Sunday 12 December 2021

ကိုရိုနာ နဲ့ လူသားတို့အကြားကစစ်ပွဲ ၂၀၂၀ နဲ့ ၂၀၂၁၊ ဘယ်ဘက်က ဘာတွေပြောင်းလွဲလာပြီလဲ။

ကိုရိုနာ နဲ့ လူသားတို့အကြားကစစ်ပွဲ  ၂၀၂၀ နဲ့  ၂၀၂၁၊ 

ဘယ်ဘက်က ဘာတွေပြောင်းလွဲလာပြီလဲ။ 

လွန်ခဲ့သော ၂ နှစ် နီးပါးက SARS-CoV-2 ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ်သေးသေးကလေး‌က ကမ္ဘာဂြိုဟ်ရဲ့ အသိဉာဏ်ပညာအဆင့်အမြင့်ဆုံးဆိုတဲ့ လူသားတွေကို စိန်ခေါ်တိုက်ခိုက်ခဲ့ပါတယ်။

ဟုတ်ကဲ့ လူသားတွေဘက်က အခုထိ အလဲလဲ အကွဲကွဲပါ။ 

သူ့ရဲ့ရန်ကို ကာကွယ်ဖို့ အိမ်တွင်းပုန်းရင်း ကာကွယ်ဆေးတွေထုတ်ကြထိုးကြ၊ သူ့ကိုသတ်နိုင်မယ့်ဆေးတွေထုတ်၊ သူ့ကြောင့်ဖြစ်လာတဲ့ ကိုယ်ခံအားကမောက်ကမဖြစ်တာ၊ ကိုယ်အင်္ဂါအစိပ်အပိုင်းတွေ ရောင်ရမ်းထိခိုက်တာကို ထိန်းဖို့ဆေးတွေစမ်းကြ။ ဒီလိုနဲ့  တနှစ်ကျော် ၂နှစ်နီးပါး ကြာလို့ အတော်ကလေး အဆင်သင့်ဖြစ်ပြီ အိမ်ပြင်ထွက်တိုက်ကြတော့မယ်ဆိုတော့ ကိုရိုနာက သူ့ရဲ့ ဂျန်ဇီ Sino-African ကပြားကလေး အိုမီခရွန်ကို မွေးပေးလိုက်ပါတယ်။

တကမ္ဘာလုံး ပြာယာခတ်သွားပါပြီ၊

ဖွင့်လက်စတံခါးတွေ ပြန်ပိတ်သူပိတ်၊ ကာသူကာ။ 

 စိုးရိမ်ကြရတဲ့ အကြောင်းရင်ကတော့ သူက မူလ ဗီဇတွေထဲက နေရာ ၅၀ ကိုပြောင်းလဲထားတယ်၊ ၃၀ ကျော်က သူ့ကို မှတ်မိနိုင်ဖို့ ကာကွယ်ဆေး အများစုက ပစ်မှတ်ထားတဲ့ မှိုပွင့်ပုံ spike protein နေရာမှာဖြစ်နေတာပါ။ သူ့အကြောင်းသေချာသိဖို့က ရက်သတ္တအတော်ကြာကြာစောင့်ကြရဦးမယ်။ 

ဒီတော့ ၂၀၂၀ နှစ်ဆန်းပိုင်း ကိုရိုနာဗိုင်းရပ်စ်သစ် SARS-CoV-2 (ဝူးဟန်ဗိုင်းရပ်စ်) ရဲ့ အလစ်တိုက်ခိုက်မှုကို ခံရချိန်နဲ့ အခု သူတို့ရဲ့ ဂျန်ဇီ အိုမီခရွန်ရဲ့ တိုက်ခိုက်မှုခံရချိန် နှစ်ခုအကြား ၂ နှစ်နီးပါးကာလအတွင် နှစ်ဘက် အခြေအနေတွေဘယ်လိုပြောင်းလာသလဲ။ 

စနစ်တကျလုပ်ထားတဲ့ သုတေသနတော့မဟုတ်ပါ။

လူသားတွေဘက်က အနေအထားကို အရင်ကြည့်ရအောင်။ 

(၁) ရန်သူကိုစစ်ဆေးသိရှိနိုင်ဖို့ စမ်းသပ်ရန် ဓါတ်ခွဲပစ္စည်းနှင့်နည်းပညာ

၂၀၂၀ တုန်းက ကိုရိုနာဗိုင်းရပ်စတင်တိုက်ခိုက်တာခံရစဉ်က နိုင်ငံအများစုတွင်  SARS-CoV-2  ဗိုင်းရပ်စ်ကိုစစ်နိုင်သည့်ဓါတ်ခွဲခန်း၊ ပစ္စည်းမရှိသေး၊ အချို့ နိုင်ငံများ ၂ လကျော်ထိစောင့်ရ။ 

၂၀၂၁ နှစ်ကုန်ပိုင်း အိုမီခရွန်ထွက်လာချိန်မှာ 

နိုင်ငံအများစုတွင် PCR သာမက ART၊  RTD, antibody စမ်းဖို့ serology test တွေ ပါရှိ၊  Omicron  ဟုတ်မဟုတ်ခွဲခြားသည့်  genome sequencing  လုပ်နိုင်သည့်နိုင်ငံ မများသေးသော်လည်း    PCR ဖြင့် အကြမ်းဖျင်းခွဲခြားနိုင်ပါပြီ၊ 


(၂) ကာကွယ်ဆေး
ကိုရိုနာဗိုင်းရပ်စ်အသစ်ရဲ့ ဗီဇကိုသတင်ခွဲခြားသိရှိပြီးနောက်တနှစ်ကြာမှ ပထိဆုံးကာကွယ်ဆေးကို အရေးပေါ်အခြေအနေမှာသုံးခွင့်ရတာပါ။ 
အိုမီခရွန်ထွက်လာချိန်မှာ  WHO   ကအတည်ပြုထားတဲ့ကာကွယ်ဆေး  ၇ မျိုးကိုကမ္ဘာအနှံ့မှာ ထိုးနှံနေကြတာ ၁၀ လလောက်ရှိပါပြီ။ အခုထိတွေ့ရှိချက်များအရ လက်ရှိထိုးနေတဲ့ကာကွယ်ဆေး ၂ လုံးထိုးပြီးသူတွေမှာ အိုမီခရွန်ကိုတားဆီးနိုင်စွမ်းနည်းပါးနေသေးပေမယ်ံ တတိယတလုံး ( JJ  အတွက်တော့ ဒုတိယအလုံး) ထိုးပြီးသူတွေမှာ ၇၅% အထိကာကွယ်နိုင်တယ်ဆိုပါတယ်။ အထောက်ထား အချက်အလက်တွေတော့ထပ် လိုပါသေးတယ်။ လက်ရှိဆေးကို အိုမီခရွန်ကာကာကွယ်နိုင်ဖို့ထပ်ဆင့်အဆင့်မြှင့်ဖို့လိုလျင်လည်း ရက် ၁၀၀ အတွင်း အဲဒီဆေးရနိုင်မယ်ဆိုပါတယ်။ 


(၃) ရောဂါကာကွယ်ရေးနည်းလမ်းများနဲ့ အတွေ့အကြုံ

ကိုဗစ် ဖြစ်ကာစတွင် နိုင်ငံအများစုကအဆင်သင့်မဖြစ်။
ခရီးသွားများကို စစ်ဆေးချိန်တွင် ကိုယ်အပူချိန်တိုင်းခြင်း၊ ဖျားနာ၊ အသက်ရှူလမ်းကြောင်းရောဂါလက်ခဏာ ရှိမရှိ၊ ခရီးသွားရာဇဝင်လောက်သာမေးနိုင်။ အဖျားမရှိဘဲပိုးရှိသူများကိုလွတ်၊ 
ပြည်သူအများစုက ရောဂါကူးစက်မှုကိုကာကွယ်နည်းများမသိကြသေး၊ မကျင့်သုံးကြသေး 

အိုမီခရွန်ပေါ်လာချိန်မှာ 
နိုင်ငံအများစုက နိုင်ငံကိုဝင်မည့်သူများကို  SARS CoV-2 PCR test စစ်ပြီးမှလက်ခံ၊ တချို့ဆိုဆိုက်ရောက် စစ်ဆေးလုပ်။
ရောက်ရှိပြီး ကွာရန်တင်းလုပ်ခြင်း၊ ပိုးထပ်စစ်ခြင်းများလုပ်ဆောင်နေကြ။ 
နိုင်ငံအများစုတွင် လူစုလူဝေးများကန့်သတ်ထားဆဲ။ 
မာခ့်စ်တပ်၊ လက်ဆေး ။ လူစုလူဝေးကန့်သတ်ထားကြဆဲ။ 


(၄) ခရီးသွားမှု နှင့်ကန့်သတ်ခြင်း

ကိုဗစ်စဖြစ်တော့ နိုင်ငံတကာမှာ ခရီးသွားလာခြင်းအလွန်များနေ။ တရုပ် (သို့) ဝူးဟန်ကလာသူများကို ကန့်သတ်မှုကို နိုင်ငံတချို့ကသာ လုပ်။ 
ဒီလိုနဲ့မသိလိုက်ဘဲ ဥရောပနိုင်ငံများအကြားရောဂါပျံ့တာမြန်၊
အမေရိကားကတရုပ်နဲ့ခရီးသွားပိတ်သော်လည်းဥရောပမှ ပိုးရှိသူများရောက်။ 
နိုင်ငံတကာခရီးသွားကန့်သတ်ခြင်း၊ ရောက်လာသူများကိုကွာရန်တင်းလုပ်ခြင်း များကို လအတော်ကြာမှလုပ်ကြ။ 

 အိုမီခရွန်အချိန်မှာတော့ နိုင်ငံအများစုမှာ ကိုဗစ်အတွက် ခရီးသွားလာမှုကန့်သတ်ချက်များရှိနေဆဲ။ နိုင်ငံအများအပြားက အိုမီခရွန်ပိုးကူးစက်မှုရှိသော များသော နိုင်ငံများမှ ခရီးသွားများကိုကန့်သတ်ခြင်း ၊ ကွာရန်တင်းလုပ်ခြင်းများ ချက်ချင်းလုပ်ကြ။ 
ဒါပေမယ့် အခုကန့်သတ်တာနည်းနည်းတော့နောက်ကျ၊ 
နိုဝင်ဘာ ၉ ရက်ကတည်းကယူတဲ့တို့ဖတ် အဖြေ ၂၄ ရက်မှထုတ်ပြန်တော့  ၂၅ ရက်နေ့လောက်မှ ကန့်သတ်မှုများစ၊ နိုဝင်ဘာ ၉ -၂၄ ရက်အကြားနိုင်ငံဘယ်လောက်ကိုပျံ့ခဲ့ပြီမသိနိုင်။ ပိတ်သော်လည်း ယူကေ၊ ယူအက်စ်မှာနိုင်ငံထဲစပျံ့နေပြီ။ 

(၅) PPE သုံးစွဲမှုနှင့် ရနိုင်ခြေ


ကိုဗစ်စပျံ့တော့ ကျန်းမာရေးဝန်ထမ်းများနဲ့ ဗော်လံတီယာအများစုက PPE ကိုစနစ်တကျမသုံးတတ်သေး။ စဖြစ်တော့မှ  စတင်သင်ယူကြရ။  အစပိုင်းမှာ နိုင်ငံတိုင်းလိုလို PPE များပြတ်လပ်မှုကြုံရ။

အိုမီခရွန်ပေါ်လာချိန်မှာတော့ ကျန်းမာရေးဝန်ထမ်းများနဲ့ ဗော်လံတီယာအများစုက PPE ကိုစနစ်တကျသုံးတတ်ပြီ။ နိုင်ငံအများစုမှာ PPE များ အပို ဆောင်ထားကြပြီ။


(၆) ကျန်းမာရေးဌာနများနှင့်ဝန်ထမ်းများ

ကိုဗစ်စဖြစ်တော့  ကျန်းမာရေးဌာနတွေမှာ အင်အားအပြည့်၊ ဒါပေမည့်အတွေ့အကြုံမရှိကြသေး။ ဘယ်ကစလို့ဘာလုပ်ရမည်ဆိုတာယောင်ဝါးဝါး။ 
နိုင်ငံအားလုံးနီးပါး အဆင်သင့်မရှိ၊ အတွေ့အကြုံမရှိ၊ စမ်းတဝါးဝါး၊ တရုပ်ကိုဆရာတင်ကြရ။
Guidelines များကို  WHO က ထုတ်ပြန်ပြီးမှ နိုင်ငံအလိုက်ပြန်လည်ပြင်ဆင်ကြရ။  

အိုမီခရွန်ပေါ်လာချိန်မှာတော့ 

နိုင်ငံတိုင်းလိုလိုမှာ ကိုဗစ်ကာကွယ်ကုသခြင်း အတွေ့အကြုံများရှိနေပြီ။ လူနာနှင့် ထိစပ်သူများကိုရှာဖွေခြင်း၊ ကွာရန်တင်းထားခြင်း၊ အရေးပေါ်ကွာရန်တင်းစင်တာများဆောက်ခြင်း၊ ဆေးရုံဆေးခန်းများတွင် ကူးစက်ရောဂါကာကွယ်နည်း ပညာပေး၊ လုပ်ဆောင်မှုများရှိ။ ကာကွယ်၊ ကုသ၊ စီမံခြင်းများအတွက် လမ်းညွှန် Guidelines များ၊ ကုသနည်း Guidelines များပါအဆင်သင့်ရှိနေကြ။ 

ဒါ ပေမယ့် အများစုမှာ ကာလကြာရှည်စာကိုဗစ်ကိုတိုက်ရလို့  ခြေကုန်ကုန်လက်ပမ်းကျ၊ စိတ်ဖိစီး။


(၇) ကုသဆေး


ကိုဗစ်စဖြစ်ပြီး လပေါင်းများစွာကြာသည်အထိ ကုသဖို့ဆေးကိုသေသေချာချာ မသတ်မှတ်နိုင် မထုတ်လုပ်နိုင်သေးဘဲ လပေါင်းများစွာ စမ်းတဝါးဝါး သုတေသနတွေလုပ်ရင်းကုခဲ့ရ။ 

အိုမီခရွန်ခေတ်မှာ 
ဗိုင်းရပ်စ်သတ်ဆေး
-Remdesivir 
-Baricitinib ( emergency use in some cases)
-Favipiravir (နိုင်ငံအချို့တွင်သုံး) 
-Molnupiravir (သေဆုံး၊ ဆေးရုံတင်နှုန်း 
၃၀% လျှော့ချ)
-Ritonavir  အလားအလာကောင်း (သေဆုံး၊ ဆေးရုံတင်နှုန်း ၈၉% လျှော့ချ)
- Bamlanivimab plus etesevimab ( Monoclonal antibody ( emergency use) 

ကိုယ်ခံအား ဖေါက်ပြန်မှုကိုတန်ပြန်ဆေး
-IL-6 inhibitors: anti-IL-6 receptor monoclonal antibodies (mAbs) (e.g., sarilumab, tocilizumab) and anti-IL-6 mAbs (i.e., siltuximab).
စသည့်ဆေးများ အရေးပေါ်အခြေအနေသုံးအဖြစ်ခွင့်ပြုချက်များ ရထားကြ၊ 
ဗီဇပြောင်းလွဲမှုကြောင့် ဆေးတိုးမတိုးကတော့ မသိသေး ။ 










ကိုရိုနာဗိုင်းရပ်စ်   SARS-CoV-2  ဘက်ကရော ဘာတွေပြောင်းလွဲလာလဲ။ 

ကိုရိုနာဗိုင်းရပ်စ်တွေက လူတဦးကနေ တဦးကိုကူးစက်ပျံ့နှံ့ရင်း လူ့ကိုယ်ခံအားနဲ့ ဆေးတွေရဲ့ တန်ပြန်တိုက်ခိုက်မှုဒါဏ်ကိုခံနိုင်ဖို့ ဗီဇပြောင်းလွဲမှုတွေလုပ်ကြပါတယ်။ 

ကူးစက်မှုများလေအဲဒီပြောင်းလွဲမှုတွေများလေပါ။ အိုမီခရွန်မတိုင်ခင် ဒယ်လတာ ၂ တုန်းက ဗီဇပြောင်းလွဲ မှု ၁၀ ခုပဲရှိခဲ့ပါတယ်။ 

ဒီလိုပြောင်းလွဲမှုတွေကြောင့်ကိုယ်ခံအားက Omicron ကို သူတို့တိုက်ခိုက်ရမယ့်  ကိုရိုနာဗိုင်းရပ်လို့ မသိတော့လျင် ထိုးထားတဲ့ ကာကွယ်ဆေးတွေ က မကာကွယ်နိုင်တော့ပါဘူး။

တချိန်တည်းမှာပဲ သူတို့က လူ့ခန္ဓာက ဆဲတွေကိုတိုက်ခိုက်ပုံပြောင်းသွားလို့ရောဂါလက္ခဏားပေးပုံတွေပြောင်းပြီး ပြင်ထန်မှု၊ သေဆုံးမှု၊ နောက်ဆက်တွဲပြသနာပေးနိုင်မှုတွေကွာခြားလာနိုင်ပါတယ်။ 

လက်တွေ့မှာတော့ အဲလို ဗီဇပြောင်းလွဲများတိုင်း လူကိုပိုဒုက္ခပေးတာရယ်တော့မဟုတ်ပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းတယ်ပေါ်တည်ပါတယ်။ 


ကိုရိုနာ ဂျန်ဇီကလေးအိုမီခရွန်၊ 

မူလ ဗီဇတွေထဲက နေရာ ၅၀ ကိုပြောင်းထားတယ်၊ ၃၀ ကျော်က သူ့ကို မှတ်မိနိုင်ဖို့ ကာကွယ်ဆေး အများစုက ပစ်မှတ်ထားတဲ့ မှိုပွင့်ပုံ spike protein နေရာမှာဖြစ်နေတာပါ။

ဒီတော့စိုးရိမ်တာက ကာကွယ်ဆေးထိုးပြီးသူတွေမှာရထားတဲ့ လူ့ကိုယ်ခံအားကသူ့ကို ဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ အမျိုးနွယ်ပါလို့ သိပါ့ မှတ်မိပါ့မလားဆိုတာ အဓိက စိုးရိမ်မှုတွေထဲကတခုပါ။ 

တခါ အဲဒီထဲမှာ ၁၀ ခုက သူက လူသားဆဲတွေထဲ ဝင်ဖို့ ချိတ်ဆက်တဲ့ နေရာမှာသုံးတဲ့ receptor binding domain (RBD) နေရာမှာ ဖြစ်လို့ပိုစိတ်ပူရပြန်တာပါ။  ကိုရိုနာ ဗိုင်းရပ်စ်က လူ့ခန္ဓာ ဆဲမျက်နှာပြင်ပေါ်ရှိ ACE2 receptor ခေါ်တဲ့ ဒလံနဲ့ ချိတ်ဆက်ပါတယ်။ အဲဒီလိုချိတ်ဆက်ဖို့ RBD ကိုသုံးတာပါ။ အဲဒီလို RBD နဲ့ ACE2 တို့ ချိတ်မိတော့မှ ဒလန်ရဲ့ အပေါင်းပါ proteases အင်ဇိုင်းတွေက ဆဲတံခါးဖွင့်ပေးပြီး ဗိုင်းရပ်စ်ကို ဆဲထဲပေးဝင်တာပါ။ လူ့ဆဲထဲဝင်ပြီးတော့ ကိုရိုနာကလေး မျိုးပွားပြီးအကောင်များစွာပြန်ထွက်သွားချိန်မှာ ဆဲလဲပျက်ပြီးကျန်ခဲ့ပါတယ်။ 

ဒီဗီဇပြောင်းလွဲမှုကြောင့် ပိုးရဲ့ ကူးစက်နိုင်ခြေ၊ ရောဂါပေးနိုင်ခြေ၊ ရောဂါပေးပုံနဲ့ ပြင်းထန်မှုတို့ ပြောင်းလွဲကောင်းပြောင်းလွဲနိုင် လို့လည်း စိုးရိမ်ကြပါတယ်။

ခက်တာကသူ့အကြောင်းဘာမျှ သိပ်မသိသေး၊ သူဘယ်လောက်စွမ်းတယ်၊ ဘာတွေ အားနည်းတယ်၊ ဘာတွေနဲ့သတ်လို့ရနိုင်မယ်၊ စတာတွေကိုသိဖို့ ရက်သတ္တပတ် အတော်ကြာဦးမယ်။

အခုထက်ထိသိလာရသမျှကတော့ 

အရင် မူလကိုရိုနာနဲ့အရင်ဗီဇကွဲတွေကူးစက်ခံရလို့ကိုယ်ခံအားရှိထားသူတွေကို ဂျန်ဇီ အိုမီခရွန်ကပြန်လည်ဝင်ရောက်ဒုက္ခပေးနိုင်ပါတယ်။ 

ဖိုင်ဇာကာကွယ်ဆေး ၂ လုံးအထိထိုးထားလို့ရတဲ့ကိုယ်ခံအားတစိတ်တဒေသကို အိုမီခရွန်က ကျော်ဖြတ်နိုင်ပါတယ်။  တတိယတလုံးထပ်ထိုးထားလျင်တော့ အထိုက်အလျှောက်ကာကွယ်နိုင်တယ်ဆိုပါတယ်။ 

ကူးစက်မှုက အရင်ဗီဇကွဲတွေထက်ပိုမြန်ပါတယ်။  ရောဂါပြင်းထန်မှုကိုတော့ပြောလို့မရသေးပါ၊။ 

 

https://www.ft.com/content/42c5ff3d-e676-4076-9b9f-7243a00cba5e

ဒယ်လတာနဲ့ အိုမီခရွန်ရဲ့ဗီဇပြောင်းလွဲမှုများကို ယှဉ်ပြထားပုံ
ttps://static.straitstimes.com.sg/s3fs-public/211201_omicron-mutation.pdf

အိီုခရွန် စတွေတဲ့တောင်အာဖရိကာ လှိုင်းသုံးလှိုင်းမှာ ကြီးစိုးခဲ့တဲ့ ဗီဇကွဲတွေ https://www.ft.com/content/42c5ff3d-e676-4076-9b9f-7243a00cba5e


သူဘယ်လောက်ဆိုးတယ် သူ့ကို ဘယ်လို နှိမ်နင်းမယ်လို့ မသိခင်မှာတော့ နိုင်ငံထဲ ရောက်မလာအောင် တတ်နိုင်သလောဉ် တားဆီးကြမှာပါ။ 

ခရီးသွားကန့်သတ်၊ တိုင်းပြည်တွင်း ဝင်လာသူတွေကို ကွာရန်တင်းလုပ် နည်းမျိုးစုံသုံးပြီး ကိုယ့်နိုင်ငံထဲရောက်လာပြီး ပျံ့နှံ့တာမဖြစ်အောင်တားဆီးဖို့ကျိုးစားကြဆဲပါ။ ဒါတွေကထိရောက်လားဆိုတော့ ယူကေနဲ့ယူအက်စ်မှာတော့ နိုင်ငံထဲမှာပျံ့နေပြီဖြစ်ပါတယ်။ 


ဒီတော့ါ ဝူးဟန်ဗိုင်းရပ်စ်စတွေ့ချိန်နဲ့ အိုမီခရွန်စတွေ့ချိန် အကြား လူသားတွေဘက်က အများကြီး တိုးတက်ပြောင်းလဲလာသလို ဗိုင်းရပ်စ်ဘက်ကလည်း ပြောင်းပါတယ်။ 

ရေမြင့် ကြာမြင့်ပါပဲ၊ ဘယ်သူကပိုသာတယ်ဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။ 


ဒီနှစ်မကုန်ခင်တော့ အိုမီခရွန်အကြောင်းပိုသိလာကြပြီး ဘယ်လိုကိုင်တွယ်မယ်ဆိုတာကိုဆုံးဖြတ်နိုင်ကြမယ်မျှော်လင့်ပါတယ်. 

နိုင်ငံအများစုမှာ ၂၀၂၁ ခရစ်စမတ်ကတော့  အိမ်တွင်းပွဲကလေးတွေဖြစ်ကြမှာပါ။ 

၂၀၂၀ နှစ်သစ်ကူးပွဲမှာတော့ အိုမီခရွန်လည်းပါဝင်ဆင်နွှဲနိုင်ပါတယ်. 

လောလောဆယ် ကမ္ဘာအနှံ့မှာပွဲကြမ်းနေသေးတာကတော့ ဒယ်လတာပါပဲ။ 

ဒယ်လတာဖြစ်ဖြစ် အိုမီခရွန်ဖြစ်ဖြစ် ကျနော်တို့အားလုံးလုပ်နေကြရဦးမှာကတော့ 

- ခပ်ခွာခွာနေ
- မာ့ခ်စ်တပ်
-လေကောင်းလေသန့်ရရန် အိမ်၊ အဆောက်အဦများပြူတင်းများဖွင့်ထား။
-လေဝင်လေထွက်မကောင်းသောနေရာ၊ လူစုလူဝေးများကိုရှောင်၊
- လက်ဆေး၊လက်ကိုပိုးသတ်
-ချောင်းဆိုးနှာချေလျင် တံတောင်ကွေး၊ တစ်သျုူးဖြင့်အုပ်ကာပြီး ဆိုး/ချေ။
- ကာကွယ်ဆေးရတာနဲ့ထိုး။
-ဖြစ်တာနဲ့ သေချာစစ်ဆေးကုသ ဖို့ပါ


ဒေါက်တာအောင်
(ဥဿာ)
၁၂-၁၂-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/12/blog-post.html

Thursday 2 December 2021

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေထိုးလို့သွေးကင်ဆာဖြစ်တယ်ဆိုတဲ့ သတင်းအမှား

 

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေထိုးလို့သွေးကင်ဆာဖြစ်တယ်ဆိုတဲ့ သတင်းအမှား   

ဒီရက်အတွင်းမြန်မာဖေ့ဘုတ်မှာ တွေ့ရတာကတော့ တရုပ်ပြည်ကထွက်ပြေးလာတဲ့ ဆရာဝန်ပြောပြချက်အရ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehyde ပါလို့ သွေးကင်ဆာဖြစ်သူတွေရှိတယ်၊ ဒါကိုတရုပ်အစိုးရကဖုံးထားတယ် ဆိုတာပါပဲ။ 

အာဏာသိမ်းစစ်ကောင်စီက အရင်အစိုးရစီစဉ်ထားတဲ့  Covishield ဆေးတွေကိုမယူတော့ဘဲ ငွေတွေကိုလုသွားလို့ တရုပ်ကာကွယ်ဆေးကို အားကိုးနေရတဲ့ မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်အထက် ကလေးတွေကိုပါ  Sinovac  ဆေးထိုးတော့မယ်ဆိုတော့ ဒီသတင်းမှန် မမှန် သေချာစိစစ်ဖို့လိုလာပါပြီ။ 


သတင်းအမှား

ဒီ Sinopharm နဲ့ Sinovac  ကာကွယ်ဆေးတွေကိုတရုပ်ပြည်မှာတင်သုံးတာမဟုတ်ဘဲ ပြည်ပနိုင်ငံများစွာမှာလည်းသုတေသနတွေမှာပါဝင်ကြပြီး သန်းနဲ့ချီပြီး ထိုးကြပါတယ်။ ဒီပို့စ်ထဲကလို သွေးကင်ဆာဖြစ်တယ်ဆိုတာဘာသတင်းမှ မရှိပါ၊ 


သေချာလေ့လာကြည့်တဲ့အခါမှာလည်း လေ့လာတွေ့ရှိချက် အရ အဲဒီပြောဆိုချက်က  အမှား ဆိုတာသေချာပါတယ်။  

သူတို့ကိုးကားထားတဲ့ တွိတာ တွိ ကလည်းမရှိတော့ပါ။ 

လေ့လာတွေ့ရှိထားတာတွေကတော့ ---

Formaldehyde ဆိုတာဘာလဲ 

အနံ့ပြင်း ၊ အရောင်မဲ့ သဘာဝဓါတ်ပေါင်းတခုဖြစ်ပြီး ရေမှာ ပျော်ဝင်လျင် ဖေါ်မလင်ဟုခေါ်။ 

လူ့ခန္ဓာမှာ 

သဘာဝအရ လူ့နဲ့ တိရိစ္ဆာန်တချို့တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Formaldehyde ထုတ် ပြီးသုံးပါတယ်။ 

ပမာဏကတော့ နည်းပါတယ်။ 

ပတ်ဝန်းကျင်မှာ 

ကျနော်တို့ပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေ ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ 

ယူအက်စ် စားသုံးသူများ ဘေးကင်းရေးကော်မရှင် ရဲ့ ၁၉၉၇ အစီရင်ခံစာအရ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်မှာ အဲဒီ Formaldehyde က ဘေးအန္တရာယ်မပြုနိုင်တဲ့ပမာဏ (  0.03 ppm ထက်နည်း) နဲ့ အမြဲရှိနေပါတယ်။ 

သဘာဝပတ်ဝန်းကျင်မှာလည်း ဒီ Formaldehyde တွေရှိပါတယ်။ 

ရေ၊ အစားအသောက်၊ တချို့ အသီးများ၊ Processed food  များ၊ အရက် စသည်တို့မှာလည်းပါပါယ်။ 

အိမ်တွေမှာသုံးတဲ့ ကြမ်းတိုက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်ပျော့ဆေးရည်၊ ဖိနပ်ဆေး၊ ကားဆေးဆပ်ပြာ၊ ကော်၊ ကော်ဇော ဆိုဖာသန့်ဆေး၊ ပိုးသတ်ဆေး စသည်တို့မှာပါပါတယ်။ 

ပါးစပ်ဆေး ဆေးရည်၊ မိတ်ကပ်တွေကအစမလွတ်ပါ။ 

အသုံးအဆောင်တွေမှာလည်း ပရိဘောဂ၊ ကြိတ်သား၊ ဖယောင်းပုဆိုးကစလို့ အိမ်ထဲမှာ Formaldehyde ထုတ်နေတဲ့ ပစ္စည်းတွေ မလွတ်ပါ။ 

အဆိုးဆုံးကတော့ မော်တော်ကာအိပ်ဇောအငွေ့တွေမှာ အတော်များပါတယ်။ 

ပိုစုံအောင်ဖတ်ချင်လျင် Formaldehyde | SA Health မှာဖတ်ပါ။ 

Formaldehyde က ကာကွယ်ဆေးတွေမှာ ပါဝင်နိုင်သလား 

ကာကွယ်ဆေးတချို့မှာ ပိုးမွှာကိုကာကွယ်ဆေးထဲမှာသုံးဖို့  သေအောင်လုပ်တဲ့ အဆင့်မှာ Formaldehyde  သုံးတာတွေရှိပါတယ်။ ကာကွယ်ဆေးဖြစ်လာတဲ့အခါ အဲဒီ Formaldehyde တချို့ရဲ့အကြွင်းအကျန်တွေပါကောင်းပါလာနိုင်ပါတယ်။ ဒါပေမယ့် ပမာဏကတော့ အလွန်နည်းပါတယ်။ 
ကာကွယ်ဆေးတိုင်းတော့မဟုတ်၊ ထုတ်လုပ်တဲ့နည်းပညာပေါ်တည်ပါတယ်။  Inactivated vaccine  ဆိုတဲ့အမျိုးအစားတချို့မှာပါပါတယ်။ 
၅ နှစ်အောက်ကလေးတွေမှာထိုးတဲ့ ကာကွယ်ဆေးတချို့မှာလည်းပါပါတယ်။ ဒါပေမယ့် အဲဒီပမာဏက ကလေးပိစိကွေးတွေအတွက်တောင် အန္တရာယ်မရှိဘူးလို့ဆိုပါတယ်။ 
လူ့ခန္ဓာထဲမှာ သဘာဝအလျှောက် ရှိနေပြီးသားဖြစ်တဲ့ Formaldehyde ပမာဏက ကာကွယ်ဆေးထဲပါတဲ့ Formaldehyde ပမာဏထက်ပိုများတယ်လို့ါ အမေရိကန်  CDC  ကဆိုပါတယ်။ 
အဲဒီလို Formaldehyde  ပါတဲ့ကာကွယ်ဆေးတွေစာရင်းဖတ်ချင်လျင် ဒီမှာဖတ်ပါ Vaccine Ingredients – Formaldehyde | Children's Hospital of Philadelphia (chop.edu)

တိရိစ္ဆာန်တွေကို ဘေးကင်းစွာတိုက်ကြွေးတဲ့ သောက်ရေထဲ မှာ ကာကွယ်ဆေးထဲပါတဲ့  formaldehyde  ပမာဏထက် အဆ ၆၀၀ ကျော် ပါတယ် ဆိုပါတယ်။ 
 ယူအက်စ်တွေသုံးနေသော formaldehyde  ပါသောကာကွယ်ဆေးများ

What's in Vaccines? Ingredients and Vaccine Safety | CDC

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehy ပါသလား။ 

Sinopharm နဲ့ Sinovac ဆေးတွေက  Inactivated vaccine  အနေနဲ့ထုတ်လုပ်လို့ ဗိုင်းရပ်စ်ကိုသတ်ဖို့ Formaldehyde သုံးတယ်လို့ ယူဆပြီးရေးကြတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ်တော့ မသုံးပါ။ ဆေးထဲမှာပါဝင်တဲ့ပစ္စည်းတွေထဲမှာ Formaldehyde ကို ထည့်သွင်းဖေါပြတာမရှိပါ၊ 

အဲဒီကာကွယ်ဆေးတွေကိုထုတ်ဖို့ ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone   ကိုသုံးပါတယ်။ အလားတူနည်းပညာသုံး  Covaxin  ဆေးကလည်း အဲဒီ  
beta-propiolactone   ကိုသုံးပါတယ်
။ ဒါကြောင့် အဲဒီပို့စ်တွေမှာရေးတဲ့ Sinopharm နဲ့ Sinovac ဆေးတွေမှာ Formaldehyde ပါတယ်ဆိုတဲ့ အထောက်အထားမရှိပါ။ 

ဗိုင်းရပ်စ်ကိုသတ်တဲ့အခါသုံးတဲ့ ဓါတုပစ္စည်းကလည်း Formaldehyde မဟုတ်ဘဲ beta-propiolactone   ကိုသုံးပါတယ်


Formaldehyde ကခန္ဓာကိုယ်ထဲကိုဝင်သွားလျင် ဘာဖြစ်မလဲ 

ပတ်ဝန်းကျင်မှာ Formaldehyde  0.1 ppm ထက်များလျင်  တချို့လူတွေမှာ ( လူနိုင်းမဟုတ်) မျက်စေ့စပ်ခြင်း၊ မျက်ရည်ကျခြင်း၊ နှာရည်ယို၊ ချောင်းဆိုး၊ ပျို့၊ အရေပြားမှာ အနေရခက်အောင် အနှောက်ယှက်ဖြစ်၊ ပန်းနာရင်ကြပ်ထ၊ စတာတွေဖြစ်နိုင်ပါတယ်။ 

Formaldehyde တွေကိုရှူမိ၊ မြိုမိ၊ ထိတွေ့မိလျင်  ကိုယ်ထဲဝင်သွားပြီး သူ့ရဲ့ရေမှာပျော်ဝင်နိုင်တဲ့သဘာဝကြောင့် အလွယ်တကူခြေဖျက်လိုက်နိုင်ပါတယ်။ ဘာမျှဒက္ခကြီးကြီးမားမားပေးနိုင်ပါ။ 


Formaldehyde ကိုကြာရှည်ရှူနေရသူတွေ၊ အများကြီးရှူနေရသူတေ အတွက်ဘာဖြစ်နိုင်လဲ၊

Formaldehyde ကို နှစ်ပေါင်းများစွားတာရှည်ရှူနေရသူတွေ ။ အများကြီးမကြာခဏရှူရသူတွေ ဥပမာ လူသေအလောင်းဆေးထိုးသူတွေ၊ စက်မှုလုပ်ငန်းတချို့မှာ လုပ်သူတွေ မှာ တော့ သွေးကင်ဆာ အပါအဝင် ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကိုပိုများစေပါတယ်။ 


ကာကွယ်ဆေးတွေမှာပါတဲ့  Formaldehyde က သွေးကင်ဆာဖြစ်စေနိုင်သလား

တချို့ ကာကွယ်ဆေးတွေမှာပါတဲ့  Formaldehyde က ပမာဏအလွန်နည်းသလို့ ထိတွေ့တာကလည်း တာရှည်မဟုတ်လို့ ဘာဘေးဥပါဒ်မျှမပေးနိုင်ပါ။ ကလေးငယ်ကလေးတွေမှာတောင် ဒုက္ခမပေးနိုင်ဘူးလို့ဆိုပါတယ်။ 

အချုပ်ဆိုရသော် 

Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေမှာ  Formaldehyde ပါတယ် ဆိုတဲ့ အထောက်အထားမရှိသလို တခြားကာကွယ်ဆေးတွေမှာပါတဲ့ Formaldehyde ပမာဏကလည်း သွေးကင်ဆာဖြစ်နိုင်လောက်တဲ့ ပမာဏထက် အများကြီး အများကြီး နည်းပါးပါတယ်။ 

အဲဒီ ကာကွယ်ဆေးတွေထဲပါတဲပမာဏထက်များတဲ့ Formaldehyde   တွေကျနော်တို့ခန္ဓာထဲမှာရှိနေပြီး အိမ်တွင်းနဲ့ ပြင်ပပတ်ဝန်းကျင်၊ အထူးသဖြင့် မြို့ကြီးတွေမှာ လည်း Formaldehyde ရှိနေပြီး နေ့စဉ်ရှုနေ မြိုနေကြပါတယ် ။ 

ဒါကြောင့် Sinopharm နဲ့ Sinovac  ကာကွယ်ဆေးထိုးလို့  သွေးကင်ဆာဖြစ်တယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ သတင်းမှားသာဖြစ်ပါတယ်။ 


ဒေါက်တာအောင် ( ဥဿာ) 

၁၃-၁၂-၂၁

https://b-wise-2b-healthy.blogspot.com/2021/12/sinopharm-sinovac.html



ကိုးကား 

Formaldehyde and Cancer Risk - National Cancer Institute 

Formaldehyde (cancer.org)

Formaldehyde | SA Health

Vaccine Ingredients – Formaldehyde | Children's Hospital of Philadelphia (chop.edu)

What's in Vaccines? Ingredients and Vaccine Safety | CDC


Tuesday 10 August 2021

💉 ကိုဗစ် ကာကွယ်ဆေး နဲ့ ❓ နားလည်မှုလွဲနေတဲ့ 🧫 Vero Cell

💉 ကိုဗစ် ကာကွယ်ဆေး နဲ့ ❓ နားလည်မှုလွဲနေတဲ့  🧫 Vero Cell

ကိုဗစ်ကာကွယ်ဆေးတချို့မှာ  Vero Cell ဆိုတဲ့စာတန်းကလေးပါပါတယ်၊

ဒါကို နားလည်မှုလွဲပြီး   Vero Cell   ဆိုတဲ့စာပါလျင် ဘာဆေးပါလို့ အမှတ်မှားကြတာတွေ့လို့ နည်းနည်းရေးပါရစေ။ 

တချို့ ဆရာဝန်တွေကိုယ်တိုင် Sinopharm ဆေးမှာ  Vero Cell လို့ရေးထားလျင်  Wuhan ဆေးလို့ထင်နေကြ၊ ပြောနေကြလို့ပါ။ 


Sinopharm ကထုတ်တဲ့ကာကွယ် ဆေးမှာ  WHO  ကမေလ ၇ ရက်နေ့က အရေးပေါ်အခြေအနေမှာ အသုံးပြုခွင့်ပေးလိုက်တဲ့ Sinopharm (Beijing): BBIBP-CorV နဲ့ WHO  ကအသုံးပြုခွင့်အတွက်သုတေသနေရလာဒ်တွေကိုစိစစ်ဆဲ Sinopharm (Wuhan): Inactivated (Vero Cells)/ Sinopharm WIBP ဆိုပြီးရှိပါတယ်.   

covid19.trackvaccines.org ဝဘ်ဆိုဒ်မှာ အဲဒီဆေး ၂ခုကို Sinopharm (Beijing) BBIBP-CorV နဲ့ Sinopharm (Wuhan) Inactivated (Vero Cells) လို့ဖေါ်ပြထားတော့လူအများစုက Beijing ဆေးဆို BBIBP-CorV၊  Sinopharm (Wuhan) ဆေးက (Vero Cells) လို့အမှတ်မှားသွားတာပါ။ ❌

အမှတ်မှားကြတဲ့ Sinopharm  ဆေးနှစ်မျိုး

WHO က Sinopharm Beijing ဆေးကို အတည်ပြုပြီးထုတ်ပြန်တဲ့ ဒီစာထဲမှာလည်း ဒီဆေးကို (Vero Cell) Inactivated လို့ဖေါ်ပြပါတယ်။ 


✅ အမှန်တကယ်မှာတော့ Sinopharm (Beijing) BBIBP-CorV ဆိုတာလည်း  Inactivated (Vero Cells)  ဆေးအမျိုးစားပဲဖြစ်ပြီး တချို့ ဆေးဗူးတွေမှာ 

COVID-19 Vaccine  (Vero Cell), Inactivated (သို့မဟုတ်), SARS COV-2 Vaccine (Vero Cell)  စသည်ဖြင့် ရေးထားတတ်ပါတယ်။ ဆေးတွေကို တယောက်စာ အဆင်သင့်ထိုး၊ နှစ်ယောက်စာပုလင်းနဲ့ ၁၀ ယောာက်စာပုလင်းစသည်ဖြင့်ထုတ်ပြီး ဈေးကွက်အလိုက် ဆေးဗူးတွေမှာ စာရိုက်တာကွဲပြားနိုင်ပါတယ်။ 


Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး

Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး
Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး



Sinopharm (Beijing) BBIBP-CorV  မှမဟုတ်၊ Sinovac, Covaxin စတဲ့ဆေးတွေကလည်း Inactivated (Vero Cells)  ဆေးအမျိုးစားတွေပါပဲ။ 


🤔 ဒါဖြင့် Inactivated (Vero Cells) ဆိုတာဘာလဲ။ 

အချုပ်အားဖြင့်တော့ Vero Cells ဆိုတဲ့ ဗိုင်းရပ်စ်မွေးတဲ့ ပိုးမွေးပတ်ဝန်းကျင်မှာမွေးလို့ရလာတဲ့ကိုဗစ်ဖြစ်စေတဲ့ SARS COV-2 ဗိုင်းရပ်ကို ဓါတုဆေးသုံးပြီး သေသွားအောင်၊ ဆက်မပွားနိုင် ၊ ရောဂါမပေးနိုင်အောင် လုပ်ထားတဲ့ Inactivated ကာကွယ်ဆေး လို့ဆိုလိုတာပါ။ 

Vero Cell
Normal African Green Monkey Kidney Epithelial Cells (Vero)
(https://www.olympus-lifescience.com/en/microscope-resource/primer/techniques/fluorescence/gallery/cells/vero/verosb1/)


ပြန်ရှင်းရလျင်

💉 ကာကွယ်ဆေး ဆိုတာ 

( Active immunization)  ကာကွယ်ဆေးထိုးတယ်ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်၊ ဘက်တီးရီးယား စတဲ့ပိုးမွှား တခုခုကို ရောဂါမပေးနိုင်အောင် ပြပြင်ပြီးဖြစ်စေ သူ့ကို လူ့ကိုယ်ခံအားကမှတ်မိစေနိုင်တဲ့ အစိပ်အပိုင်းတခုကိုထုတ်ပြီးဖြစ်စေ လူ့ခန္ဓာကိုယ်ထဲ ကို ထည့်ပေးပြီး ကိုယ်ခံအားစနစ်ကို  "ကဲ ဒီဟာကလေးကိုမှတ်ထား၊ နောင်ကို ဘာပဲကိုယ်ထဲ ကိုဝင်လာဝင်လာ ဒါကလေးပါလာလျင် ကိုယ်ကဉီးအောင်သာတွယ်။ အဲဒါကလေးပါသမျှ အကုန်ဖျက်ဆီးပစ်ပါ" လို့လေ့ကျင့်သင်ကြားပေးလိုက်တာပါ။ 


🛡️ ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုး

 ကိုဗစ်ကာကွယ်ဆေးမှာ အခုထိ  လူမှာစတင်စမ်းသပ်နေတဲ့  Phase I ကနေ အရေးပေါ်အခြေအနေမှာ သုံးခွင့်ပြုထားတဲ့ အထိအဆင့်ထိရှိတဲ့ ဆေး ၁၀၉ မျိုးရှိပါတယ်။ (Cov19VaxKB Statistics) 


4️⃣  အဲဒီဆေးတွေကို အုပ်စုခွဲလျင် အဓိကအားဖြင့် လေးမျိုးရှိပါတယ်။ 

၁။ Inactivated or weakened virus vaccines, ဗိုင်းရပ်စ်တကောင်လုံးကို သုံးထားတဲ့ဆေး ( အသေ  Killed / inactivated ( ဥပမာ Sinopharm, Covixin)  နဲ့ ရောဂါမပေးနိုင်အောင် ချိနဲ့ထားစေတဲ့ပိုးအရှင်  live attentiated ( COVI-VAC)) 

၂၊  Protein-based vaccines, ဗိုင်းရပ်စ်ပါလို့ သိသာစေတဲ့ပရိုတိန်း (သို့) သူ့ရဲ့ အစိပ်အပိုင်းတခုကိုပဲယူပြီးသုံးတဲ့ဆေး (ဥပမာ  Novavax, Sanofi & GSK) 

၃။ Viral vector vaccines, လူကို အန္တရာယ်မပေးတဲ့ ဗိုင်းရပ်စ်တခုကိုသုံးပြီး ကိုဗစ်ဖြစ်စေတဲ့ ပိုးရဲ့အစိပ်အပိုင်းကိုသယ်ဆောင်စေကာထိုးပေးတဲ့နည်း (ဥပမာ  Covishield, J&J,  Spunik V)) 

၄။ RNA and DNA vaccines၊  နောက်ဆုံးပေါ် နည်းသုံးပြီး ဗိုင်းရပ်စ်ရဲ့ RNA or DNA ကို ဗီဇ အင်ဂျင်နီယာနည်းနဲ့ထုတ်ပြီး ထိုးပေးတဲ့နည်း ( Pfizeer, Moderna) 


1️⃣  နံပတ် (၁) inactivated or weakened virus vaccine အုပ်စုကိုထုတ်လုပ်နည်းကတော့ သုံးနေတာကြာပြီဖြစ်တဲ့ နည်းပါ။ ပိုလည်းရိုးရှင်းတယ်ဆိုနိုင်ပါတယ်။ 

ဒီနည်းသုံးပြီး ကာကွယ်ဆေးထုတ်ဖို့   COVID-19  ဖြစ်စေတဲ့ SARS  COV2 ဗိုင်းရပ်စ် သန်းပေါင်းများစွာကိုဓါတ်ခွဲခန်းထဲမှာမွေးရပါတယ်။ မွေးတဲ့အခါ သက်ရှိဆဲလ်တွေကိုသုံးပါတယ်။ 

🐑 🐣 🧫 အရင်ကတော့ တိရိစ္ဆာန်အရှင်တွေထဲပိုးကိုထိုးထည့်ပြီးပွားစေပါတယ်၊ ( ဥပမာဘီပီအိုင် ခွေးရူးကာကွယ်ဆေး)၊ နောက်တော့ တိရိစ္ဆာန်အရှင်ကိုမသုံးတော့ဘဲ ကြက်ဥလို အကောင်မဖြစ်သေးတဲ့ဆဲလ်မှာ (တုပ်ကွေးကာကွယ်ဆေး)စသည်ဖြင့် မျိုးစုံသုံးပါတယ်။  

🧫🧫 Vero Cell ဆိုတာ

အခုနောက်ပိုင်းမှာတော့ တောင်အာဖရိက မျောက်စိမ်း တမျိုးရဲ့ကျောက်ကပ်အမြှေးပါး ဆဲကိုသုံးပြီး ဓါတ်ခွဲခန်းထဲမှာ ဗိုင်းရပ်စ်မွေးတာကိုပိုအသုံးများလာပါတယ်။ အဲဒီသုံးတဲ့ ဆဲလ်ကို  👉 Vero Cell လို့ခေါ်ပါတယ်။ ရလာတဲ့ ဗိုင်းရပ်စ်ကို တနည်းနည်းနဲ့သတ်မယ် (သို့) ချိနဲ့အောင်လုပ်ပြီး၊  ကိုယ်ခံအားကို လှုံ့ဆော်ဖို့ Adjuvant  ခေါ်ဓါတုပစ္စည်းတခုခုနဲ့  ပေါင်းကာ ကာကွယ်ဆေးဆိုပြီးထုတ်ပါတယ်။ 

🧫🧫 Vero Cell  မှာ ဗိုင်းရပ်စ်မွေးပြီး ကာကွယ်ဆေးထုတ်တာ ဒီကိုဗစ်အတွက်ကျမှမဟုတ်ပါ။ 

Vero cell platform in vaccine production: ဆိုတဲ့စာတန်းမှာ  Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုးကိုဖေါ်ပြထားပါတယ်။ 

Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုး

 Vero Cell  မှာ ဗိုင်းရပ်စ်မွေးတာကတော့ ကာကွယ်ဆေးထုတ်တာတခုတည်းအတွက်မဟုတ်ပါ။ ဆေးအသစ်တွေ စမ်းသပ်တဲ့အခါ အဲဒီဆေးတွေက ဒီပိုးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်စွမ်းရှိတယ်ဆိုတာကို လူတွေမှာ မစမ်းသပ်မီ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့လည်းသုံးပါတယ်။ 

လောလောဆယ် လူစိတ်ဝင်စားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ 

အရေးပေါ်အခြေနေမှာသုံးခွင့်ရတားတဲ့ Inactivated or “killed” vaccine  ဆေးတွေကတော့ 

(၁) BBIBP-CorV ခေါ်် Sinoharm Beijing ( အရေးပေါ်အခြေနေမှာသုံးခွင့် 59 နိုင်ငံ +  WHO) 

(၂)  CoronaVac ခေါ်  Sinovac (အရေးပေါ်အခြေနေမှာသုံးခွင့် 39 နိုင်ငံ +  WHO)

(၃) COVAXIN Other names: BBV152 (အရေးပေါ်အခြေနေမှာသုံးခွင့် 9 နိုင်ငံ)

(၄) QazVac Other names: QazCovid-in (အရေးပေါ်အခြေနေမှာသုံးခွင့်: Kazakhstan) 

(၅) CoviVac/ KoviVac (အရေးပေါ်အခြေနေမှာသုံးခွင့်: Russia)

(၆) WIBP-CorV ခေါ်် Sinopharm  Wuhan (အရေးပေါ်အခြေနေမှာသုံးခွင့်: China, United Arab Emirates)

(၇) KCONVAC (အရေးပေါ်အခြေနေမှာသုံးခွင့်: China)

(၈) COVIran Barekat (အရေးပေါ်အခြေနေမှာသုံးခွင့်: အီရန်)

အဲဒီဆေးရှစ်မျိုးထဲမှာ Kazakhstan နဲ့ အီရန် နိုင်ငံကဆေးနှစ်မျိုးမှာတော့ ဘယ်လို ပိုးမွေးတဲ့မီဒီယာကိုသုံးတယ်လို့ဖေါ်ပြမထားပေမယ့် ကျန်ဆေး ၆ မျိုးလုံးကတော့ သုံးမည့်ဗိုင်းရပ်စ်ကို  Vero Cell မှာမွေးပြီးဓါတုဆေးသုံးပြီး Inactivate လုပ်ကာ ကာကွယ်ဆေးထုတ်ပါတယ်။ 


WHO ကအတည်ပြုပြီး သို့မဟုတ် အတည်ပြုရန် စိစစ်ဆဲကာကွယ်ဆေးများထဲမှ  (Vero Cell) Inactivated  နည်းသုံ ဆေးများ

ဒီတော့ လောလောဆယ် နိုင်ငံတချို့မှာ အသုံးပြုခွင့်ရထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ  

(၁) Sinopharminopharm Beijing (၂) Sinopharm  Wuhan (၃)  Sinovac (၄)  COVAXIN (၅) CoviVac/ KoviVac  (၆) KCONVAC ဆေးတွေမှာ (Vero Cell), Inactivated ဆိုတဲ့ စာတန်းမျိုးတွေ့ကောင်းတွေ့နိုင်ပါတယ်။ 

(Vero Cell), ဆိုတဲ့စာတန်းပါလို ဘာကာကွယ်ဆေးလို့ပြောလို့မရဘဲ ဘယ်နည်းသုံးပြီး ပိုးမွေးထားတယ်ဆိုတာကိုဖေါ်ပြထားတာသာဖြစ်ပါတယ်။ 

ဒေါက်တာအောင်
11-08-2021
https://b-wise-2b-healthy.blogspot.com/2021/08/vero-cell.html


ကိုးကား




Friday 23 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၄။ Ventolin ဆေးနဲ့ ကျောကို အပူပေးခြင်း

 

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၄။ ကိုဗစ်လူနာမှာ Ventolin ဆေးသုံးခြင်းနဲ့  နောက်ကြောကို အပူပေးခြင်း 


ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ဒေါက်တာ တင်မာထွန်းNY, USA ရဲ့မျှဝေအကြံပေးချက်လေးပါ ......

အောက်စီဂျင်က လေထဲမှာ ရပါတယ် ၊အကြောင်းရင်းကcovid ကြောင့်  လေပြွန်ကျဉ်းသွားလို့ ဖြစ်တဲ့ အသက်ရှုမရကြပ်နေရတဲ့ ဘ၀ခဏ မှာ အောက်ဆီဂျင် အိုးလိုက်ရှုလို့လဲမရဘူး၊လေပြွန်ဖွင့်ရပါမယ်၊ အောက်စီဂျင်မရလို့ ဆိုပြီးစိတ်ဆိုးစိတ်ညစ်နေမဲ့အစား လေပြွန်ကျယ်စေတဲ့ဆေး Albuterol ( Ventolin ) ဆောင်ထားစေလို ၊ထိုဆေးများသုံးရုံနှင့် အောက်ဆီဂျင်မရဘဲ အသက်ရှင်နိုင်ပါတယ် ၊ ကိုယ်တွေ့ဖြစ်ခဲ့ဖူးလို့ပါ ......

နောက်တခုက Hair driver ကို အဆုတ်ရှိရာ နောက်ကျောတလျောက် လေပြွန်လမ်းတလျောက် အပူမှုတ်ပေးပါ လေပြွန်ကျယ်လာပါတယ်

မေတ္တာဖြင့် 

ဒေါက်တာတင်မာထွန်း NY USAါ။





သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 

ရှင်းလင်းချက် 

(က) Ventolin ဆေးသုံးခြင်း

၁.အသက်ရှူခြင်း

အသက်ရှူတဲ့အခါ နှာခေါင်းကဝင်လာတဲ့ လေက လေပြွန်ကတဆင့်အဆုတ်ထဲကိုရောက်ပြီး လေပြွန်အဆုံးက လေအိတ်ထဲမှာ ပါလာတဲ့အောက်ဆီဂျင်ကိုသွေးကြောထဲကသွေးထဲကိုပေးပြီး သွေးထဲကကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလေထဲပြန်ထုတ်ပါတယ်။ 

၂. အသက်ရှူမဝခြင်း၊ အောက်ဆီဂျင်ကျခြင်း၊ 
  • ရှူသွင်းတဲ့လေထဲမှာ အောက်ဆီဂျင်နည်းခြင်း  ဥပမာလှိုင်ဂူ၊ အလုံပိတ်အခန်း
  • အသက်ရှူအားနည်းလို့၊ နှာခေါင်းပိတ်လို့ ဝင်လာတဲ့လေမလုံလောက်
  • လေပြွန်ကျဉ်းလို့ ၊ ပိတ်လို့ အဆုတ်ထဲကိုလေအရောက်နည်း
  • လေအိတ်များပျက်ဆီး၊ အလုပ်မလုပ် 
စတာတွေကြောင့် သွေးထဲကအောက်ဆီဂျင်ကျပြီး အသက်ရှူမဝဖြစ်ပါတယ်။ 

၃။ ကိုဗစ်ဖြစ်တဲ့အခါ ဘာလို့အောက်ဆီဂျင်ကျလဲ
ကိုဗစ်ဗိုင်းရပ်စ်နဲ့ကိုယ်ခံအားရဲ့တိုက်ခိုက်မှုကြောင့် Alveoli  ဆိုတဲ့ အဆုတ်လေအိတ်ကလေးတွေ ပျက်စီးပါတယ်။ လေအိတ်နဲ့ အနားကတစ်သျှူးတွေရောင်ယမ်းပြီးထွက်လာတဲ့အရည်တွေက လေအိတ်တွေထဲပြည့်ကာ ကျောက်ကျောတွေလိုခဲပါတယ်။
ကိုဗစ်နမိုးနီးယားမှာ လေပြွန်တွေကျဉ်းသွားတာမျိုးမရှိပါ။ 
ဒါကြောင့် လေပြွန်တွေမကျဉ်းလို့ ရှူသွင်းတဲ့လေက လေအိတ်အထိ လုံလုံလောက်လောက်ရောက်လာပေမယ့် အဲဒီလေထဲက အောက်ဆီဂျင်ကို သွေးထဲကိုသယ်ပေးမယ့် လေအိတ်တွေထဲဝင်လို့မရ၊ လေအိတ်ဆဲလ်တွေအလုပ်မလုပ်တော့ပါ။ ဒါကြောင့်ခန္ဓာထဲမှာ အောက်ဆီဂျင်ကျပါတယ်။ 
အလုပ်လုပ်လုပ်တဲ့လေအိတ်တွေရှိနေတဲ့ အဆုတ်ရဲ့ တချို့နေရာတွေမှာပဲ အောက်ဆီဂျင်ကိုယူလို့ရပါတယ်၊ ဒါကြောင့် ဝင်လာတဲ့ လေထဲ အောက်ဆီဂျင် ၂၁ ရာနှုန်းအစား ၉၀- ၁၀၀ ရာနှုန်းပေးခြင်းဖြင့် အလုပ်လုပ်နေသေးတဲ့ လေအိတ်တွေကနေ အောက်ဆီဂျင်ကိုများနိုင်သမျှများများရအောင် လုပ်ပေးတာပါ။ ခန္ဓာကို ဘေးစောင်းပေး ထိုင်ပေး၊ မှောက်ပေးခြင်းဖြင့် အရည့်ပြည့်နေတဲ့ လေအိတ်တွေပိနေတဲ့ ဧရိယာကျဉ်းသွားပြီး လေဝင်လို့ရတဲ့ဧရိယာများလာလို့ အောက်ဆီဂျင်နည်းနည်းပြန်တက်ပါတယ်။ 




'ပန်းနာရင်ကြပ်ရောဂါကတော့ လေပြွန်တွေကျဉ်းသွားလို့  လေထဲကအောက်ဆီဂျင်ကို သွေးထဲစုပ်ယူပေးမယ့်  Alveoli  ဆိုတဲ့ အဆုတ်လေအိတ်ကလေးတွေထဲကို လေလုံလုံလောက်လောက် မရောက်တာပါ.၊ 
ဒါကြောင့် ပန်းနားရင်ကြပ်မှာ လေပြွန်ကလေးတွေကိုပြန်ကျယ်လာအောင် ဆေးပေးပါတယ်။ အချွဲတွေပိတ်နေလျင် ရှင်းပေးဖို့ အချွဲပျော်ဆေးပေး၊ ရေနွေးငွေ့ရှူစေပါတယ်။ 
ကိုဗစ်နဲ့ ပန်းနာရင်ကြပ် အောက်ဆီဂျင်ကျစေတဲ့ သဘာဝနှစ်ခုက လုံးဝကွဲပြားပါတယ်။ 

၄ ။ ventolin (Salbutamol) Albuterol   ဆေးတွေက ဘယ်နေရာမှာ ဘာလုပ်ပေးလဲ။
အဲဒီဆေးတွေက အထက်ကပြောတဲ့ ပန်းနာရင်ကြပ်မှာကျဉ်းနေတဲ့လေပြွန်နံရံကြွက်သားတွေကိုပျော့ပြောင်းစေလို့ ကျဉ်းနေတဲ့လေပြွန်တွေ ပြန်ကျယ်ပြီးလေဝင်လေထွက်ပြန်အောင်အောင်လုပ်တာပါ၊ ကြွက်သားမရှိတဲ့ လေအိတ်ငယ်တွေအပေါ်မှာ ဘာအာနိသင်မှမရှိပါ။ 

Ventolin  ဆေး အလုပ်လုပ်သောနေရာနှင့် ကိုဗစ်နမိုးနီးယားထိခိုက်သောနေရာခြားနားပုံပြ

၅။ ventolin (Salbutamol) Albuterol   ဆေးတွေက ကိုဗစ်မှာ အသုံးတည့်မလား 
ကိုဗစ်နမိုးနီးယားမှာ  ventolin (Salbutamol) Albuterol ဆေးတွေအလုပ်လုပ်တဲ့လေပြွန်တွေကျဉ်းသွားတာမျိုးမရှိဘဲ ပျက်စီးတဲ့  Alveoli  လေအိတ်တွေအပေါ်လည်းအဲဒီဆေးတွေက ဘာသက်ရောက်မှုမှမရှိပါ။ 
ဒါကြောင့် ventolin (Salbutamol) Albuterol ဆေးတွေကို ကိုဗစ်လူနာမှာ ပေးခြင်းက အနာနဲ့ဆေး လွဲနေပါတယ်။ မသုံးသင့်ပါ။ 
Guidelines တွေမှာလည်း ကိုဗစ်ကိုကုဖို့ Ventolin  ပေးနိုင်တယ်ဆိုတာ လုံးဝမပါပါ။ 

တခုတော့ရှိပါတယ်။ နဂိုကတည်းက ပန်းနာရင်ကြပ်ရှိသူတွေ ကိုဗစ်ဖြစ်လျင်တော့ သုံးနေကျ ventolin (Salbutamol) Albuterol ဆေးတွေကိုဆက်သုံးနိုင်ပါတယ်။ 

၆။ ventolin (Salbutamol) Albuterol   ဆေးတွေကို မလိုဘဲသုံးလျင် ဘေးဖြစ်နိုင်သလား

အဲဒီဆေးတွေက နှလုံးခုန်မြန်စေပါတယ်။ လူကိုလည်း စိတ်လှုပ်ရှားပြီး နေမထိထိုင်မသာဖြစ်စေ၊ ခေါင်းကိုက်စေပါတယ်၊  အထူးသဖြင့်သောက်ဆေးထိုးဆေးတွေဆို နှလုံးခုန်မြန်ပြီး အသက်ရှူမဝသလိုခံစားရစေနိုင်ပါတယ်။ 


(ခ) နောက်ကြောကုန်းကို အပူပေးခြင်း 

လေပြွန်တွေကျယ်လာဖို့ အပူပေးပါဆိုတဲ့အယူအဆကတော့ အစကတည်းကမှားပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်မှာ လေပြွန်ကျဉ်းတာမဟုတ်လို့ပါ။ 
တချို့ကတော့ အဆုတ်လေအိတ်ထဲက ပိတ်နေတဲ့အရည်တွေပျော်အောင်အပူပေးတယ်ဆိုပါတယ်။ 

အဲဒီတော့ နောက်ကြောကိုအပူပေးလျင် အပူကအထဲရောက်မလားဆိုတာတချက်ကြည့်ရအောင် 

နောက်ကျောမှာ အဆုတ်နဲ့ ရေနွေးအိတ် (သို့) လေပူမှုတ်  Hair Dryer အကြားမှာ  
  1. အရေပြား၊ 
  2. အရေပြားအောက်ကအဆီ ( လူအပိန်အဝပေါ်တည်လို့ တစ်လက်မကျော်ထူနိုင်ပါတယ်) 
  3. ကြွက်သား 
  4. နံရိုး
  5. အဆုတ်အမြှေးပါး 
စတာတွေ အားလုံးပေါင်းလျင် ပိန်တဲ့လူဆို အနည်းဆုံး တစ်လက်မ၊ ဝတဲ့လူ နှစ်လက်မ၊ သုံးလက်မလောက်ထူပါတယ်။ 
ဒါတောင် အဆုတ်ရဲ့အပြင်ဆုံးမျက်နှာပြင်ကိုပဲရောက်ပြီး အတွင်းပိုင်းနဲ့လေပြွန်တွေကိုရောက်ဖို့ နောက်ထပ်လက်မအနည်းငယ်လိုပါတယ်။ 
 ကျနော်တို့အိုးပူတွေကိုင်လျင် လက်ခုဝတ်သုံးပါတယ်။ ဘယ်လောက်ထူထူသုံးပါသလဲ၊ လက်မဝက်တောင်ထူစရာမလိုပါ။  ပွက်နေတဲ့ရေနွေးရှိတဲ့အိုး ၁၀၀ ဒီဂရီ အပူကိုအဲဒီလက်ခုဝတ်က ကာကွယ်ပါတယ်. 
ကျနော်တို့ရေနွေးအိတ်၊ Hair Dryer တို့က အဲလောက်မပူပါ။ ပူလျင်လည်း အရေပြားလောင်ပါပြီ။ 
အဲဒီအပူက တစ်လက်မကျော်တဲ့ အလွှောအထပ်ထပ်ကိုဖြတ်ပြီး အဆုတ်ကိုရောက်နိုင်ပါမလား။ အဲဒီကျော်ကတစ်ရှုးထဲကသွေးတွက ရောက်လာတဲ့အပူတွေကိုသူတို့တဲ့အတူသယ်သွားပါသေးတယ်။ ဒါကြောင့် နောက်ကြောပြင်ကို အပူကပ်လည်းအဆုတ်ထဲမှာသိသာသောအပူချိန်ပြောင်းလဲခြင်းမရှိပါ။ အချိန်ကြာကြာအပူပေးလျင်တော့ ကြောပြင်ထဲထိရောက်တဲ့အပူကြောင့် ကြောပြင်ကကြွက်သားတွေ တင်းတောင့်နေတာကိုတော့ သက်သာစေပါလိမ့်မယ်။ 
အဆုတ်အပြင်ဘက် နောက်ကြောရှိတစ်သျှူးအလွှာများ




ဒါဖြင့် ထိုင်ပြီး နောက်ကြောကိုလေပူမှုတ်ပေးတဲ့အခါ ဘာလို့ အောက်ဆီဂျင်ပြန်တက်လာသလဲ

အဲလိုဖြစ်ရတဲ့အကြောင်းရင်းက လူရဲ့အနေအထားက ထိုင်လျက်ဖြစ်သွားတော့ အရည်တွေပြည့်နေတဲ့ လေအိတ်တွေကအောက်ဘက်ရောက်ပြီး လေဝင်နိုင်သေးတဲ့ လေအိတ်အကောင်းတွေပေါ်မှာဖိအားနည်းသွားတဲ့အခါ အဲဒီလေအိတ်တွေအလုပ်ပိုလုပ်နိုင်လို့အောက်ဆီဂျင်တက်လာပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကျနေသူတွေကို မှောက်ခုံ၊ ဘေးစောင်း၊ ထိုင်လျက်  စတဲ့အနေအထားတွေကိုပြောင်းခိုင်းတာပါ။ 

ဒါကြောင့် 
၁. ကိုဗစ်လူနာအောက်ဆီဂျင်ကျတာကို ventolin (Salbutamol) Albuterol  ဆေးတွေနဲ့ ကုလို့မရပါ။ နှလုံးကိုထိခိုက်တာအဖတ်တင်ပါတယ်။ 
၂. ကြောပြင်ကို အပူပေးလို့ အဆုတ်ကိုအပူလည်းမရောက် အကျိုးလည်းမရှိပါ။ 
 အပူပေးဖို့ ထိုင်လျင် ဘေးစောင်းလျင်တော့ ကိုယ်အနေအထားကြောင့် အောက်ဆီဂျင်တက်ပါတယ်။ 
၃. လှုပ်ရှားမှုမရှိလို့ကြောပြင် ကြွက်သားတွေတင်းတောင့်နေလျင်တော့ အပူက အကြောလျော့စေပါတယ်၊။ 

ဒေါက်တာအောင် 
၂၃-၀၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/ventolin.html








Sunday 11 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၃။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးဖို့လိုသလား

 

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၃။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးဖို့လိုသလား


ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲမြင့်ကျော်ပြောပြီ

-------------------------

၆။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးပါ။ အမြှုပ်ထသော ဆပ်ပြာဖြင့် စက္ကန့်၂၀ ကြာအောင် ဆေးကြောပါ။






သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 

ရှင်းလင်းချက် 


ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော လူနာက နှာချေ၊ ချောင်းဆိုးရာမှ တဆင့် ရောဂါပိုးပါဝင်သော အစက်အမှုန်များ လွင့်ထွက်လာပြီး အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ကပ်တင်ကျန်နေနိုင်ပါသည်။ ထိုအစက်အမှုန်များကို ကိုင်တွယ်မိထားသော လက်ဖြင့် မိမိတို့၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ထိတွေ့ကိုင်တွယ်မိပါက ရောဂါ ကူးစက်ခံရနိုင်ပါသည်။)

ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် -

>> လက်ဆေးပါ။ <<

လက်ကိုဆပ်ပြာနှင့်သေသေချာချာဆေးခြင်းဖြင့်ကိုဗစ်ဗိုင်းရပ်ကို လက်မှတဆင့်ကူးစက်ခံရခြင်းမှကာကွယ်နိုင်ပါသည်။ 

သို့သော်
လက်ကို အချိန်အပိုင်းအခြားနှင့် ဆေးရတာမျိုးတော့မဟုတ်ပါ။ 
လက်က ဘာကိုမျှ ထိကိုင်းခြင်းမရှိသေးလျင်၊ ထိကိုင်စရာမရှိလျင် ခဏခဏဆေးလည်းအကျိုးမရှိပါ။ 
ခဏခဏဆေးတော့ ဆပ်ပြာကို အလာဂျီရှိသူများကတော့ လက်အရေပြားခြောက်ခြင်း၊ ကွဲအက်ခြင်းပြသနာများနဲ့ကြုံရပါမယ်။ 

လက်ဆေးရမည့်အခြေအနေ နှစ်မျိုးရှိပါတယ်။ 

၁၊ မိမိ လက်က ရောဂါပိုးရှိနိုင်သည့်အရာ၊ မျက်နှာပြင်များကို ထိကိုင်မိပြီးသောအခါ။ 

၂။ မိမိ လက်က မျက်နှာ ၊ ပါးစပ် နှာခေါင်း၊ မျက်စေ့၊  အစားအစာ စသည်တို့ကို မထိကိုင်မီ။ 

ဒါကြောင့် ကျန်းမာရေးဌာနများက အောက်ပါအခြေအနေများတွင် လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာသေချာဆေးကြောဖို့ အကြံပြုထားပါတယ်။ 

• နှာချေ၊ ချောင်းဆိုးပြီးတိုင်း

• အပြင်မှ ပြန်လာပြီးတိုင်း

• နာမကျန်းဖြစ်နေသူများကို ပြုစုပြီးတိုင်း

• လူအများထိတွေ့လေ့ရှိသော အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း (တံခါးလက်ကိုင်၊ လှေကားလက်ရန်း စသည်)

• အစာမစားခင်၊ အစားအစာ ပြင်ဆင်ခြင်း/ချက်ပြုတ်ခြင်း မပြုမီ

• လက်ညစ်ပေနေလျှင်

• တိရစ္ဆာန်များနှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးတိုင်း

• အိမ်သာအသုံးပြုပြီးတိုင်း

ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးပါ။


ပို၍အရေးကြီးသည်မှာ PPE

နှာခေါင်းစည်း မျက်နှာကာ၊ PPE ဝတ်ရုံ စသည်တို့ကို  မဝတ်ဆင်မီနဲ့ မိမိဝတ်ဆင်ထားသော  အဆိုပါပစ္စည်းများကို ထိကိုင်ပြီးတိုင်း၊ ချွတ်ပြီး စနစ်တကျစွန့်ပစ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရပါမယ်၊

အခုအချိန်မှာ လူအများစုက မာ့ခ် နှာခေါင်းစည်းကို တပ်ကြသော်လည်း မကြာခဏဖြုတ်လိုက်တပ်လိုက်လုပ်ခြင်းဖြင့် လက်ကနှာခေါင်းစည်းကိုထိကိုင်ပြီး မျက်နှာပြင် ပေါ်တွင်ကပ်လာသော ပိုးမွှားများ လက်တွင်ကပ်ပါလာကာ လက်နဲ့ထိမိတဲ့အရာ၊ မျက်နှာပြင်၊ စသည်တို့ကိုပျံ့သွားတတ်တာကို သတိမထားကြပါ။

ဒါကြောင့် လက်ကို မိနစ် ၂၀ ကြာတိုင်းဆေးစရာမလိုသော်လည်း မာခ့် ကိုမတပ်ဆင်မီနဲ့ ထိကိုင်မိတိုင်း၊ ဖြုတ်ပြီးတိုင်း စနစ်တကျဆေးဖို့က ပိုအရေးကြီးပါတယ်။ 


ဒေါက်တာအောင်

 ၁၁-၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/blog-post_11.html

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စနစ်တကျ လက်ဆေးကြပါစို့။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Video download လုပ်ရန် link:

ကိုးကား 

https://moh.nugmyanmar.org/how-to-prevent-spread-of-covid-19-2/



Saturday 10 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၂။ လည်ချောင်းထဲကဗိုင်းရပ်စ်ကိုသေစေရန် ရေနွေးပူပူသောက်ပါ။


ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၂။ လည်ချောင်းထဲကဗိုင်းရပ်ကိုသေစေရန် ရေနွေးပူပူသောက်ပါ။ 

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ဇာတ်လမ်း (၁) 
ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင် ကုသပေးခဲ့သူ ခွဲစိတ်အထူးကု နောက်ဆုံးနှစ် ဒေါက်တာနန်း******၏ 

#ဗိုင်းရပ်စ်သည်ဘယ်ကဝင်ဝင်လည်ချောင်းတွင်း ၄..ရက်ခန့်ကြာနေထိုင်ပါသည်။

ထို့ကြောင့် ပူသောအရည် ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေးပူပူသောက်ပြီး..ကာကွယ်ပါ။

#ဗိုင်းရပ်စ်ကိုအစာအိမ်ထဲသို့ပို့ကာ အက်ဆစ်များဖြင့် အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင် တားဆီး

ပေးပါလိမ့်မည်။ ဖြစ်နိုင်ရင် ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ဆားထည့် ရေနွေးပူပူဖြင့်.သောက်ပေးပါ။

တစ်ရက် တစ်ကြိမ်လောက်သောက်ပေးပါ။ ထမင်းစားရင်... ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစိမ်းစားပါ။

အပူ အခိုး အငွေ့ဓာတ်သည် ဗိုင်းရပ်စ်ကို နိုင်သည့်ဓာတ် ဖြစ်ပါသည်။

- အနံ့မရ ဖြစ်လာပြီဆိုရင် ဆရာဝန်ပြ ရမှာဖြစ်ပါသည်။









ဇာတ်လမ်း (၂)

ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲ***ပြောပြီ

-------------------------

ကိုရိုနာဗိုင်းရပ်စ်က အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကို ထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး အစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတယ်။ဒါကို ကုသဖို့ဆိုရင် ဒီပိတ်ဆို့နေတဲ့ အသက်ရှူလမ်းကြောင်းတွေကို အရင်ရှင်းလင်းရမယ်ဆိုတာ တရုတ်တွေ နားလည်သွားကြပြီ ဒါပေမယ့် ဒီလိုရှင်းလင်းဖို့က ရက်ပေါင်းများစွာ ကြာနိုင်ပါတယ် 

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်နိုင်ပါတယ်

၁။ ပူသောအရည်များ ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေး များများသောက်ပါ။ မိနစ် ၂၀ တိုင်း ရေနွေးအနည်းငယ် သောက်သုံးခြင်းက ပါးစပ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်ကို အစာအိမ်ထဲပို့ကာ အက်ဆစ်များဖြင့် အစောခြေခြင်း ဖြင့် အဆုတ်ထဲ မဝင်အောင် တားဆီးပေးပါလိမ့်မည်

၂။ ဖြစ်နိုင်လျှင် ရှာလကာရည် သို့ ဆား သို့ သံပုရာသီးတို့နှင့် ရောနှောသော ရေနွေးကို နေ့တိုင်း သောက်သုံးပေးပါရန်

။ လည်ချောင်း သို့ လည်ချောင်းနာကဲ့သို့သော လည်ချောင်းနှင့်ပက်သက်သော လက္ခဏာ တစ်ခုခုတွေ့ရပါက ချက်ချင်း ကုသပါ။ ဗိုင်းရပ်သည် အဆုတ်ထဲသို့ မဝင်ရောက်ခင် ဤလည်ချောင်းနေရာတွင် ၃,၄ ရက်ခန့် ရှင်သန်နေထိုင်နိုင်ပါသည်။






သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 


ရှင်းလင်းချက် 

ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုတာနဲ့ဝင်လာတဲ့ဗိုင်းရပ်စ်က လည်ချောင်းမှာ သုံးလေးရက်နေတယ်ဆိုတာ မှန်သလိုရှိပေမယ့် အများထင်သလို နားခိုနေတာမဟုတ်ပါ၊ ဆဲထဲဝင်ရောက်ပြီး ဗိုင်းရပ်အသစ်တွေထုတ်လုပ်နေတာပါ။ အဲဒီအချိန်မှာ ကာကွယ်လို့မရတော့ပါ။ 

အသက်ရှူလမ်းကဝင်လာတဲ့ SARS  CPV2 ဗိုင်းရပ်စ်ကို နှာခေါင်းအတွင်းအမြှေးပါးဆဲလ်မျက်နှာပေါ်က လက်ခံတဲ့ AC2 receptor  ဆိုတဲ့ဒလန်နဲ့ပေါင်းလိုက်ပါတယ်။

ပါးစပ်ထဲကဝင်လာတဲ့ ဗိုင်းရပ်စ်တွေကလည်းလည်ချောင်းနဲ့ အစာ‌ရေမြိုနံရံကဆဲလ်တွေထဲကိုအဲလိုပဲဝင်ပါတယ်။  အဲဒီအချိန်မှာ ကူးစက်ခံရသူမှာ ပြန်တိုက်ဖို့ ကိုယ်ခံအားက မဖွံ့ဖြိုးသေးတော့ အဲဒီနှာခေါင်းမြှေး၊  လည်ချောင်း ဆဲတွေထဲမှာ ဗိုင်းရပ်တွေပွားပါတယ်။ ဗိုင်းရပ်စ်အသစ်တွေအများကြီးထပ်ထွက်လာပါတယ်။ 

အဲလို ပွားတဲ့နေရာက နှာခေါင်းအနောက်ကဘက်  Nasopharynx  လို့ခေါ်တဲ့နေရာမှာ အများဆုံးပါ၊ ဒါကြောင့်အဲဒီနေရာကို နှာခေါင်းကတဆင့်တို့ဖတ်နဲ့တို့ယူပြီး စစ်တာပါ။ လည်ချောင်းထဲမှာလည်းရှိလို့လည်ချောင်းတို့ဖတ်ယူလို့လည်းရပါတယ်။ 

နှာခေါင်းအနောက် ဗိုင်းရပ်များတွယ်ကပ်ပွားများသည့်နေရာနှင့် နှာခေါင်းတို့ဖတ်ယူပုံ


ဒါကြောင့် ရောဂါလက္ခဏာမပြသေးပေမယ့် နှာခေါင်းတို့ဖတ်နဲ့စစ်လျင် ဗိုင်းရပ်စ်ကိုတွေ့နိုင်သလို နှာချေ၊ ချောင်းဆိုး၊ စကားပြောရာကနေလည်း သူတပါးထံကို ဆက်လက်ပျံ့ပွားနိုင်ပါတယ်။ 

အဲဒီနေရာကဗိုင်းရပ်စ်တွေက ဆဲလ်အပြင်မှာနားခိုနေတာမဟုတ်ဘဲ ဆဲထဲဝင်ပြီးပွားကြ၊ ပြန်ထွက်လာကြ လုပ်နေပြီဖြစ်လို့ ဘာရေနွေး၊ ဆားရည်နဲ့ဆေးဆေး ပြောင်စင်တော့မှာမဟုတ်ပါ၊ 

နောက်တခုက ဘာအရည်နဲ့ အာလုပ်ကျင်းကျင်း ဗိုင်းရပ်တွေအများစုပွားနေတဲ့ Nasopharynx  ကိုမရောက်ပါ။ 

ဒါကြောင့် အရည်ပူပူ၊ ဂျင်းပြုတ်ရည်၊ ဆားရည်တို့သောက်ခြင်း အာလုပ်ကျင်းခြင်းက လည်ချောင်းနဲ့ နှာခေါင်းအနောက်က ဗိုင်းရပ်စ်တွေကို မသတ်နိုင်သလို ကိုဗစ်ရောဂါဖြစ်ပွားခြင်းမှမကာကွယ်နိုင်ပါ၊။ 

နောက်တခုက ဆဲလ်ထဲ ဝင်ပြီး ပွားနေတဲ့ဗိုင်းရပ်စ်တွေကို အစာအိမ်ထဲ ကိုဆေးချပြီး အက်ဆစ်က အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင်တားဆီးတယ်ဆိုတာ ဘယ်လို မှအဓိပ္ပါယ်မရှိတော့ပါ။ 

ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ စတာတွေက ဗီတာမင်စီပါပြီး ကျန်းမာရေးအတွက်ကောင်းပေမယ့် ကိုဗစ်ပိုးကိုမကာကွယ်ပါ။  ဘေးထွက်ဆိုးကျိုး အနေနဲ့  အစာအိမ်လေနာရှိသူများ အစာအိမ်အချည်ပေါက်နိုင်ပါတယ်။  ဆားထည့်သောက်လျင် သွေးတိုးရှိသူများ သွေးပေါင်ချိန်တက်ပါတယ်။ 

တချိူ့က ဗိုင်းရပ်စ်ပါတဲ့ လက်ကတဆင့် ဗိုင်းရပ်စ်တချို့ကိုမြိုမိသလို၊ တချို့ကလည်းအချွဲ သလိပ်တွေကိုမြိုချပြီး ပိုးတွေအစာအိမ်ထဲရောက်ပါတယ်။ အကယ်၍ဗိုင်းရပ်စ်များအစာလမ်းကြောင်းထဲရောက်သော်လည်းအစာလမ်းကြောင်းအမြှေ့းဆဲလ်တချို့ထဲကိုဝင်ရောက်ပွားနိုင်ပါသေးတယ်၊။ 

ကိုဗစ်ဗိုင်းရပ်စ်က ပီအိတ်ချ် ၃ အောက်မှာ မရှင်နိုင်ဘူးဆိုပါတယ်။ ဘာအစာမှမစားထားတဲ့ အစာအိမ်မှာ အက်ဆစ်က ပီအိတ်ချ် ၂ ပဲရှိပါတယ်။ ဒါပေမယ်အစာတွေဝင်လာ၊ အရည်တွေေသောက်လိုက်လျင် ပီအိတ်ချ် ၆ လောက်အထိတက်သွားပါတယ်။ ဒီတော့ အရည်တွေနဲ့မျှောလိုက်တဲ့ ဗိုင်းရပ်စ်တွေအစာအိမ်ထဲရောက်လျင် ပီအိတ်ချ်က သုံးကျော်နေဖို့များပါတယ်၊ အက်ဆစ်ကမသတ်နိုင်ပါ။ တချို့လူနာတွေရဲ့ မစင်ထဲ မှာ ကိုဗစ်ပိုးတွေ့ရတဲ့ သာဓကအများပြားရှိပါတယ်။ 

ကြက်သွန်ဖြူ၊ နီ ၊ ဂျင်းတွေက ကိုဗစ်ဗိုင်းရပ်စ်အပေါ် ဘာသက်ရောက်မှုမှမရှိဘူးဆိုတာ  WHO က ၂၀၂၀ နှစ်အစောပိုင်းကတည်းကထုတ်ပြန်ထားပြီးပါပြီ။ 

အနံပျောက်လျင် ဆေးရုံပြပါဆိုတာကတော့ စစ်ဆေးဖို့လိုအပ်လို့ပြသင့်ပါတယ်။ ဒါပေမယ့်ဆေးရုံတက်ကုရမယ်လို့ဆိုလိုတာမဟုတ်ဘဲ မိမိအိမ်မှာတယောက်တည်းခွဲနေပြီး စောင့်ကြည့်လို့ရပါတယ်။ 

လူ့အသက်ရှူလမ်းထဲ ကိုဗစ်ဗိုင်းရပ်စ်ဝင်လာပြီးနောက်ဖြစ်ပျက်ပုံများ 


ကူးစက်ခံရသူ ၈၀ %  လောက်မှာတော့ အဲဒီဗိုင်းရပ်စ်တွေကို  ၁၀-၁၄ ရက်လောက်အတွင်းမှာ ပြန်ရှင်းလိုက်နိုင်ပါတယ်။  အဲဒီသူတွေမှာ ဘာမျှမလုပ်ပေမယ့် ဘာရောဂါလက္ခဏာမှမခံစားလိုက်ရဘဲ ပြန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ဗိုင်းရပ်စ်ကို ရှင်းမပြစ်နိုင်ခင်မှာ သူတပါးကို ဆက်လက်ကူးစက်ပျံ့ပွားနိုင်ပါသေးတယ်။ 

ကျန်ကူးစက်ခံရသူ  ၂၀ %  လောက်မှာတော့ နှာခေါင်းမြှေးထဲကထွက်လာတဲ့ဗိုင်းရပ်စ်များက လေပြွန်အတိုင်း လေတွေအချွဲတွေနဲ့အတူ အဆုတ်ထဲကိုဆင်းသွားပါတယ်။ 

အဆုတ်လေအိတ်ဆဲလ်တွေမှာလည်း ဗိုင်းရပ်စ်က နှာခေါင်းမြှေးဆဲလ်တွေမှာလိုပဲ ACR2 receptor  ဆိုတဲ့ဒလန်နဲ့ပေါင်းပြီး ဆဲလ်အထဲဝင်ကာ မျိုးပွားပါတယ်။ 

အဲဒီအခါမှာတော့ ကိုယ်ခံအားစနစ်က ရန်သူကို သိရှိလာပြီး တိုက်ထုတ်ဖို့ ဓါတုလက်နက်မျိုးစုံကို ထုတ်ပါတယ်။ 

 Cytokine storm ဆိုတဲ့ ဓါတ်ပြောင်းလဲမှုကြီးဖြစ်ပြီး ကိုယ်ခံအား  CD4 CD 8 စစ်ကူတွေကိုခေါ်ပါတယ်။ 

အဲဒီကိုယ်ခံအား ဓါတ်တွေဆဲတွေက ဗိုင်းရပ်စ်တွေကိုရသလောက်သတ်ပါတယ်။ ဒါပေမယ့် အချိုးမမျှတဲ့ အင်အားပြင်းလက်နက်ကြီးများဒါဏ်ကြောင့် အဆုတ်ဆဲလ်များပါပျက်ဆီးပါတယ်။ 

အဆုတ်ဆဲလ်တွေထဲရောက်သွားတဲ့ ဗိုင်းရပ်စ်တွေက မျိုးဆက်ပွားပြီးထွက်သွားတဲ့အခါမှာလည်း အဲဒီဆဲလ်တွေသေပါတယ်။ ဗိုင်းရပ်စ်အသစ်တွေပိုပွားပြီးအနားက အဆုတ်ဆဲလ်တွေကိုပါ ကူးစက်ပါတယ်. 

အဆုတ်ဆဲလ်အများအပြားထိခိုက်ပျက်စီးပြီး ကိုဗစ် ၁၉ ရောဂါဖြစ်ပါတယ်။ 

အချွဲကြောင့် အသက်ရှုကြပ်တယ်ဆို ကအဓိကအကြောင်းရင်းမဟုတ်ပါ၊ ကိုယ်ခံအားနဲ့ ဗိုင်းရပ်စ်က တိုက်ခိုက်ရာမှာ အဆုတ်ထဲကဆဲလ်တွေပါပျက်စီးလို့ပါ။ အဆုတ်ရောင်တော့ လေအိတ်တွေထဲအရည်တွေပြည့်ပြီး ခဲကုန်တာပါ။ 


အသက်ရှုလမ်းကြောင်းထဲ ဗိုင်းရပ်စ်ဝင်လာပြီဆိုလျင် ရှင်းထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘဲ ကိုယ်ခံအားက ပြန်တိုက်ထုတ်ဖို့သာဖြစ်နိုင်တာကြောင့် 

(၁) ဗိုင်းရပ်ကူးစက်မခံရအောင် ကာကွယ်ဖို့နဲ့ (ကာကွယ်နည်း ပညာပေးပိုစတာများထည့်ထားပါတယ်။ )

(၂) ဗိုင်းရပ်စ်ဝင်လာတာနဲ့ ကိုယ်ခံအားကချက်ချင်းသိပြီး ဗိုင်းရပ်စ်တွေမပွားနိုင်မီသတ်ပစ်နိုင်ရန် ကာကွယ်ဆေးထိုးထားဖို့ စတဲ့ နည်းနှစ်သွယ်ဖြင့်သာ ကိုဗစ်ရောဂါကိုကာကွယ်နိုင်ပါတယ်။ 

ကောလဟလများကို မယုံဘဲ ကျန်းမာရေးဌာနနဲ့  WHO  ကထုတ်တဲ့ပညာပေးအချက်အလက်များကိုသာလိုက်နာခြင်းဖြင့်ကိုဗစ်ရောဂါကိုကာကွယ်ကြပါ။ 

ဒေါက်တာအောင် 

၁၀-၀၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/blog-post_10.html

ကိုးကား 

Parasher A. Postgrad Med J 2021;97:312–320. doi:10.1136/postgradmedj-2020-138577

https://www.facebook.com/MoHNUGMyanmar