Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေထိုးလို့သွေးကင်ဆာဖြစ်တယ်ဆိုတဲ့ သတင်းအမှား
ဒီရက်အတွင်းမြန်မာဖေ့ဘုတ်မှာ တွေ့ရတာကတော့ တရုပ်ပြည်ကထွက်ပြေးလာတဲ့ ဆရာဝန်ပြောပြချက်အရ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ Formaldehyde ပါလို့ သွေးကင်ဆာဖြစ်သူတွေရှိတယ်၊ ဒါကိုတရုပ်အစိုးရကဖုံးထားတယ် ဆိုတာပါပဲ။
အာဏာသိမ်းစစ်ကောင်စီက အရင်အစိုးရစီစဉ်ထားတဲ့ Covishield ဆေးတွေကိုမယူတော့ဘဲ ငွေတွေကိုလုသွားလို့ တရုပ်ကာကွယ်ဆေးကို အားကိုးနေရတဲ့ မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်အထက် ကလေးတွေကိုပါ Sinovac ဆေးထိုးတော့မယ်ဆိုတော့ ဒီသတင်းမှန် မမှန် သေချာစိစစ်ဖို့လိုလာပါပြီ။
![]() |
သတင်းအမှား |
ဒီ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကိုတရုပ်ပြည်မှာတင်သုံးတာမဟုတ်ဘဲ ပြည်ပနိုင်ငံများစွာမှာလည်းသုတေသနတွေမှာပါဝင်ကြပြီး သန်းနဲ့ချီပြီး ထိုးကြပါတယ်။ ဒီပို့စ်ထဲကလို သွေးကင်ဆာဖြစ်တယ်ဆိုတာဘာသတင်းမှ မရှိပါ၊
သေချာလေ့လာကြည့်တဲ့အခါမှာလည်း လေ့လာတွေ့ရှိချက် အရ အဲဒီပြောဆိုချက်က အမှား ဆိုတာသေချာပါတယ်။
သူတို့ကိုးကားထားတဲ့ တွိတာ တွိ ကလည်းမရှိတော့ပါ။
လေ့လာတွေ့ရှိထားတာတွေကတော့ ---
Formaldehyde ဆိုတာဘာလဲ
အနံ့ပြင်း ၊ အရောင်မဲ့ သဘာဝဓါတ်ပေါင်းတခုဖြစ်ပြီး ရေမှာ ပျော်ဝင်လျင် ဖေါ်မလင်ဟုခေါ်။
လူ့ခန္ဓာမှာ
သဘာဝအရ လူ့နဲ့ တိရိစ္ဆာန်တချို့တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Formaldehyde ထုတ် ပြီးသုံးပါတယ်။
ပမာဏကတော့ နည်းပါတယ်။
ပတ်ဝန်းကျင်မှာ
ကျနော်တို့ပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေ ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။
ယူအက်စ် စားသုံးသူများ ဘေးကင်းရေးကော်မရှင် ရဲ့ ၁၉၉၇ အစီရင်ခံစာအရ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်မှာ အဲဒီ Formaldehyde က ဘေးအန္တရာယ်မပြုနိုင်တဲ့ပမာဏ ( 0.03 ppm ထက်နည်း) နဲ့ အမြဲရှိနေပါတယ်။
သဘာဝပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေရှိပါတယ်။
ရေ၊ အစားအသောက်၊ တချို့ အသီးများ၊ Processed food များ၊ အရက် စသည်တို့မှာလည်းပါပါယ်။
အိမ်တွေမှာသုံးတဲ့ ကြမ်းတိုက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်ပျော့ဆေးရည်၊ ဖိနပ်ဆေး၊ ကားဆေးဆပ်ပြာ၊ ကော်၊ ကော်ဇော ဆိုဖာသန့်ဆေး၊ ပိုးသတ်ဆေး စသည်တို့မှာပါပါတယ်။
ပါးစပ်ဆေး ဆေးရည်၊ မိတ်ကပ်တွေကအစမလွတ်ပါ။
အသုံးအဆောင်တွေမှာလည်း ပရိဘောဂ၊ ကြိတ်သား၊ ဖယောင်းပုဆိုးကစလို့ အိမ်ထဲမှာ Formaldehyde ထုတ်နေတဲ့ ပစ္စည်းတွေ မလွတ်ပါ။
အဆိုးဆုံးကတော့ မော်တော်ကာအိပ်ဇောအငွေ့တွေမှာ အတော်များပါတယ်။
ပိုစုံအောင်ဖတ်ချင်လျင် Formaldehyde | SA Health မှာဖတ်ပါ။
Formaldehyde က ကာကွယ်ဆေးတွေမှာ ပါဝင်နိုင်သလား
![]() |
What's in Vaccines? Ingredients and Vaccine Safety | CDC |
Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ Formaldehy ပါသလား။
Sinopharm နဲ့ Sinovac ဆေးတွေက Inactivated vaccine အနေနဲ့ထုတ်လုပ်လို့ ဗိုင်းရပ်စ်ကိုသတ်ဖို့ Formaldehyde သုံးတယ်လို့ ယူဆပြီးရေးကြတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ်တော့ မသုံးပါ။ ဆေးထဲမှာပါဝင်တဲ့ပစ္စည်းတွေထဲမှာ Formaldehyde ကို ထည့်သွင်းဖေါပြတာမရှိပါ၊
အဲဒီကာကွယ်ဆေးတွေကိုထုတ်ဖို့ ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone ကိုသုံးပါတယ်။ အလားတူနည်းပညာသုံး Covaxin ဆေးကလည်း အဲဒီ
beta-propiolactone ကိုသုံးပါတယ်။ ဒါကြောင့် အဲဒီပို့စ်တွေမှာရေးတဲ့ Sinopharm နဲ့ Sinovac ဆေးတွေမှာ Formaldehyde ပါတယ်ဆိုတဲ့ အထောက်အထားမရှိပါ။
![]() |
ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone ကိုသုံးပါတယ် |
Formaldehyde ကခန္ဓာကိုယ်ထဲကိုဝင်သွားလျင် ဘာဖြစ်မလဲ
ပတ်ဝန်းကျင်မှာ Formaldehyde 0.1 ppm ထက်များလျင် တချို့လူတွေမှာ ( လူနိုင်းမဟုတ်) မျက်စေ့စပ်ခြင်း၊ မျက်ရည်ကျခြင်း၊ နှာရည်ယို၊ ချောင်းဆိုး၊ ပျို့၊ အရေပြားမှာ အနေရခက်အောင် အနှောက်ယှက်ဖြစ်၊ ပန်းနာရင်ကြပ်ထ၊ စတာတွေဖြစ်နိုင်ပါတယ်။
Formaldehyde တွေကိုရှူမိ၊ မြိုမိ၊ ထိတွေ့မိလျင် ကိုယ်ထဲဝင်သွားပြီး သူ့ရဲ့ရေမှာပျော်ဝင်နိုင်တဲ့သဘာဝကြောင့် အလွယ်တကူခြေဖျက်လိုက်နိုင်ပါတယ်။ ဘာမျှဒက္ခကြီးကြီးမားမားပေးနိုင်ပါ။
Formaldehyde ကိုကြာရှည်ရှူနေရသူတွေ၊ အများကြီးရှူနေရသူတေ အတွက်ဘာဖြစ်နိုင်လဲ၊
Formaldehyde ကို နှစ်ပေါင်းများစွားတာရှည်ရှူနေရသူတွေ ။ အများကြီးမကြာခဏရှူရသူတွေ ဥပမာ လူသေအလောင်းဆေးထိုးသူတွေ၊ စက်မှုလုပ်ငန်းတချို့မှာ လုပ်သူတွေ မှာ တော့ သွေးကင်ဆာ အပါအဝင် ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကိုပိုများစေပါတယ်။
ကာကွယ်ဆေးတွေမှာပါတဲ့ Formaldehyde က သွေးကင်ဆာဖြစ်စေနိုင်သလား
တချို့ ကာကွယ်ဆေးတွေမှာပါတဲ့ Formaldehyde က ပမာဏအလွန်နည်းသလို့ ထိတွေ့တာကလည်း တာရှည်မဟုတ်လို့ ဘာဘေးဥပါဒ်မျှမပေးနိုင်ပါ။ ကလေးငယ်ကလေးတွေမှာတောင် ဒုက္ခမပေးနိုင်ဘူးလို့ဆိုပါတယ်။
အချုပ်ဆိုရသော်
Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ Formaldehyde ပါတယ် ဆိုတဲ့ အထောက်အထားမရှိသလို တခြားကာကွယ်ဆေးတွေမှာပါတဲ့ Formaldehyde ပမာဏကလည်း သွေးကင်ဆာဖြစ်နိုင်လောက်တဲ့ ပမာဏထက် အများကြီး အများကြီး နည်းပါးပါတယ်။
အဲဒီ ကာကွယ်ဆေးတွေထဲပါတဲပမာဏထက်များတဲ့ Formaldehyde တွေကျနော်တို့ခန္ဓာထဲမှာရှိနေပြီး အိမ်တွင်းနဲ့ ပြင်ပပတ်ဝန်းကျင်၊ အထူးသဖြင့် မြို့ကြီးတွေမှာ လည်း Formaldehyde ရှိနေပြီး နေ့စဉ်ရှုနေ မြိုနေကြပါတယ် ။
ဒါကြောင့် Sinopharm နဲ့ Sinovac ကာကွယ်ဆေးထိုးလို့ သွေးကင်ဆာဖြစ်တယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ သတင်းမှားသာဖြစ်ပါတယ်။
ဒေါက်တာအောင် ( ဥဿာ)
၁၃-၁၂-၂၁
https://b-wise-2b-healthy.blogspot.com/2021/12/sinopharm-sinovac.html
ကိုးကား
Formaldehyde and Cancer Risk - National Cancer Institute
Vaccine Ingredients – Formaldehyde | Children's Hospital of Philadelphia (chop.edu)
What's in Vaccines? Ingredients and Vaccine Safety | CDC
No comments:
Post a Comment