ကမ္ဘာအနှံ့မှာပွဲကြမ်းနေသေးတာကတော့ ဒယ်လတာပါပဲ။ 

ဒယ်လတာဖြစ်ဖြစ် အိုမီခရွန်ဖြစ်ဖြစ် ကျနော်တို့အားလုံးလုပ်နေကြရဦးမှာကတော့ 

- ခပ်ခွာခွာနေ
- မာ့ခ်စ်တပ်
-လေကောင်းလေသန့်ရရန် အိမ်၊ အဆောက်အဦများပြူတင်းများဖွင့်ထား။
-လေဝင်လေထွက်မကောင်းသောနေရာ၊ လူစုလူဝေးများကိုရှောင်၊
- လက်ဆေး၊လက်ကိုပိုးသတ်
-ချောင်းဆိုးနှာချေလျင် တံတောင်ကွေး၊ တစ်သျုူးဖြင့်အုပ်ကာပြီး ဆိုး/ချေ။
- ကာကွယ်ဆေးရတာနဲ့ထိုး။
-ဖြစ်တာနဲ့ သေချာစစ်ဆေးကုသ ဖို့ပါ


ဒေါက်တာအောင်
(ဥဿာ)
၁၂-၁၂-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/12/blog-post.html

Thursday 2 December 2021

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေထိုးလို့သွေးကင်ဆာဖြစ်တယ်ဆိုတဲ့ သတင်းအမှား

 

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေထိုးလို့သွေးကင်ဆာဖြစ်တယ်ဆိုတဲ့ သတင်းအမှား   

ဒီရက်အတွင်းမြန်မာဖေ့ဘုတ်မှာ တွေ့ရတာကတော့ တရုပ်ပြည်ကထွက်ပြေးလာတဲ့ ဆရာဝန်ပြောပြချက်အရ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehyde ပါလို့ သွေးကင်ဆာဖြစ်သူတွေရှိတယ်၊ ဒါကိုတရုပ်အစိုးရကဖုံးထားတယ် ဆိုတာပါပဲ။ 

အာဏာသိမ်းစစ်ကောင်စီက အရင်အစိုးရစီစဉ်ထားတဲ့  Covishield ဆေးတွေကိုမယူတော့ဘဲ ငွေတွေကိုလုသွားလို့ တရုပ်ကာကွယ်ဆေးကို အားကိုးနေရတဲ့ မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်အထက် ကလေးတွေကိုပါ  Sinovac  ဆေးထိုးတော့မယ်ဆိုတော့ ဒီသတင်းမှန် မမှန် သေချာစိစစ်ဖို့လိုလာပါပြီ။ 


သတင်းအမှား

ဒီ Sinopharm နဲ့ Sinovac  ကာကွယ်ဆေးတွေကိုတရုပ်ပြည်မှာတင်သုံးတာမဟုတ်ဘဲ ပြည်ပနိုင်ငံများစွာမှာလည်းသုတေသနတွေမှာပါဝင်ကြပြီး သန်းနဲ့ချီပြီး ထိုးကြပါတယ်။ ဒီပို့စ်ထဲကလို သွေးကင်ဆာဖြစ်တယ်ဆိုတာဘာသတင်းမှ မရှိပါ၊ 


သေချာလေ့လာကြည့်တဲ့အခါမှာလည်း လေ့လာတွေ့ရှိချက် အရ အဲဒီပြောဆိုချက်က  အမှား ဆိုတာသေချာပါတယ်။  

သူတို့ကိုးကားထားတဲ့ တွိတာ တွိ ကလည်းမရှိတော့ပါ။ 

လေ့လာတွေ့ရှိထားတာတွေကတော့ ---

Formaldehyde ဆိုတာဘာလဲ 

အနံ့ပြင်း ၊ အရောင်မဲ့ သဘာဝဓါတ်ပေါင်းတခုဖြစ်ပြီး ရေမှာ ပျော်ဝင်လျင် ဖေါ်မလင်ဟုခေါ်။ 

လူ့ခန္ဓာမှာ 

သဘာဝအရ လူ့နဲ့ တိရိစ္ဆာန်တချို့တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Formaldehyde ထုတ် ပြီးသုံးပါတယ်။ 

ပမာဏကတော့ နည်းပါတယ်။ 

ပတ်ဝန်းကျင်မှာ 

ကျနော်တို့ပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေ ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ 

ယူအက်စ် စားသုံးသူများ ဘေးကင်းရေးကော်မရှင် ရဲ့ ၁၉၉၇ အစီရင်ခံစာအရ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်မှာ အဲဒီ Formaldehyde က ဘေးအန္တရာယ်မပြုနိုင်တဲ့ပမာဏ (  0.03 ppm ထက်နည်း) နဲ့ အမြဲရှိနေပါတယ်။ 

သဘာဝပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေရှိပါတယ်။ 

ရေ၊ အစားအသောက်၊ တချို့ အသီးများ၊ Processed food  များ၊ အရက် စသည်တို့မှာလည်းပါပါယ်။ 

အိမ်တွေမှာသုံးတဲ့ ကြမ်းတိုက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်ပျော့ဆေးရည်၊ ဖိနပ်ဆေး၊ ကားဆေးဆပ်ပြာ၊ ကော်၊ ကော်ဇော ဆိုဖာသန့်ဆေး၊ ပိုးသတ်ဆေး စသည်တို့မှာပါပါတယ်။ 

ပါးစပ်ဆေး ဆေးရည်၊ မိတ်ကပ်တွေကအစမလွတ်ပါ။ 

အသုံးအဆောင်တွေမှာလည်း ပရိဘောဂ၊ ကြိတ်သား၊ ဖယောင်းပုဆိုးကစလို့ အိမ်ထဲမှာ Formaldehyde ထုတ်နေတဲ့ ပစ္စည်းတွေ မလွတ်ပါ။ 

အဆိုးဆုံးကတော့ မော်တော်ကာအိပ်ဇောအငွေ့တွေမှာ အတော်များပါတယ်။ 

ပိုစုံအောင်ဖတ်ချင်လျင် Formaldehyde | SA Health မှာဖတ်ပါ။ 

Formaldehyde က ကာကွယ်ဆေးတွေမှာ ပါဝင်နိုင်သလား 

ကာကွယ်ဆေးတချို့မှာ ပိုးမွှာကိုကာကွယ်ဆေးထဲမှာသုံးဖို့  သေအောင်လုပ်တဲ့ အဆင့်မှာ Formaldehyde  သုံးတာတွေရှိပါတယ်။ ကာကွယ်ဆေးဖြစ်လာတဲ့အခါ အဲဒီ Formaldehyde တချို့ရဲ့အကြွင်းအကျန်တွေပါကောင်းပါလာနိုင်ပါတယ်။ ဒါပေမယ့် ပမာဏကတော့ အလွန်နည်းပါတယ်။ 
ကာကွယ်ဆေးတိုင်းတော့မဟုတ်၊ ထုတ်လုပ်တဲ့နည်းပညာပေါ်တည်ပါတယ်။  Inactivated vaccine  ဆိုတဲ့အမျိုးအစားတချို့မှာပါပါတယ်။ 
၅ နှစ်အောက်ကလေးတွေမှာထိုးတဲ့ ကာကွယ်ဆေးတချို့မှာလည်းပါပါတယ်။ ဒါပေမယ့် အဲဒီပမာဏက ကလေးပိစိကွေးတွေအတွက်တောင် အန္တရာယ်မရှိဘူးလို့ဆိုပါတယ်။ 
လူ့ခန္ဓာထဲမှာ သဘာဝအလျှောက် ရှိနေပြီးသားဖြစ်တဲ့ Formaldehyde ပမာဏက ကာကွယ်ဆေးထဲပါတဲ့ Formaldehyde ပမာဏထက်ပိုများတယ်လို့ါ အမေရိကန်  CDC  ကဆိုပါတယ်။ 
အဲဒီလို Formaldehyde  ပါတဲ့ကာကွယ်ဆေးတွေစာရင်းဖတ်ချင်လျင် ဒီမှာဖတ်ပါ Vaccine Ingredients – Formaldehyde | Children's Hospital of Philadelphia (chop.edu)

တိရိစ္ဆာန်တွေကို ဘေးကင်းစွာတိုက်ကြွေးတဲ့ သောက်ရေထဲ မှာ ကာကွယ်ဆေးထဲပါတဲ့  formaldehyde  ပမာဏထက် အဆ ၆၀၀ ကျော် ပါတယ် ဆိုပါတယ်။ 
 ယူအက်စ်တွေသုံးနေသော formaldehyde  ပါသောကာကွယ်ဆေးများ

What's in Vaccines? Ingredients and Vaccine Safety | CDC

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehy ပါသလား။ 

Sinopharm နဲ့ Sinovac ဆေးတွေက  Inactivated vaccine  အနေနဲ့ထုတ်လုပ်လို့ ဗိုင်းရပ်စ်ကိုသတ်ဖို့ Formaldehyde သုံးတယ်လို့ ယူဆပြီးရေးကြတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ်တော့ မသုံးပါ။ ဆေးထဲမှာပါဝင်တဲ့ပစ္စည်းတွေထဲမှာ Formaldehyde ကို ထည့်သွင်းဖေါပြတာမရှိပါ၊ 

အဲဒီကာကွယ်ဆေးတွေကိုထုတ်ဖို့ ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone   ကိုသုံးပါတယ်။ အလားတူနည်းပညာသုံး  Covaxin  ဆေးကလည်း အဲဒီ  
beta-propiolactone   ကိုသုံးပါတယ်
။ ဒါကြောင့် အဲဒီပို့စ်တွေမှာရေးတဲ့ Sinopharm နဲ့ Sinovac ဆေးတွေမှာ Formaldehyde ပါတယ်ဆိုတဲ့ အထောက်အထားမရှိပါ။ 

ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone   ကိုသုံးပါတယ်


Formaldehyde ကခန္ဓာကိုယ်ထဲကိုဝင်သွားလျင် ဘာဖြစ်မလဲ 

ပတ်ဝန်းကျင်မှာ Formaldehyde  0.1 ppm ထက်များလျင်  တချို့လူတွေမှာ ( လူနိုင်းမဟုတ်) မျက်စေ့စပ်ခြင်း၊ မျက်ရည်ကျခြင်း၊ နှာရည်ယို၊ ချောင်းဆိုး၊ ပျို့၊ အရေပြားမှာ အနေရခက်အောင် အနှောက်ယှက်ဖြစ်၊ ပန်းနာရင်ကြပ်ထ၊ စတာတွေဖြစ်နိုင်ပါတယ်။ 

Formaldehyde တွေကိုရှူမိ၊ မြိုမိ၊ ထိတွေ့မိလျင်  ကိုယ်ထဲဝင်သွားပြီး သူ့ရဲ့ရေမှာပျော်ဝင်နိုင်တဲ့သဘာဝကြောင့် အလွယ်တကူခြေဖျက်လိုက်နိုင်ပါတယ်။ ဘာမျှဒက္ခကြီးကြီးမားမားပေးနိုင်ပါ။ 


Formaldehyde ကိုကြာရှည်ရှူနေရသူတွေ၊ အများကြီးရှူနေရသူတေ အတွက်ဘာဖြစ်နိုင်လဲ၊

Formaldehyde ကို နှစ်ပေါင်းများစွားတာရှည်ရှူနေရသူတွေ ။ အများကြီးမကြာခဏရှူရသူတွေ ဥပမာ လူသေအလောင်းဆေးထိုးသူတွေ၊ စက်မှုလုပ်ငန်းတချို့မှာ လုပ်သူတွေ မှာ တော့ သွေးကင်ဆာ အပါအဝင် ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကိုပိုများစေပါတယ်။ 


ကာကွယ်ဆေးတွေမှာပါတဲ့  Formaldehyde က သွေးကင်ဆာဖြစ်စေနိုင်သလား

တချို့ ကာကွယ်ဆေးတွေမှာပါတဲ့  Formaldehyde က ပမာဏအလွန်နည်းသလို့ ထိတွေ့တာကလည်း တာရှည်မဟုတ်လို့ ဘာဘေးဥပါဒ်မျှမပေးနိုင်ပါ။ ကလေးငယ်ကလေးတွေမှာတောင် ဒုက္ခမပေးနိုင်ဘူးလို့ဆိုပါတယ်။ 

အချုပ်ဆိုရသော် 

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehyde ပါတယ် ဆိုတဲ့ အထောက်အထားမရှိသလို တခြားကာကွယ်ဆေးတွေမှာပါတဲ့ Formaldehyde ပမာဏကလည်း သွေးကင်ဆာဖြစ်နိုင်လောက်တဲ့ ပမာဏထက် အများကြီး အများကြီး နည်းပါးပါတယ်။ 

အဲဒီ ကာကွယ်ဆေးတွေထဲပါတဲပမာဏထက်များတဲ့ Formaldehyde   တွေကျနော်တို့ခန္ဓာထဲမှာရှိနေပြီး အိမ်တွင်းနဲ့ ပြင်ပပတ်ဝန်းကျင်၊ အထူးသဖြင့် မြို့ကြီးတွေမှာ လည်း Formaldehyde ရှိနေပြီး နေ့စဉ်ရှုနေ မြိုနေကြပါတယ် ။ 

ဒါကြောင့် Sinopharm နဲ့ Sinovac  ကာကွယ်ဆေးထိုးလို့  သွေးကင်ဆာဖြစ်တယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ သတင်းမှားသာဖြစ်ပါတယ်။ 


ဒေါက်တာအောင် ( ဥဿာ) 

၁၃-၁၂-၂၁

https://b-wise-2b-healthy.blogspot.com/2021/12/sinopharm-sinovac.html



ကိုးကား 

Formaldehyde and Cancer Risk - National Cancer Institute 

Formaldehyde (cancer.org)

Formaldehyde | SA Health

Vaccine Ingredients – Formaldehyde | Children's Hospital of Philadelphia (chop.edu)

What's in Vaccines? Ingredients and Vaccine Safety | CDC