Sunday 23 June 2019

Surgical Mask တပ်ဆင်နည်း အမှားနဲ့ အမှန် (ယူနီကုဒ်)

Surgical Mask  တပ်ဆင်နည်း အမှားနဲ့ အမှန် (ယူနီကုဒ်) 


" Mask တပ်ထားတာ ကို ဖြုတ် ယူပြီး အစိမ်းကို အတွင်းဘက် အဖြူကို အပြင် ဘက် ပြန်တပ် ပေးတယ်.... ဆရာဝန်က ပြောတယ် အစိမ်း ကို အပြင်မှာ ထားရင် ကိုယ့်ဆီက ရောဂါ တွေ အခြားသူ ကိုကူးမှာ စိုးလို့တဲ့ အဖြူကို အပြင် မှာ ထားရင် အပြင်က အနံအသက် တွေ ရောဂါ တွေ မဝင်အောင် လို့ တဲ့."
လွဲတော့နေပြီ
ခက်တာက နာမယ်ကြီးဆေးရုံကြီးက ဆရာဝန်ကပြောတာ ဆိုတော့ ရှဲလိုက်ကြတာဝက်ဝက်ကွဲ။
အင်တာနက်မှာရှာရင်လည်း အဲလို အဖြူက အပြင်က၊ အစိမ်းက အပြင်ကလို့ ရေးထားတာတွေရှိနေတာကိုး။

အဲဒီလိုတပ်ရမယ်ဆိုတာ အထောက်အထားတကယ်ရှိသလား၊ Evidence Based ?

အကြောင်းအရာတခုကို လက်မခံမီ၊ လက်ဆင့်ဆက်မကမ်းမီ အမှန်အမှားဝေဘန်ကြည့်ရအောင်။
ခေတ်ကြီးကလည်း Evidence Based Medicine ဆိုတဲ့ အထောက်အထားကို အခြေခံတဲ့ ဆေးပညာကိုမှ လက်ခံကြတာလေ၊
တကယ်တော့ ဘုရားခေတ်ကတည်းက ကာလာမ သုတ္တန်မှာ ဝေဘန်စဉ်းစားဆင်ခြင်ပြီးမှ အယူအဆတခုကို လက်ခံဖို့ ဟောထားပြီးသားပါ။

ဆေးပညာဟုသုတနဲ့ ပတ်သက်လျင်

WHO လိုအဖွဲ့အစည်းတွေ၊ ဆေးတက္ကသိုလ်နဲ့ တွဲထားတဲ့ ဆေးရုံကြီးတွေ ၊ အစိုးရကျန်းမာရေးဌာနတွေ ( ဝက်ဘ်ဆိုဒ်လိပ်စာမှာ .gov, .edu, org, ac.uk စတာတွေနဲ့ ဆုံးတာတွေက ပိုယုံကြည်ရပါတယ်။ ဥပမာ
USA  က https://www.nih.gov/https://www.cdc.gov/,  https://www.mayoclinic.orghttps://www.cancer.org/, UK  က https://www.nhs.uk/,  စသည်တို့က အချက်အလက်တွေကိုတော့ သံသယဖြစ်စရာမရှိနိုင်ပါ။

အဲဒီလို အတွင်းအပြင် ပြောင်းတပ်တာ မှားတယ်ဆိုတဲ့ အထောက်အထားအကျဉ်း 

၁. နိုင်ငံအများစုမှာ သုံးနေတဲ့ သုံးလွှာပါ Surgical mask  တွေမှာ အပြင်ဆုံးလွှာနဲ့ အတွင်းလွှာတွေကို မတူညီတဲ့လုပ်ဆောင်မှုတွေအတွက် မတူတဲ့ ပစ္စည်းတွေကိုသုံးထားပါတယ်၊  အတွင်းနဲ့ အပြင်ပြောင်းသုံးလိုက်တာနဲ့ ဆိုင်ရာပစ္စည်းကို ရွေးချယ်သုံးရတဲ့ ဦးတည်ချက်ပျောက်သွားပါတယ်။
 ၂, တကယ် လေကို စစ်ပေးတဲ့ အလယ်လွှာကို စစ်ဆေးကြတဲ့ ဘယ်ဌာန၊ ဘယ်ထုတ်လုပ်သူကမှ unidirectional filter လို့ ဖေါ်ပြထားတာမရှိပါ။ဘယ်ဖက်ကလာတဲ့ အမှုန်အမွှားကို ဖြစ်ဖြစ် သူတတ်နိုင်သလောက် တားထားပါတယ်။
၃. Surgical mask က အရည် droplet နဲ့  အမှုန်မွှားတွေကို ကာကွယ်ဖို့သာဖြစ်ပြီး အငွေ့နဲ့အနံ့ကို မကာကွယ်ပါ။
၄. Surgical mask က အပြင်ကဝင်လာတဲ့ အမှုန်ကို စစ်ပေးတဲ့ နေရာမှာ ကာကွယ်မှုအနည်းငယ်ရနိုင်ပေမယ့် နှုတ်ခမ်း အနားတွေက မျက်နှာပေါ်မှာ လုံနေ စေ့နေအောင် ကပ်မနေတာကြောင့် mask နှူတ်ခမ်းဘေးတွေကတွေဝင်လာတဲ့ လေကို စစ်မပေးနိုင်တာပါ။ ဒါကြောင့်  ပြောင်းပြန်ပဲတပ်တပ် အတည့်ပဲတပ်တပ် filter လုပ်ပေးနိုင်တာကတော့ ပိုမထူးပါဘူး။
၅. တခုရှိတာက  ပြောင်းပြန်ပြောင်းပြီး အဖြူကို အပြင်ဘက်ထားတပ်လျင် စင်လာတဲ့ အရည်နဲ့ အရည်မှုန်တွေကို ကာကွယ်ပေးဖို့ လုပ်ထားတဲ့ အပြင်လွှာက အတွင်းဘက်ကို ရောက်သွားတာကြောင့် Surgical mask ရဲ့ ကာကွယ်ပေးနိုင်စွမ်းလျော့သွားပါတယ်။ mask ကိုအရည်စင်လာလျင် အလွယ်တကူစိုသွားနိုင်ပြီး စိုသွားတဲ mask  ကသူလုပ်ရမယ့် အလုပ်ကို မလုပ်နိုင်တော့ပါဘူး။
၆။ နိုင်ငံတကာ ကျန်းမာရေးဌာနတွေနဲ့ ပစ္စည်းထုတ်လုပ်သူတွေက လမ်းညွှန်ထားတာတွေကို ကြည့်လျင် အားလုံးက တပ်ဆင်ပုံတနည်းထဲကိုသုံးပါတယ်။ အရောင်ပါတာ အပြင်ဘက် ၊ အဖြူကအတွင်းပါ။ ဟိုဘက် ဒီဘက် လှည့်သုံးပါလို့ မပါပါ။

အချုပ်ရလျင်တော့ Surgical Mas ကိုတပ်လျင် စနစ်တကျ တပ်နည်းတမျိုးသာရှိပါတယ်။ ဘယ်ရည်ရွယ်ချက်နဲ့သုံးသုံး အရောင်ရှိတဲ့ မျက်နှာပြင်ကအပြင်၊အဖြူကအတွင်းဘက်ပါ၊ လုံးဝ မပြောင်းပါ။ မတူဘူးလို့ရေးနေသူတွေက သူတို့ ယူဆချက်ကိုရေးတာသာဖြစ်ပြီး ခိုင်မာတဲ့ အထောက်အထားလုံးဝမရှိသေးပါ။


မှန်ကန်သောSurgical Mask  တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်

Mask ကို စနစ်တကျ တပ်ဆင်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
၂. Mask ကို ဘူးထဲကထုတ်ပြီး မျက်နှာပြင် ၂ ဘက်လုံးမှာ အပေါက်အပြဲရှိမရှိစစ်ဆေးပါ။
၃, အပေါ်ဘက် အောက်ဘက်ကို သေချာကြည့်ပါ။ ကွေး၍ရသော သတ္တုချာင်းကလေးပါတဲ့ ဘက်က အပေါ်ဘက်ပါ။
၄. ဘယ်ဘက်က အတွင်းဘက်၊ အပြင်ဘက်ဆိုတာကို ကြည့်ပါ။ အရောင်ပါတဲ့ ဘက်က အပြင်ဘက်ဖြစ်ပြီး အဖြူရောင်ဘက်က မျက်နှာနဲ့ ထိတဲ့ အတွင်းဘက်ပါ။
၅. (က) နားကို ချိတ်တဲ့ သားရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီး နားမှာဆွဲချိတ်ပါ။
(ခ) ကြိုးချည်ရသော Mask မျိုးဖြစ်ပါက Mask ကိုနှာခေါင်းပေါ်ရောက်အောင်အုပ်ပြီး အပေါ်ကြိုး ၂ ချောင်းကို ဆွဲကာ နောက်စေ့ အထက်မှာ ကွင်းလျှောချည်ပါ။
၆.  Mask အပေါ်ဘက်ကို နှာခေါင်းပေါ်မှာ ကပ်နေရန် နှာခေါင်းအရင်းပေါ်ရောက်နေတဲ့ သတ္တုချောင်းကို အသာညှစ်ပြီးပုံသွင်းပါ။
၇. ကြိုးချည်ရသော Mask မျိုးဖြစ်ပါကအောက်သိုင်းကြိုး ၂ချောင်းကို လည်ပင်းအနောက်မှာပတ်ချည်ပါ။
၈. Mask အောက်နားအစကပါးစပ်နဲ့ မေးစေ့ကို ဖုံးအောင် မေးအောက်ရောက်တဲ့အထိဆွဲချပါ။

Mask ကို စနစ်တကျ ဖြုတ်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
Mask အရှေ့ အပြင်ဘက်မျက်နှာပြင်ဟာ မသန့်ရှင်းတော့တာကြောင့် လက်နဲ့ မထိမိအောင် အထူးသတိထားပါ။
၂. နားကို ချိတ်တဲ့ သာရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီ အသာဆွဲဖြုတ်ကာမျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၃. ကြိုးချည်ရသော Mask မျိုးဖြစ်ပါက အောက်ဘက်ကကြိုးကို အရင်ဖြည်ပါ ပြီးမှ အပေါ်ဘက်ကကြိုးကို ဖြည်ပြီး မျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၄. Mask ကို အမှိုက်ပုံးထဲသို့ သေချာပစ်ပြီး လက်၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။

အဆိုပါ ဖေ့စ်ဘွတ် ဇာတ်လမ်းထဲကဆရာဝန်ရဲ့ မမှားသင့်တဲ့ အမှား

တခါသုံး mask ဆိုတာ ဖြုတ်ပြီးတာနဲ့ စနစ်တကျလွှင့်ပစ်ရပါတယ်၊
Mask ကို မျက်နှာမှာ တပ်လိုက်ရင် အသက်ရှူသွင်းတာနဲ့ လေထဲက အမှုန်အမွှားနဲ့ ပိုးတွေက အပြင်ဘက်ရောက်နေတဲ့ မျက်နှာပြင်မှာကပ်ကျန်တော့တာပါ (ဒီ ဇာတ်လမ်းမှာတော့ အစိမ်းဘက်ပေါ့) အလွန်သေးငယ်တဲ့အမှုန်တွေပဲ လေနဲ့အတူ ဖြတ်ဝင်သွားပါတယ်။
ဒါကို ဆရာဝန်က လူနာတပ်ထားတာမှားနေလို့ဆိုပြီး ပြန်ဖြုတ်၊ ပြောင်းပြန်လှန်ပြီး ပြန်တပ်ပေးလိုက်ရော။
အဲဒီမှာအစောပိုင်းတုန်းက အမှုန်နဲ့ပိုးတွေကပ်နေတဲ့ အစိမ်းဘက်က အတွင်းဘက်ကိုရောက် ပြီးလူနာပါးစပ်နဲ့ နှာခေါင်းကိုထိ၊ သူလည်းအသက်လည်းရှူသွင်းရော အဲဒီမျက်နှာပြင်မှာ အစောပိုင်းကစုဆောင်းထားသမျှ အမှုန်အမွှားနဲ့ပိုးတွေ ကို နှာခေါင်းထဲ တခါတည်းစုပ်သွင်းလိုက်တော့တာပါပဲ
စနစ်တကျ Mask  ဖြုတ်နည်းမှာ အဲဒီမျက်နှာပြင်ကို လက်နဲ့တောင် မထိအောင်သတိထားခိုင်းပါတယ်။
ဆရာဝန်က တကယ် ပညာပေးချင်ရင် လူနာသုံးနေတဲ့ mask ကိုဖြုတ်ပြီး အသစ်တခုပေးပါ။
အခုတော့ တကယ့် infection control procedure ရဲ့ အရိုးရှင်းဆုံးအခြခံကိုတောင် မသိဘူး
ဒါမှမဟုတ် အလေးမထားဘူး ဖြစ်သွားပါတယ်၊
ဒီလို ရောဂါကာကွယ်ရေး အခြေခံကိုတောင် မသိတဲ့ ဆရာဝန်ကပြောတဲ့ Mask တပ်နည်းကကော တကယ် မှန်ပါတော့မလား။

အထောက်အထား အသေးစိပ်ကို လေ့လာကြည့်ရအောင်

အဲဒီဆရာဝန်ပြောတယ်ဆိုတဲ့ Surgical Mask  တပ်နည်းအယူအဆရဲ့ အရင်းအမြစ်ကတော့ Surgical Mask ဆိုတဲ့ ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းတွေရဲ့ တည်ဆောက်ပုံနဲ့ အလုပ်ပုံကို သေသေချာချာ မသိတာရယ် Surgical Mask ရဲ့ မူလ အစရယ်ကြောင့်လို့ ယူဆရပါတယ်။

Surgical Mask  ရဲ့ အစ

Surgical Mask ဆိုတာ ခွဲခန်းထဲမှာ နဲ့ ဆေးရုံဆေးခန်းတွေက procedure room တွေမှာ ဆရာဝန် ဆရာမတွေက ခွဲစိပ်တာ procedure တွေလုပ်  နေတုန်း စကားပြောကြ အသက်ရှု ထုတ် လုပ်ကြတဲ့ အခါ သူတို့ရဲ့ နှာခေါင်း ပါးစပ်တို့ထဲက နှာရည်နဲ့ တံတွေးအမှုန်တွေ နဲ့ အတူပိုးမွှားတွေ ခွဲစိပ်နေတဲ့နေရာ ကိုကျပြီး ရောဂါရတယ်။ အဲဒီတော့ ခွဲစိပ်မှု၊  procedures လုပ်နေတဲ့ နေရာဟာ ပိုးမွှားကင်းစင်တဲ့ ပတ်ဝန်းကျင်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ခွဲခန်းတို procedure room တို့ထဲဝင်သူတွေအားလုံး နှာခေါင်းစည်း ခေါင်းစည်း ( ဆံပင်က အမှုန်မကျအောင်) တွေတပ်ကြရပါတယ်။
အဲဒီမှာ Surgical Mask ဆိုတာ တပ်ဆင်ထားသူထံက ပိုးတွေကို အပြင်ကို မပြန့်အောင်ကာကွယ်တာ  လို့ အများက နားလည်ထားပါတယ်။ မှန်လည်းမှန်ပါတယ်။ သူတို့ တပ်ဆင်တဲ့ နည်းက အရောင်ရှိတဲ့ ဘက်ကို အပြင်မှာထားတပ်ပါတယ်။
ဒီနေရာမှာ အတွေးပိုနက်သူတွေက Surgical Mask ဆိုတာ ပိုးမွှားနဲ့ အမှုန်တွေ အဖြူဘက်မျက်နှာပြင်ကနေ အစိမ်း ( သို့မဟုတ် အပြာ) ဘက်ကို မရောက်အောင်တားဆီးပေးတယ်။ unidirectional filter ပေါ့။  အဲဒီတော့ ကိုယ်က အပြင်က အမှုန်တွေကို ကိုယ့်နှာခေါင်းနဲ့ပါးစပ်ထဲ မဝင်စေချင်လျင် ပြောင်းပြန်ပြန်တပ်ရမယ်။ ဒီတော့မှ အဖြူကအပြင် အစိမ်းကအတွင်းမှာနေတော့ ကိုယ်ရှူသွင်းလိုက်တဲ့ လေကို စစ်ထုတ်ကာကွယ်ပေးတယ်။
တွေးလိုက်တာကတော့ အဟုတ်ပဲ။
ဒီလိုတွေးသူတွေ မေ့နေတာက Surgical Mask က တပ်ဆင်ထားသူ ဆရာဝန်ဆရာမ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲကို ရောဂါပိုးရှိတဲ့ သွေးတွေ၊ လူနာရဲ့ ခန္ဓာကထွက်တဲ့ အရည်တွေ မဝင်အောင်လည်းတာဆီးပေးတယ်ဆိုတာပါ။
ဟုတ်မဟုတ်သိဖို Surgical mask တွေအကြောင်း အထောက်အထားကလေးတွေ ရှာကြည့်ကြရအောင်။

Face Maskတွေကို ဘာအတွက်သုံးကြတာလဲ

ရည်ရွယ်ချက် ၂မျိုးရှိပါတယ်။

၁. တပ်ဆင်ထားသူရဲ့အသက်ရှုလမ်းကြောင်းနဲ့ ပါးစပ်ထဲကို ပြင်ပ ပတ်ဝန်းကျင်က ဒုက္ခပေးနိုင်တဲ့ အရာတွေ (ဥပမာ အခိုးအငွေ့၊ ဓါတ်ငွေ့၊ အရည်၊ အမှုန်အမွှား၊ ရောဂါပိုး တို့ဆိုပါစို့။) ဝင်မလာအောင်ပါ။ respirator လို့ခေါ်ကြပါတယ်။ အပြင်ကဝင်တာကို စစ်ပေးတာပါ။ ဘေးနှုတ်ခမ်းတွေက လေလုံနေအောင်ဝတ်ရပါတယ်။

၂. တပ်ဆင်ထားသူရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲက အသက်ရှူထုတ်လို့၊ နှာချေ ချောင်းဆိုးလို့၊ စကားပြောလို့ထွက်လာတဲ့ တံတွေး၊ နှာရည်၊ တို့နဲ့ အတူ  ပါလာတဲ ရောဂါပိုးတွေ အနားပတ်ဝန်းကျင်နဲ့ သူတပါးဆီ ပြန့်မသွားအောင် တားဆီးဖို့ပါ။ Mask လို့ခေါ်ကြပါတယ်။ (အတွင်းကထွက်တာကို စစ်ပေးတာ) ဒါပေမယ့် Mask တွေဟာ အပြင်ကဝင်လာတဲ့ လေကိုလည်း အမှုန်မွှားတွေမပါအောင်စစ်ပေးပါသေးတယ်။ (အပြင်ကဝင်တာကို စစ်ပေးတာ)
Face mask Respirator နှုင်းယှဉ်ချက်

Mask နဲ့ respirator  အမျိုးမျိုးရှိပါတယ်
ဖုန်တွေ အမှုန်တွေ၊ ဓါတုပစ္စည်း၊ အရည် အငွေ့တွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်သုံးဖို့ ထုတ်တာများပါတယ်။ လေထဲကတဆင့်ပြန့်ပွားတဲ့ ရောဂါတွေ ပြန့်ပွားကူးစက်တာကာကွယ် ဖို့ကျန်းမာရေး ဌာနတွေမှာလည်းသုံးပါတယ်။

Face mask

ဆိုရာမှာ နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးထားတဲ့ မျက်နှာပေါ်မှာ သက်တောင့်သက်သာစွာ တပ်ဆင်ထားတဲ့အကာအကွယ်ပါ။ ဖုန်မရှူမိအောင်သုံးတဲ့ စက္ကူ Mask, အဝတ်နဲ့ ချုပ်ထားတဲ့ Mask အပြင် အများသိတာက Surgical mask ဆိုတဲ့ ဆေးရုံသုံး Mask ပါ။ အများအားဖြင့် အစိမ်းနဲ့ အပြာဆိုပြီးလာပါတယ်။ ကျန်းမာရေးဌာနတွေမှာ Dental Mask, Medical procedure mask, Isolation mask, Laser mask ဆိုတာတွေလည်းရှိပေမယ့် Surgical Mask လို့ပဲ လူသိများပါတယ်။
Surgical Mask

Surgical Mask များ

 Mask တွေကို ဗူးထဲကထုတ်ဖို့ ဗူးအပေါ်မှာ အပေါက်ဖေါက်ထားပြီး တခုချင်းဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ 
အရောင်ပါတဲ့ အပြင်ဘက်မျက်မှာပြင်က အပေါ်ဘက်ကဖြစ်လို့ ဆွဲယူတဲ့ အခါလက်နဲ့ ထိပေမယ့်ပြသမရှိပါ။ ကိုယ့်မျက်နှာနဲ့ ထိတဲ့  အဖြူဘက်ကို ဘာနဲ့မှ မထိဘဲဝတ်လို့ရအောင်လုပ်ထားတာပါ။
အရောင်နဲ့မျက်နှာပြင်ကို အတွင်းထားတပ်လိုက်လျင်တော့ လက်နဲ့ထိပြီး မသန့်တော့တဲ့ မျက်နှာပြင်က မိမိမျက်နှာမှာလာကပ်ပါလိမ့်မယ်။

Surgical Mask တည်ဆောက်ထားပုံ

တံဆိပ်နဲ့ ထုတ်လုပ်သူပေါ်လိုက်ပြီး ကွာခြားမှုရှိပါတယ်။ နိုင်ငံအများစုမှာတော့ FDA လိုအဖွဲ့ကလက်ခံထားတဲ့ စံနှုန်းတွေနဲ့ကိုက်ညီမှ ဈေးကွက်တင်လို့ရပါတယ်။  အလွှာ သုံးလွှာပါ Fuid Repellent Surgical Mask (FRSM) ကိုတော့ အများစုက လက်ခံထားပါတယ်။ အရည်အသွေးကို particulate Filteration efficiency ( PFE)၊ Bacterial Filteration efficiency 9BFE)  ASTM F2101-01နဲ့ air exchange တို့နဲ့ သတ်မှတ်စံနှုန်းထားနှုင်းယှဉ်တိုင်းတာပါတယ်။

၁. အလွှာသုံးလွှာပါ Filter အရွက်၊
၂. သူ့ရဲ့ အပေါ်ဘက်ဆုံးနားမှာ နှာခေါင်းဘေးမှာ လွတ်မနေအောင် ပြန်ဖိပေးဖို့ လိုသလို ပုံသွင်းလို့ရတဲ့ သတ္တုချောင်း၊
၃. ဘေးမှာ နားကိုချိန်ဖို့မျှော့ကြိုးကွင်း (သိူ့) ခေါင်းကို ပတ်ချည်ဖို့ကြိုး တို့ပါပါတယ်။
အလွှာသုံးလွှာ

Filter သုံးလွှာ
၁. ပထမအလွှာ ( အတွင်းလွှာ) ကို ပျော့ပြောင်းပြီး အရည်အလွယ်တကူမစိုနိုင်တဲ့ airlaid4 paper နဲ့ လုပ်ထားပါတယ်၊ မျက်နှာပေါ်ကအမွှေး၊ ချွေး၊ သွားရည်, နှာရည် စတာတွေ Mask  အထဲကို မဝင်အောင်တားပေးပါတယ်။  တချိ့ကတော့အစိုဓါတ်ကိုစုပ်တယ်ဆိုပါတယ်။ 
၂. အလယ်လွှာ Filter ကတော့ ရေစိုခံ polypropylene ဆိုတဲ့ ပလတ်စတစ်အမျှင်တမျိုးကိုသုံးထားပြီး လုပ်ထားပါတယ်။ ဘက်တီးရီးယား၊ ခန္ဓာမှထွက်သောအရည်မှုန် droplet များ၊ မသန့်ရှင်းသောအမှုန်အမွှားများကို ရှုသွင်းတဲ့လေထဲဆက်ပါမလာအောင် တားဆီးစစ်ထုတ်ဖို့ပါ။
၃. တတိယအလွှာ ( အပြင်လွှာ) ကလည်း ရေစိုခံ polypropylene ဆိုတဲ့ ပလတ်စတစ်အမျှင် နဲ့ လုပ်ထားပြီး မသန့်တဲ့ အရည်၊ သွေး စတာတွေကို မျက်နှာကိုစင်လာတဲ့ အခါ Mask ထဲကို ဝင်မလာအောင်တားပေးဖို့ပါ။ ဒါကအရေးကြီးပါတယ် Mask တွေရေစိုလျင် အကာကွယ် မပေးနိုင်တော့လို့အသစ်လဲရပါတယ်။
https://www.chp.gov.hk/files/pdf/use_mask_properly.pdf 

ဒီတည်ဆောက်ပုံအရ အလွှာ ၃ လွှာပါ Surgical mask တွေမှာ စထုတ်ကတည်က ဘယ်အလွှာက အတွင်း ဘယ်အလွှာက အပြင်ဆိုတာ သတ်မှတ်ပြီး တလွှာချင်းစီအတွက် သုံးတဲ့ပစ္စည်းကို စနစ်တကျ ရွေးချယ်ထားပါတယ်။
လိုအပ်သလို အတွင်း အပြင်ပြောင်းလှည့်ပြီးသုံးလို့ရတယ်ဆိုတဲ့ ရွေးချယ်စရာကို ဘယ်ထုတ်လုပ်သူကမျှပေးမထားပဲ  တပ်ဆင်ရမယ့် ပုံစံကတခုတည်းသာရှိတာကို တွေ့ရပါတယ်.
နောက်တခုကတော့ လေကို အဓိက စစ်ထုတ်ပေးတဲ့ အလယ်လွှာက စစ်ထုတ်ပုံကို တဘက်သွား ( unidirectional filter) လို့ ဖေါ်ပြထားတာ သတ်မှတ်ထားတာ လုံးဝ မရှိပါ။ အဲလို unidirectional filter ဖြစ်နေခဲလျင် စက်ရုံမှာ ဘက်မှားမချုပ်မိဖို့ စနစ်တခုထားရပါတော့မယ်။ ဥပမာ မျက်နှာပြင် ၂ဘက် အရောင်နဲ့ ခွဲခြားတာမျိုး၊ ဒါပေမယ့် အဲလို လုံးဝမရှိပါ။ ဆိုလိုတာကတော့ အလယ်လွှာက လေကို ဘယ်ဘက်ကို ရှုသွင်းသွင်း  အတူတူပဲ စစ်ထုတ် ကာကွယ်ပေးမှာပါ။

Surgical mask ကို ဘယ်နေရာမှာသုံးကြလဲ?

ရည်ရွယ်ချက်မျိုးစုံနဲ့ သုံးပါတယ်။
အဓိကကတော့
၁. နေမကောင်းသူများ သူတို့ရဲ့ နှာရည် တံတွေးစသည်တို့ထဲရှိ အသက်ရှူလမ်းကြောင်းပိုးများ ပတ်ဝန်းကျင်ကို  ပြန့်နှံကူးစက်ခြင်းမှ ကာကွယ်ရန် ဝတ်ဆင်သည်။  (ထွက်လေကို စစ်ပေးတာ)
၂. ကျန်းမာရေးဝန်ထမ်းများ သူတို့ရဲ့ နှာရည် တံတွေးစသည်တို့ထဲရှိ ရောဂါပိုးများ သူတို့ကုသပေးနေ၊ ခွဲစိပ်ပေးနေသော လူနာပေါ်သို့ မတော်တဆ ကျရောက် ရောဂါရေစချင်းမှ ကာကွယ်ရန်  (ထွက်လေကို စစ်ပေးတာ)
၃. တပ်ဆင်ထားသူကို ဘေးဖြစ်စေတတ်သောအရာများ မှကာကွယ်ပေးရန် ဥပမာ အမှုန် အမွှားများ၊ စင်ထွက်လာသော သွေး၊ ခန္ဓာမှထွက်သောအရည်များ၊  ပါးစပ်နဲ့ နျာခေါင်းထဲ စင်ပြီး မဝင်စေရန်၊ မသန့်သော လက်ဖြင့် မျက်လုံး၊ နှာ ခေါင်း၊ ပါးစပ်တို့ကို မတော်တဆကိုင်မိခြင်းမှ ကာကွယ်ရန်။ ( ဝင်လေကို စစ်ပေးသည်)
 ဒီနေရာမှာ Surgical mask အနားတွေက respirator လို မျက်နှာပေါ်မှာ လုံနေ စေ့နေအောင် ကပ်မနေတာကြောင့် အသက်ရှူလိုက်လျင် အဲဒီဘေးပတ်လည်ကနေလည်းလေဝင်ပါတယ်။ ဘေးကဝင်တဲ့လေကိုတော့ Filter စစ်ပေးထားတာမဟုတ်လို့ ပိုးတွေ အမှုန်တွေ ရှူသွင်းတဲ့ လေနဲ့ အတူပါလာနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကကူးတဲ့ ရောဂါတွေ မိမိကို မကူးအောင် ကာကွယ်မယ်ဆို Surgical mask က မလုံလောက်ဘူးလို့ ဆိုထာပါ။
ဒီတော့ Surgical mask  ကို ကျန်းမာရေး ဝန်ထမ်းတွေ သုံးတာက သူတို့ဆီကရောဂါရောဂါပြန့်တာကို ကာကွယ်ရုံသာမက သူတိုကိုကာကွယ်ဖို့အတွက်လည်းသုံးတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီတော့ Surgical mask ဟာ Bidirectional filter နှစ်ဘက်လုံးကဝင်လာတဲ့ အမှုန် အမွှားတွေကို တားဆီးပေးတယ်လို့တွေ့ရမှာ ဖြစ်ပါတယ်။

Surgical mask ကို ဘယ်လိုတပ်မလဲ ဖြုတ်မလဲ

Mask ပဲဖြစ်ဖြစ်  respirator ပဲဖြစ်ဖြစ် တပ်ဆင်ရာမှာသာမက သုံးပြီးဖို့ ပြန်ဖြုတ်ရာမှာပါစနစ်တကျ မှန်မှန်ကန်ကန် လုပ်နိုင်မှ လိုအပ်တဲ့ ကာကွယ်မှုကိုပေးနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်က SARS ရောဂါ စတင်ခဲ့တဲ့ ၊ တုပ်ကွေးလည်း နှစ်တိုင်း အဖြစ်များလို့ ကူစက်ရောဂါကာကွယ်ရေးကို အလွန် အရေးထားတဲ့ ဟောင်ကောင် ကျန်းမာရေးဌာနက တင်ထားတဲ့ Surgical mask ကို စနစ်တကျဘယ်လိုတပ်တယ် ဖြုတ်မယ်ဆိုတာကိုအောက်မှာတွဲထားပါတယ်.

Surgical mask တပ်ဆင်ပုံနဲ့ ဖြုတ်ပုံကို ဟောင်ကောင်းကျန်းမာရေးဌာနက တင်ထားတဲ့ ဗီဒီယိုကလေး ပါ




စင်္ကာပူကျန်းမာရေးဌာန Singhealth



N95 respirator အကြောင်း အမြည်း

N95 respirator ဆိုတာကတော့ မျက်နှာပေါ်မှာ ဘေးနှုတ်ခမ်းတွေကနေလေဝင်ပေါက်မရှိအောင် ခပ်တင်းတင်း ဝတ်ဆင်ရပါတယ်။ သူ့ရဲ့ အတွင်းမျက်နှာပြင်က နှာခေါင်း၊ ပါးစပ်တို့နဲ့ အကုန်ထိကပ်မနေပါဘူး၊ ရှူသွင်းလိုက်တဲ့ လေထဲမှာပါတဲ့ အမှုန်အမွှားများ ( ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် အပါအဝင် အရွယ် ၃ မိုင်ခရွန်ထက်ကြီးသော) ကို ၉၅ ရာနှုန်းကို တားဆီးပေးတဲ့ respirator ကို N95 Respirator လို့ခေါ်ပါတယ်။

Kimberly-Clark N95 Respirator


N95 Medical Respirator

အဲလို မျက်နှာမှာ လေလုံအောင် ကပ်နေဖို့ မျက်နှာပုံမျိုးစုံ အရွယ်မျိုးစုံနဲ့ သင့်လျှော်တဲ့ အရွယ်မျိုးစုံ ထုတ်ရပါတယ်။ ပုံစံလည်းမျိုးစုံရှိပါတယ်။ respirator ဘေးနှုတ်ခမ်းတွေမှာ အနားသတ်ပါတတ်ပါတယ်။
ဒိအပြင်တပ်ဆင်ထားတာ တကယ်လုံမလုံကို Fit test လုပ်ပြီး စစ်ဆေးပါတယ်။ ဒါမှ ကိုယ်တပ်တာ မှန်မမှန် တကယ်သိမှာပါ။


သူက အဝင်လေကိုသာစစ်ထုတ်ပေးပြီး အထွက်လေကို ဘာမှမလုပ်ပါ။
ဘယ်လောက်လေလုံလဲဆိုလျင် အသက်ရှူသွင်းတဲ့ အခါ ဖေါင်းနေနဲ့ respirator မျက်နှာပြင်ခွက်ဝင်သွားပြီး အသက်ရှိုထုတ်မှ ပြန်ဖေါင်းလာပြီး respirator ဘေးတွေက နေ လေထွက်သွားပါတယ်။ အသက်ရှူလမ်းကြောင်း နဲ့ နှလုံးရောဂါရှိသူ ( ဥပမာ ပန်းနာရင်ကြပ်) တွေ တပ်ဆင်ထားလျင်း အသက်ရှူမဝဘဲဒုက္ခရောက်ပါတယ်။ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ အသက်ရှူလမ်းကြောင်းကကူးစက်တတ်တဲ့ရောဂါတွေ မကူးအောင် သုံးတာက တခါသုံး N95 respirator ပါ  N98 ဆိုတာလည်းရှိပါတယ်။

အဲဒီလိုရောဂါတွေ မကူးအောင် တခါသုံး N95 respirator တွေကိုသုံးတဲ့အခါ စနစ်တကျဝတ်ဆင်ဖို့လို့သလို ပြန်ဖြုတ်လျင်လည်း စနစ်တကျဖြုတ်ပြီး စနစ်တကျ စွန့်ပစ်မှ ရောဂါကူးစက်ပြန့်ပွားမှုကနေကာကွယ်ပေးပါတယ်။ N95 respirator လိုအပ်တဲ့ အခြေအနေဆိုလျင် Personal Protective Equipment (PPE) ဆိုတဲ့ ပစ္စည်း အစုံကို စနစ်တကျ အဆင့်အလိုက် ဝတ်ရ၊ ပြန်ချွတ်ရ စွန့်ပစ်ရပါတယ်။  N95 respirator တမျိုးတည်းသုံးရုံနဲ့ မလုံလောက်တဲ့အတွက် လူနာနဲ့ လူထုကြားမှာ သွားလားလှုပ်ရှားနေသူတွေအတွက် အသုံးမတည့်ပါဘူး။ဆေးရုံဆေးခန်းတွေမှာတော့ Full PPE နဲ့တွဲသုံးပါတယ်။


Dr Aung
23-06-2019

မှတ်ချက် ။
အကိုးကားတွေကို လင့်လုပ်ထားပါတယ်။ လင့်လုပ်ထားတဲ့ စာပေါ်ကိုမျှားထာက်ပါက လက်ပုံပြောင်းသွားမှာဖြစ်ပြီ အဲဒီလက်နဲ့ နှိပ်လိုက်ပါက လင့်ကို ရောက်သွားပါမယ်။

သိချင်တာ၊ မေးချင်တာ၊ ဘဝင်မကျတာရှိလျင် အောက်မှာ မန့်သွားလို့ရပါတယ်။

No comments:

Post a Comment