Sunday, 24 January 2021

Covishield ကိုဗစ်-၁၉ ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး ထိုးကြမှာလား ၂ )

   Covishield ကိုဗစ်-၁၉ ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး ထိုးကြမှာလား ၂ ) 

မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့ ကိုဗစ် ကာကွယ်ဆေးကတော့ Covishield ဆိုတဲ့ Serum Institute ကထုတ်တဲ့ဆေးပါ။ အနောက်နိုင်ငံတွေမှာ  Oxford-AstraZeneca vaccine လို့ခေါ်ကြပြီး အိန္ဒိယက ထုတ်လုပ်ခွင့်လိုင်စင်နဲ့ ထုတ်တာပါ၊  The ChAdOx1 vaccine လို့လည်းခေါ်ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း အသက် ၁၈ နှစ်နှင့်အထက် လူကြီးများမှာ အရေးပေါ်အခြေအနေမှာ သုံးဖို့ခွင့်ပြုထားပါတယ်။ 

နောင်ထပ်ရောက်လာမည့်ဆေးတွေက တခြားနိုင်ငံတွေ ကုမ္ပဏီကဆေးတွေလည်းဖြစ်နိုင်လို့ အချက် အလက်တွေ အနည်းအများကွာနိုင်ပါတယ်။ 


Covishield ခေါ် The ChAdOx1 vaccine

VACCINE NAME: AZD1222 (also known as Covishield in India)
EFFICACY: 62% to 90%, depending on dosage
DOSE: 2 doses, 4 weeks apart
TYPE: Muscle injection
STORAGE: Stable in refrigerator for at least 6 months

ဆေးအကြောင်းအကျဉ်း

Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) ကာကွယ်ဆေးကို Jenner Institute နဲ့  the Oxford Vaccine Group တို့ကပညာရှင်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ The Oxford COVID-19 vaccine team အဖွဲ့က သုတေသနပြုထုတ်လုပ်တာပါ။ 

ကာကွယ်မှု။         ဆေးထိုးတဲ့ အကြိမ်ရေ၊ ပမာဏနဲ့ ခြားတဲ့ ကာလပေါ်တည်လို့  ၆၂ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိအကာကွယ်ပေးပါတယ်၊။ 

ပမာဏနဲ့ အကြိမ်ရေ။         မြန်မာပြည်မှာထိုးမှာက ၀.၅ စီစီဆေးရည်ကို ရက်သတ္တလေးပတ်ခြားပြီး နှစ်ကြိမ်ထိုးမှာပါ။ 

ဘယ်နေရာကိုထိုးမှာလဲ။     လက်မောင်းကြွက်သားထဲကိုထိုးမှာပါ။ 

သိုလှောင်မှု။         သာမန်ရေခဲသေတ္တာအပူချိန်  ၂-၈ ံ စင်တီဂရိတ်မှာ ၆ လအထိထားနိုင်ပါတယ်။ 


နည်းပညာ 

ဒီကာကွယ်ဆေးမျိုးကို  Recombinant မျိုးစပ်နည်းပညာသုံးပြီး၊ ရောဂါပေးတဲ့ ဗိုင်းရပ်စ်တမျိုးရဲ့ဗီဇ တစိပ်တပိုင်း ကို အန္တရာယ်မပေးနိုင်တဲ့တခြားဗိုင်းရပ်တမျိုးထဲ ထည့်ပေးပြီးခန္ဒာကိုယ်ထဲကိုထိုးပေးတဲ့ Viral Vector Vaccines လို့ခေါ်ပါတယ်၊။ 

Covishield ခေါ် The ChAdOx1 vaccine မှာ
(၁) ချင်ပန်ဇီမျောက်တွေမှာ နှာစေးချောင်းဆိုးလောက်သာဖြစ်စေတဲ့  Adenovirus  ဆိုတဲ့ဗိုင်းရပ်စ်ကို  အငှားသုံးပါတယ်။ 
ပုံမှန်အားဖြင့်တိရိစ္ဆာန်တွေကိုရောဂါပေးတဲ့ဗိုင်းရပ်စ်တွေက လူကိုရောဂါပေးလေ့မရှိပါ၊ 
တခါ အဲဒီဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ်ထဲရောက်သွားလျင် မပွားနိုင်အောင်ထပ်ပြုပြင်ထားပါသေးတယ်။ 

(၂) ကိုဗစ် ၁၉ ရောဂါပေးတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်မှာ မှိုကလေးတွေလို surface spike အချွန်အတက် ကလေးတွေရှိပါတယ်။ လူ့ခန္ဒာရဲ့ ကိုယ်ခံအားစနစ်ကSARS-CoV-2 ဗိုင်းရပ်စ် ကိုမှတ်မိသိရှိဖို့ အဲဒီအချွန်အတက်မှာပါတဲ့ surface spike proteinပရိုတိန်းက အဓိကကျပါတယ်။ 
ဒါကြောင့်အဲဒီ surface spike protein အချွန်အတက်မှာပါတဲ့ ပရိုတိန်းကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ လူ့သန္ဓေသားကျောက်ကပ်ဆဲလ်ထဲမှာ အရင်ထုတ်ပါတယ်။ 

(၃) အဲဒီ surface spike protein ပရိုတိန်းထဲက မျိုးရိုးဗီဇ genetic sequence ကို ထုတ်ယူပြီး စောစောက ပြုပြင်ထားတဲ့ ချင်ပင်ဇီထံကဗိုင်းရပ်စ်ထဲကိုထည့်ပေးပါတယ်။ အဲလို ပေါင်းထားတဲ့ အစိပ်အပိုင်းကလေးက မူလ ချင်ပင်ဇီရဲ့ Adenovirus အရည်အသွေးအပြည့်မရှိတော့သလို SARS-CoV-2 ဗိုင်းရပ်စ် တကောင်းလုံးမဟုတ်ဘဲ surface spike protein ပရိုတိန်းထဲက မျိုးရိုးဗီဇ ပဲယူထားလို့ကိုဗစ်ရောဂါလည်းမပေးနိုင်တော့ပါဘူး။ အဲဒီ ဗိုင်းရပ်စ် ကပြား အစိပ်အပိုင်း ကလေးက Covishield ခေါ် The ChAdOx1 vaccine ကာကွယ်ဆေးပါ။ 

A diagram showing how the Oxford COVID-19 vaccine works. A chimpanzee adenovirus is used in the ChAdOx1 viral vector, engineered to match the SARS-CoV-2 spike protein.


ချင်ပန်ဇီက ဗိုင်းရပ်အခွံကိုငှားပြီး  ကိုဗစ်ဗိုင်းရပ်  အချွန်အတက်ပရိုတိန်ထည့်ကာ ကာကွယ်ဆေးထုတ်လုပ်ပြီး အကာကွယ်ပေးပုံအဆင့်ဆင့် 

ကာကွယ်ဆေးထိုးလိုက်တဲ့အခါ အကာကွယ်ပေးပုံ 

အဲဒီ Covishield ခေါ် The ChAdOx1 vaccine ကို လူ့ခန္ဓာကိုယ်ထဲကိုထိုးလိုက်တဲ့အခါ လူ့ခန္ဓာရဲ့ကိုယ်ခံအားစနစ်က သယ်လာတဲ့ ချင်ပင်ဇီရဲ့ Adenovirus အနေနဲ့ မသိတော့ဘဲ သူယူလာတဲ့ 
SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ surface spike protein ပရိုတိန်း ကိုပဲ သတိထားမိပြီး ဒီပရိုတိန်းကိုတိုက်ခိုက်ဖို့ လက်နက်နဲ့ ဗျူဟာတွေပြင်ဆင်ပါတယ်။ သီးသန့် အန်တီဘော်ဒီနဲ့ တီဆဲလ်တွေ ကို ထုတ်တာပါ။
ဒီလိုကိုယ်ခံအားစနစ်ရဲ့ပြင်ဆင်မှုက သုံးပတ်ကနေတလအထိကြာပါမယ်။ 
သီးသန့် ကိုယ်ခံအားစနစ်ရသွားပြီးနဲ့အချိန်မှာတော့ အဲဒီကာကွယ်ဆေးထိုးထားသူက ကိုဗစ်ဗိုင်းရပ်စ် ( SARS-CoV-2 ) ရှိသူနဲ့တွေ့လို့သူ့ရဲ့အသက်ရှုလမ်းကြောင်းထဲကို ကိုဗစ်ဗိုင်းရပ်စ်တွေဝင်လာတာနဲ့ ကိုယ်ခံအားစနစ်ကိုချက်ချင်းလှုံ့ဆော်ပါမယ်။ 
ကိုယ်ခံအားစနစ်က သူတို့အရင်က သိရှိထားပြီးသား surface spike protein ပရိုတိန်း တွေနဲ့ခြုံထားတဲ့ တကယ့်  SARS-CoV-2  ဗိုင်းရပ်စ်ကို ချက်ချင်းချေမှုန်းလိုက်လို့ ဗိုင်းရပ်စ်က ခန္ဓာထဲမှာမျိုးပွားချိန် ရောဂါပေးချိန်မရဘဲသေဆုံးကုန်မှာဖြစ်ပါတယ်။  

Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) တွင်ပါဝင်သောပစ္စည်းများ 

ကာကွယ်ဆေး ၀.၅ စီစီမှာ COVID 19 Vaccine (ChAdOx1-S* recombinant) ဆိုတဲ့ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ် အစိပ်အပိုင်းပေါင်း  ၅၀,၀၀၀,၀၀၀,၀၀၀ ပါပါမယ် ။ အဲဒီအထဲမှာ အထက်ကရေးထားသလိုပဲ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ချင်ပင်ဇီရဲ့ Adenovirus နဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ surface spike protein ပရိုတိန်းတွေပါပါမယ်၊။ 

တခြားပါဝင်တဲ့ပစ္စည်းတွေကတော့ 

  • L-histidine
  • L-histidine hydrochloride monohydrate
  • magnesium chloride hexahydrate
  • polysorbate 80
  • ethanol
  • sucrose
  • sodium chloride
  • disodium edetate dihydrate
  • water for injections

ကာကွယ်ဆေးတွေကို ဓါတ်ခွဲခန်းစမ်းသပ်မှုများ နဲ့ တိရိစ္ဆာန်များမှာစမ်းသပ်မှုများက ရလာဒ်တွေအရ ဘေးကင်းပြီး အကျိုးရှိတယ်ဆိုတာ သေချာမှ လူတွေမှာ အဆင့်သုံးဆင့်နဲ့စမ်းပါတယ်။ 
အာနိသင် ထိရောက်မှု ၊  ဘေးဥပါဒ်ကင်းရှင်းမှု၊ ဘယ်လောက်များများကို ဘယ်နှစ်ကြိမ်ထိုးမယ်။ ဘယ်လောက်အချိန်ခြားထိုးလျင် ဘယ်လိုအကျိုးရှိတယ် စသည်ဖြင့် လေ့လောမှု အများအပြားပါဝင်ပါတယ်။ 

Phase I: ကို ယူကေမှာ သူတို့ဘာသာ အစမ်းသပ်ခံဖို့ ဆန္ဒပြုသူ လူတစ်ထောင်ကျော်ကို ၂၀၂၀ ဧပြီလမှာ စမ်းသပ်ထိုးပေးပါတယ်။ 

Phase II/III: ဒီအဆင့်မှာ ယူကေက ကလေး လူကြီး စမ်းသပ်ခံသူ တစ်သောင်းနှစ်ထောင်ကျော် ပါဝင်ပြီး။ ယူကေပြင်ပ သုတေသနတွေကိုတော့ ဘရာဇီး၊ တောင်အာဖရိက၊ ကင်ညာ၊ ယူအက်စ်အေတို့မှာ လုပ်ပါတယ်။ 
အဲဒီရလာဒ်တွေကို ၂၀၂၀ ဒီဇင်ဘာလမှာထုတ်ပြန်ခဲ့ပြီး ဆိုင်ရာ နိုင်ငံတွေက ပညာရှင်တွေက ပြန်လည်သုံးသပ်ကြကာ သူတို့နိုင်ငံတွေမှာ အသုံးပြုခွင့်ပေးမပေးဆုံးဖြတ်တာပါ။ 
ယူကေမှာ  အရေးပေါ်အခြေအနေမှာသုံးခွင့်ပြုတယ်လို့ ၂၀၂၀ ဒီဇင်ဘာလမှာ ကြေညာပါတယ်။ ကိုဗစ်ကူးစက်ပျံ့ပွားမှုနဲ့ သေဆုံးမှု အဆိုးရွားဆုံးကာလပါ။ 

လိုင်စင်

အခုအချိန် ထိ ယူကေ၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ မက္ကဆီကို  စတဲ့နိုင်ငံတွေမှာ အရေးပေါ်အနေနဲ့ သုံးခွင့်လိုင်စင်ထုတ်ပေးထားပါတယ်။ 

လိုင်စင်က ဘာလို့ အရေးပေါ်အခြေအနေမှာသုံးဖို့ပဲဖြစ်နေရတာလဲ။ 

ကာကွယ်ဆေးတခုထုတ်ဖို့ သုတေသနဆင့်ဆင့်နဲ့ ပြန်လှန်သုံးသပ်မှုတွေလုပ်ရတာ နှစ်နဲ့ချီကြာပါတယ်။ အခုကိုဗစ်ကပ်ရောဂါကာလဖြစ်လို့ လုပ်ထုံးလုပ်နည်းတွေကို တတ်နိုင်သလောက် အမြန်ဆုံးပြီးအောင်လုပ်ပြီးအတည်ပြုလို့ အရေးပေါ်အခြေအနေမှာသုံးခွင့်ပြုတဲ့ လိုင်စင်လို့ဆိုတာပါ။ ပုံမှန်အတိုင်းသုတေသနနဲ့ သုံးသပ်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ပုံမှန်လုပ်ငန်းစဉ်အားလုံးပြီးသွားလို့ ထုတ်ပေးတဲ့လိုင်စင်ကတော့ ရေရှည်ထုတ်လုပ်သုံးစွဲခွင့်လိုင်စင်ဖြစ်သွားမှာပါ၊ တချို့ဆေးတွေကို အရေးပေါ်အခြေအနေမှာ သုံးရင်းဆက်လုပ်တဲ့ သုတေသနရလာဒ်တွေအရ ထုတ်လုပ်သုံးစွဲမှုကိုရပ်လိုက်ရတာတွေရှိပါတယ်။   H1N1 ကပ်ရာဂါကာလတုန်းကပါ။ 

ဒီဆေးကို နှစ်စဉ်ထိုးဖို့လိုကောင်းလိုနေမှာပါ။ အဲဒီအတွက်လိုင်စင်ကတော့ နောက်မှထွက်လာမှာပါ။  


ဘေးဥပါဒ်ကင်းရှင်းမှု

ဒီဆေးမှာ  ပြီးပြည့်စုံတဲ့ သက်ရှိ၊ သက်မဲ့ ဗိုင်းရပ်စ်ဘာတခုမှ အပြည့်အဝမပါတဲ့အတွက် သူတို့ကနေဘာကူးစက်ရောဂါမှမပေးလို့ ကိုယ်ခံအားနည်းသူတွေမှာပါသုံးလို့ရပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ခံအားမကောင်းသူ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ခံအားကိုဖိနှိပ်တဲ့   immunosuppressant  ဆေးသုံးနေသူတွေကို အားပျော့အောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်နဲ့လုပ်တဲ့ ကာကွယ်ဆေး ( Live-attenuated vaccine တွေဖြစ်တဲ့ Measles, mumps, rubella (MMR combined vaccine),  Rotavirus ကာကွယ်ဆေး၊ ကျောက်ကြီးရောဂါကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေး၊ Yellow fever ကာကွယ်ဆေး) တွေပေးလို့မရပါ။ 
ဒါပေမယ့် အဲဒီသူတွေ ဒီ Covishield ကာကွယ်ဆေးကို ဘေးကင်းစွာထိုးလို့ရပါတယ်။ 

အခုထိသုတေသနတွေ့ရှိချက်များအရ Covishield ကာကွယ်ဆေးက အန္တရာယ်ဖြစ်လောက်တဲ့ ဆိုးကျိုးတွေမပေးတာကြောင့် စိတ်ချလက်ချထိုးလို့ရပါတယ်။ 
ဆေးထိုးသူတိုင်းရာနှုန်းပြည့်ဘာမှမဖြစ်ဘူးလို့တော့ မဆိုလိုပါ။ 
ဆေးမှာပါဝင်တဲ့ပစ္စည်းနဲ့ မတည့်သူတွေမှာတော့ ဓါတ်မတည့်တဲ့ပြသနာတွေဖြစ်နိုင်သလို သာမန်ကာကွယ်ဆေးထိုးလျင် ဖြစ်တတ်တဲ့ အပျော့စာလက္ခဏာကလေးတွေလည်းရနိုင်ပါတယ်။ 

ဆေးထိုးသင့်သူများ
  • ကိုဗစ်ရောဂါအလွယ်တကူ ကူးစက်ခံရနိုင်သူများ 
    • ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ ဗော်လံတီယာများ၊ ကိုဗစ်ကူးစက်မှုကာကွယ်ရေး ရှေ့တန်းမှဆောင်ရွက်နေသူများ၊ 
    • နေရာတခုတည်းတွင် အများကြီးစုပေါင်းနေရသူများ၊ ဥပမာ အကျဉ်းထောင်၊ လူအိုရုံ၊ အဆောင်နေဝန်ထမ်းများ 
  • အများပြည်သူအတွက် လုပ်ငန်းများတွင် အရေးပါသူများ  
    • ဥပမာအုပ်ချုပ်ရေး  စီမံခန့်ခွဲရေး အကြီးအကဲများ၊ လဝကနှင့် လုံခြုံရေး ဝန်ထမ်းများ ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှဝန်ထမ်းများ
  • အများပြည်သူနှင့် အထိတွေ့များသောလုပ်ငန်းများတွင်လုပ်ဆောင်နေသူများ။  
    • ဥပမာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံသ၊ 
  • ကိုဗစ်ရောဂါကူးစက်ခံရလျင်  ပိုမိုဆိုးရွားစွာခံစားရနိုင်သူများ 
    • သက်ကြီးရွယ်အိုများ၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ အဆုတ် ၊ ကျောက်ကပ် ရောဂါ, ကင်ဆာ၊ စသည့်နာတာရှည်ရောဂါရှိသူများ
      ကိုယ်ခံအားချို့တဲ့သူ၊ ကိုယ်ခံအားဖိနှိပ်ဆေးသောက်နေရသူများမှာ ကာကွယ်ဆေးထိုးတဲ့အခါ သာမန်သူများလို့ ကိုယ်ခံအားထွက်နိုင် မထွက်နိုင်တော့မပြောနိုင်တဲ့အတွက် မိမိတို့သက်ဆိုင်ရာဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်)  



ဘယ်သူတွေ ဆေးမထိုးသင့်ဘူးလဲ 

အထက်မှာဖေါ်ပြထားတဲ့ ကာကွယ်ဆေးထဲပါဝင်တဲ့ပစ္စည်းတခုခုနဲ့ဓါတ်မတဲ့ တာဖြစ်ဖူးသူများ၊ 
ပြင်းထန်တဲ့ ဓါတ်မတည့်မှု အလွယ်တကူဖြစ်တတ်သူများကတော့ ဒီကာကွယ်ဆေးကိုမထိုးသင့်ပါဘူး။ 

ဒီအပြင် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အကြံပေးထားတဲ့ ဆေးမထိုးသင့်သူများကတော့ 
  • ကိုဗစ်-၁၉ ရောဂါ အတည်ပြုခြင်းခံထားရသူများ၊ သံသယလူနာများနှင့် ရောဂါလက္ခဿာသက်သာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးသောသူများ။
  • ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာ ရှိသူများ ( ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံအရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်) 
  • နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်များ
  • အသက် ၁၈နှစ်အောက်လူငယ်များ

ဆေးမထိုးမီဘာတွေသတိထားရမှာလဲ 

ဆေးမထိုးမီ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို အသိပေးစရာများ.

  • အရင်က တခြားဆေးတခုခုနဲ့ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်ဖူးလျင်၊ (ထိုးသင့်မသင့်ပြန်သုံးသပ်နိုင်ရန်) 
  • လောလောဆယ် ကူးစက်ရောဂါတခုခုဖြစ်နေလျင်၊ ကိုယ်အပူချိန် ၃၈ံ (၁၀၀.၄ ံ)ထက်များနေလျင်၊( နေကောင်းပြီး ၂ ပတ်ကြာမှဆေးထိုးရန်) 
  • သာမန် မပြင်းထန်တဲ့ နှာစေးချောင်းဆိုး၊ ကိုယ်နွေးရုံလောက်ဆိုလျင် ဆေးထိုးလို့ရပါတယ်။ (ကိုဗစ်လို့သံသယရှိလျင်တော့ထိုးပေးမှာမဟုတ်ပါ) 
  • အလွယ်တကူသွေးခြေဥတတ်၊ သွေးမတိတ်တတ်သူ၊ သွေးမတိတ်ဆေး၊ သွေးကျဲဆေးသာက်နေလျင် (ဆေးထိုးလို့ရသော်လည်း သွေးတိတ်မတိတ် စောင့်ကြည့်ရန်လို)
  • လက်ရှိ မိမိသောက်နေတဲ့ဆေးတွေကို အသိပေးပါ။
  • မိမိမှာကိုယ်ခံအားကျတဲ့အခြေအနေရှိလျင်၊ ကိုယ်ခံအားဖိနှိပ်တဲ့ဆေးများ၊ စတီးရွီုက်၊ ကင်ဆာဆေးများသုံးနေလျင်၊ မိမိတို့ကုသမှုခံယူနေသာ သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ညွှန်ကြားမှုကိုရယူပါ

တခြားဆေးများနဲ့ဒီကာကွယ်ဆေးအကြား ဓါတ်ပြုမှုပြသနာရှိတယ်လို့တော့ မတွေ့ရသေးပါ။ 



ကာကွယ်ဆေးထိုးတယ်ဆိုတာ ကိုယ်ခံအားကိုလှုံ့ဆော်ပေးတာဖြစ်လို့ ကိုယ်ခံအားစနစ် တက်ကြွစွာအလုပ်လုပ်တဲ့အခါ ကိုယ်ခန္ဓာ နေထိုင်မကောင်းတဲ့ လက္ခဏာတွေခံစားရတတ်ပါတယ်။ 

Covishield ကာကွယ်ဆေးထိုးတဲ့အခါမှာ ခံစာရနိုင်တဲ့ လက္ခဏာတွေကလည်း တခြားကာကွယ်ဆေးထိုးတဲ့အခါမှာ ခံစားရတဲ့လက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ 

အဖြစ်များသောလက္ခဏာများ (ဆေးထိုးသူဆယ်ယောက်လျင် ခံစားရသူတယောက်ထက်ပိုနိုင်) 

  • ဆေးထိုးသောနေရာတွင် နာခြင်း၊ ပူနွေးနေခြင်း၊ နီရဲ၊ ယားယံ၊ ရောင်ကိုင်း၊ သွေးခြေဥ 
  • ကိုယ်လက် မအီမသာဖြစ်ခြင်း
  • နုံးချိ၊ နွမ်းနယ်ခြင်း
  • ဖျားချင်သလိုဖြစ်၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ချင်သလိုဖြစ်ခြင်း
  • အဆစ်အမြစ်များ၊ ကြွက်သားများနာကျင်ခြင်း 
ဖြစ်လေ့ရှိသောလက္ခဏာများ (ဆေးထိုးသူဆယ်ယောက်လျင် ခံစားရသူတယောက် ထက်နည်း)
  • ဆေးထိုးသောနေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း 
  • ကိုယ်ပူဖျားနာခြင်း
  • ပျို့အန်ခြင်း
  • တုပ်ကွေးလက္ခဏာများဖြစ်သော ကိုယ်ပူ၊ လည်ချောင်းနာ၊ နှာရည်ကျ၊ ချောင်းဆိုး၊ ချမ်းတုံ များဖြစ်ခြင်း။ 


ဖြစ်ခဲသောလက္ခဏာများ (ဆေးထိုးသူတစ်ရာလျင် ခံစားရသူတယောက် ထက်နည်း)

  • မူးဝေခြင်း
  • ခံတွင်းပျက်ခြင်း
  • ဗိုက်အောင့် ဗိုက်နာခြင်း
  • သွားငံရည်အကျိတ်များယောင်ခြင်း
  • ချွေးထွက်လွန်ခြင်း၊ အရေပြားယားယံပြီး အကွက် အပိန့်များထွက်ခြင်း 


ဆေးထိုးပြီးလျင် လုပ်ဆောင်ရန်။ 

  • ဆေးထိုးပြီး နာရီဝက် ကြာအထိ သတ်မှတ်ထားတဲ့ နားနေခန်းမှာ နားနေပါ။ ကိုဗစ်ကူးစက်မှု ကာကွယ်နည်းများဆက်လက်ဆောင်ရွက်ပါ။ 
  • အထက်ဖေါ်ပြပါ လက္ခဏာတခုခုကိုခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို သတင်းပို့ပါ၊ 
  • ကျန်းမာရေးဝန်ထမ်းက စစ်ဆေးပြီး လိုအပ်လျင် ဆေးပေးပါမယ်။ (အများစုကိုတော့ လက္ခဏာသက်သာစေတဲ့ ပါရာစီတမောလို ဘာမီတွန်လိုဆေးမျိုးပဲပေးမှာပါ) ပုံစံတချို့ကိုဖြည့်ခိုင်းပါလိမ့်မည်။ 
  • ပထမအကြိမ်ဆေးထိုးပြီးသော်လည်း ကိုယ်ခံအားက ချက်ချင်းမရသေးသဖြင့် ကိုဗစ်ရောဂါကူးစက်မခံရအောင် ကာကွယ်နည်းများကို ဆက်လက်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ 
  • စောင့်ကြည့်ချိန် လွန်ပြီး အိမ်မပြန်မီ ဆေးထိုးမှတ်တမ်း ကိုရယူဖို့အရေးကြီးပါတယ်။ 
    • အိမ်ရောက်လျင်လည်း မပျောက်အောင်သေချာသိမ်းထားရပါမယ်။
    • ဒုတိယအကြိမ်ဆေးထို့ဖို့ဒီမှတ်တမ်းက မရှိမဖြစ်လိုမှာဖြစ်သလို  
    • နှစ်ကြိမ်လုံးထိုးပြီးသူများကလည်းနောင်တွင် ခရီးသွားလာတဲ့အခါ ဒီလက်မှတ်ကို လိုအပ်လာနိုင်ပါတယ်။ 


ဒုတိယအကြိမ်ထိုးဆေး

  • ပထမအကြိမ်ဆေးထိုးပြီး ရက်သတ္တ လေးပတ်အကြာမှာ ဒုတိယဆေးကိုထိုးရမှာပါ. 
  • ဒုတိယဆေးထိုးပြီးမှ ကိုယ်ခံအားထွက်ရှိမှုပိုကောင်းမှာပါ။ 
  • အကယ်၍ ဒုတိယဆေးထိုးချိန်မှာ နေမကောင်းဖြစ်နေလျင် ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ရက်ချိန်း အသစ်ယူပါ။ 
  • ပထမဆေးထိုးပြီး ရက်သတ္တ ၁၂ ပတ် အတွင်းမှာတော့ ဖြစ်ရပါမယ်။ 


ဒေါက်တာအောင် 

၂၅-၀၁-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/01/covishield.html







ကျမ်းကိုးများ

 https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext

https://www.cdc.gov/coronavirus/2019-ncov/hcp/clinical-care/late-sequelae.html

https://www.nhs.uk/conditions/coronavirus-covid-19/long-term-effects-of-coronavirus-long-covid/

https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/information-for-uk-recipients-on-covid-19-vaccine-astrazeneca

https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext

https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/summary-of-the-public-assessment-report-for-astrazeneca-covid-19-vaccine

https://www.research.ox.ac.uk/Article/2020-07-19-oxford-covid-19-vaccine-trials

https://www.mohs.gov.mm/ckfinder/connector?command=Proxy&lang=en&type=Main&currentFolder=%2FNews%2FNews_2021%2FJan_2021(B)%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=CVD_FAQ_Part(2).pdf



ကိုဗစ်ကာကွယ်ဆေးထိုးကြမှာလား

 ကိုဗစ်ကာကွယ်ဆေးထိုးကြမှာလား

ဆေးတခု ကုထုံးတခုကို သုံးမသုံး ဆုံးဖြတ်လျင် အကျိုးနဲ့ အပြစ်ကို ချိန်ထိုးပြီး ဆုံးဖြတ်ရတာပါ။ 

#ဆေးထိုးလျင်

ကိုဗစ်ကာကွယ်ဆေးထိုးတယ်ဆိုတာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရလျင် ပိုးကိုချက်ချင်းသတ်နိုင်တဲ့ကိုယ်ခံအားရအောင် ကြိုတင်ပြင်ဆင်ထားတာပါ။ 

ကိုဗစ်ကာကွယ်ဆေးထိုးလျင် ရာနှုန်းပြည့်ဘေးကင်းမယ်၊ ရာနှုန်းပြည့်ကာကွယ်တယ် လို့ အာမ မခံပါ။

လက်ရှိအတည်ပြုထားပြီးသား ကို ဗစ်ကာကွယ်ဆေးတွေကို လုံလောက်တဲ့ သုတေသနအဆင့်ဆင့်လုပ်ထားလို့ #ပုံမှန်အားဖြင့်အန္တရာယ်မရှိပါ။

ဆေးထဲပါတဲ့ပစ္စည်းနဲ့ ဓါတ်မတည့်သူတွေမှာတော့ သာမန် အင်ပြင်ထတာကနေ ဆိုးရွားတဲ့ ဓါတ်မတည့်မှူအထိဖြစ်နိုင်ပါတယ်။ အလွန်တော့ရှားပါတယ်။ 


မြန်မာပြည်ကို ပထမဆုံးရောက်လာတဲ့ Covidshield ( Oxford-AstraZenica) ဆေးက ရောဂါကူးစက်မှုကို

ရာခိုင်နှုန်း ၇၀ ကနေ ၉၀ အထိ ကိုဗစ်မကူးအောင်ကာကွယ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ဆေးက ကိုယ်ခံအားကိုလှုံ့ဆော်ပေးလို့ ကိုယ်လက် မအီမသာဖြစ်တာ ကိုယ်ပူခေါင်းကိုက်တာ အနည်းအများဖြစ်တတ်ပေမယ့် နှစ်ရက်သုံးရက်သာကြာပြီး အန္တရာယ်မရှိကြပါ။ 

 အခုထိ အဲဒီဆေးထို့လို့ သေတဲ့သူမရှိသေးပါ။ 

မူလက အလာဂျီဆိုတဲ့ ဓါတ်မတဲ့အခံရှိသူတွေအတွက်တော့ သတိထားရပါမယ်။


အလာဂျီက ဘယ်လောက်ဆိုးလဲ။

အနောက်နိုင်ငံမှာ သူတို့လူတွေရဲ့အလာဂျီအခံက အတော်ဆိုးပါတယ်။

မြန်မာပြည်လိုမဟုတ်

သူတို့ခမျာ မြေပဲကလေး အဆီကလေး တစက် နှစ်စက် ပါလို့မိနစ်ပိုင်းအတွင်းမျက်လုံးပိတ်အောင်ရောင်ကိုင်းပြီးအသက်ရှူကြပ်ကာ သေသူတွေရှိပါတယ်။

သာမန်ပျားတုပ်တာနဲ့သေတဲ့သူ၊ ကြက်ဉစားပြီး တကိုယ်လုံးအပိန့်တွေထလာသူ၊ စသည်ဖြင့် သွားလေရာ EpiPen ဆိုတဲ့ထိုးဆေးအဆင့်သင့်ယူသွားရသူ၊ မတည့်တဲ့စာရင်း‌လုပ်ပြီး လက်ပတ်လုပ်ပတ်ထားရသူတွေရှိပါတယ်။ 

ကျနော်တို့မြန်မာတွေမှာ အဲလိုဖြစ်တာမရှိသလောက်ပါ။

အင်ပြင်အပိန့်တွေထတာ ယားယံတာ၊ မျက်ခွံ နည်းနည်ရောင်တာလောက်နဲ့ပြီးသွားကြတာများပါတယ်။ 

သွေးနှောတွေများလာရင်တော့ အလာဂျီဆိုးဆိုးတွေရလာနိုင်ပါတယ်။


ဆေးမထိုးလျင်ဘာဖြစ်မှာလည်း။

#ကူးစက်မှု

- မြန်မာမှာ တနေ့လျင် ပိုးတွေ့သူ ၅၀၀ ဝန်းကျင်ရှိပါတယ်။

- ပိုးတွေသူတွေရဲ့ ၆၃ ရာနှုန်းမှာ ရောဂါလက္ခဏာ လုံးဝမပြလို့ လူတွေကြားထဲ လူကောင်းလိုလျှောက်သွားနေသူတွေထဲမှာ ပိုးရှိသူတွေ ရှိနေနိုင်လို့ 

- လောလောဆယ်မှာ အပြင်လူနဲ့ ထိတွေ့သူတိုင်း  ကူးစက်ခံရမည့်အန္တရာယ်ကတော့ ရှိနေပါတယ်။ 

- မကြာမီ ပိတ်ဆို့ထားတာတွေကိုဖွင့်လျင် ထပ်တက်လာမှာပါ။ 

ဥပမာ မလေးရှားမှာ ကူးစက်မှု ရုတ်တရက် ပြန်တက်လာတာ တနေ့ သုံးလေးထောင်ဖြစ်သွားပါပြီ။ 

#ကူးစက်ခံရပြီး၊ နာလံထပြီး နောက်ဆက်တွဲ

- ကူးစက်ခံရလျင် လူတိုင်းရောဂါလက္ခဏာမခံစားရသော်လည်း လူငယ်တွေတောင် ဆိုးရွားတဲ့ လက္ခဏာခံစားရတာက‌နေ သေဆုံးသည်အထိ ရှိပါတယ်။

- အသက်ကြီးသူ ရောဂါအခံရှိသူတွေ အသက်အန္တရာယ်ပိုရှိပါတယ်။  

- လက်ရှိမြန်မာပြည်မှာ ပိုးတွေ့သူရဲ့ #၂.၂၂ရာနှုန်းသေဆုံးမှုရှိပါတယ်။။

-  ရောဂါပျောက်ကင်းပြီးနောက်ပိုင်းမှာ တောင် နောက်ဆက်တွဲ ကျန်းမာရေးပြသနာခံစားရတာတွေ အများအပြားတွေ့နေရပါတယ်။


ဒီတော့ ဆေးထိုးလျင် ရမည့်အကျိုးနဲ့ ဆိုးကျိုး၊ ဆေးမထိုးလျင် ကူးစက်နိုင်ရခြေ၊ ရောဂါခံစားရနိုင်မှုနဲ့ အသက်အန္တရာယ် ၊ 

ကိုယ့်ဘာသာချင့်ချိန်ကြည့် အသိသာကြီးပါ။ 

ဆေးလောကမှာ ရာနှုန်းပြည့်အာမခံတာဆိုလို့ "အရှင်မွေးသူတိုင်း တနေ့သေမည်"  ဆိုတာတခုပဲရှိပါတယ်။ 

လောလောဆယ်ရောက်လာပြီး စထိုးတော့မယ့် ကိုဗီရှီး ဆေးအကြောင်းသတ်သတ်ရေးပေးပါမယ်။ 

ဒေါက်တာအောင် 

24-01-2021

https://b-wise-2b-healthy.blogspot.com/2021/01/blog-post.html







Wednesday, 9 December 2020

ကိုဗစ် 19 နဲ့ ဗီတာမင်ဒီ

  

ကိုဗစ် 19 နဲ့ ဗီတာမင်ဒီ



၁။ ဗီတာမင်ဒီက ကိုဗစ်ကူးစက်မခံရအောင်အကာကွယ်ပေးသလား။

သုတေသနအထောက်အထားမရှိသေးပါ။

 

၂။ ဗီတာမင်ဒီဖြည့်စွက်သောက်ခြင်းက ကိုဗစ်ရောဂါကူးစက်ခံရလျင် ရောဂါမပြင်းထန်အောင်၊ အသက်မသေအောင် အထောက်အကူဖြစ်သလား

အဲလိုအကျိုးရှိတယ်ဆိုတဲ့ခိုင်လုံတဲ့ အထောက်အထားမရှိသေးပါ။

 

၃။ ကိုဗစ်ကူးစက်ခံရသူ ဗီတာမင်ဒီသောက်သင့်သလား?

လူအများစုမှာ ဗီတာမင်ဒီချို့တဲ့မှုရှိနေနိုင်ပြီး ဗီတာမင်ဒီချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်လို့ ကိုဗစ် ကူးစက်ခံရသူတွေမှာ တနေ့ ဗီတာမင်ဒီ ၂၀၀၀ ယူနစ် သောက်သုံးစေခြင်းက ဘေးမဖြစ်နိုင်ဘဲ အကျိုးရှိကောင်းရှိနိုင်တယ်လို့ ဆရာဝန်အများစုက ယူဆကြပါတယ်။

 

၄။ ဗီဝာာမင်ဒီက ကိုဗစ်ကို ခုခံဖို့ဘာတွေအထောက်အကူဖြစ်နိုင်ပါသလဲ။

ဗီတာမင်ဒီကကိုယ်ခံအားစနစ်မှာ အရေးကြီးတဲ့ T ဆဲလ်တွေများလာဖို့နဲ့ အဲဒီဆဲတွေအလုပ်လုပ်ဖို့ အထောက်အကူဖြစ်တယ်ဆိုပါတယ်။

ကိုဗစ်ရောဂါသည်တွေမှာ ဗီတာမင်ဒီနဲ့ တိုက်ရိုက်ဆက်စပ်မှုသုတေသနတွေမရှိသေးပေမယ့် ဗီတာမင်ဒီဖြည့်စွက်ပေးခြင်းက တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါသည်တွေကနေ အကာကွယ်ပေးနိုင်တယ်။ ဗီတာမင် စီ၊ ဒီနဲ့ ဘီဝမ်း တွေတွဲပေးခြင်းဖြင့် ကိုဗစ်နဲ့ အလားတူတဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါ၊ သွေးဆိပ်တက်ခြင်းတွေကနေကာကွယ်ပေးတယ်လို့ဆိုပါတယ်။

တဖန် ဗီတာမင်ဒီချို့တဲ့သူတွေမှာ ကိုယ်ခံအားစနစ်မှာချို့ယွင်းချက်ဖြစ်လို့ ဗိုင်းရပ်ပိုးကူးစက်မှုဒဏ်ကို ပိုခံရပြီး  cytokine storm လို့ခေါ်တဲ့ ကိုဗစ်ကြောင့် ကိုယ်ခံအားစနစ်က အဆုတ်ထဲမှာဒုက္ခပေးတဲ့ပြသနာကို လည်းပိုများစေတယ်လို့ဆိုပါတယ်။

ဆက်စပ်လို့ရတဲ့  သွယ်ဝိုက်သောအထောက်အထားများ

အမေရိကားနဲ့ ဥရောပမှာ လူမည်းတွေ၊ စပိန်လူမျိုးအနွယ်တွေ၊ အသက်ကြီးသူ၊ အဝလွန်သူနဲ့ သွေးတိုးရောဂါရှိသူတွေမှာ ကိုဗစ်ရောဂါ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရ၊ ပိုမိုသေဆုံးကြတာကိုတွေ့ရှိရပါတယ်။

အဲဒီသူတွေဟာ ဗီတာမင်ဒီ ချို့တဲ့ ဖို့ အခွင့်လမ်းများတဲ့သူတွေလည်းဖြစ်တဲ့အတွက် ဗီတာမင်ဒီချို့တဲ့လို့ သူတို့တွေ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာကိုခံစားရ၊ သေဆုံးကြတာဖြစ်နိုင်တယ်လို့ ကောက်ချက်ဆွဲပါတယ်၊

နောက်တခါ ကိုဗစ်ကူးစက်သေဆုံးမှုများတဲ့နိုင်ငံတွေနယ်တွေ ဗီတာမင်ဒီချို့တဲ့သူများတဲ့ နေရာတွေဖြစ်နေတာကိုလည်းတွေ့ရလို့ ဆက်စပ်မှုရှိနိုင်တယ်လို့ကောက်ချက်ဆွဲပါတယ်၊

အဲဒီလိုကောက်ချက်က ကိုဗစ်ဒဏ်ကို ပိုပြီးပြင်းပြင်းထန်ထန်ခံစားရသူတွေ သေဆုံးသူတွေရဲ့ သွေးထဲက ဗီတာမင်ဒီကိုတိုင်းပြီး ချို့တဲ့မှုရှိမရှိ နဲ့ ရောဂါဒဏ်မခံရသူတွေ သက်သာသူတွေရဲ့ သွေးထဲကဗီတာမင်ဒီကို တိုင်တာပြီး နှိုင်းယှည် ဆက်စပ်ကြည့်တာလိုတော့ ခိုင်လုံမှုမရှိလှပါ၊

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကူးစက်ခံနေရသူတွေကတော့ တနေ့ကို ဗီတာမင်ဒီ ယူနစ် ၂၀၀၀ သောက်သုံးခြင်းက ဘေးဥပါဒ်မပေးနိုင်လို့ မိမိမှာ မသိဘဲ ဗီတာမင်ဒီချို့တဲ့ နေခဲ့သည်ရှိသော် အဲလိုချို့တဲ့မှုကြောင့်ဖြစ်နိုင်တဲ့ ပြသနာတွေကို ကာကွယ်ပေးနိုင်လို့ စိတ်ချလက်ချသောက်နိုင်ပါတယ်။

နာလံထပြီးသွားလျင်တော့ လူတယောက်နေ့စဉ်လိုအပ်ချက် ဇယားထဲကအတိုင်းသောက်သုံးခြင်းက ပိုပြီးသင့်တော်ပါတယ်၊

တနေ့တာ ဗီတာမင်ဒီ လိုအပ်ချက်  ( အမေရိကန်အမျိူသားကျန်းမာရေး ဌာနမှထုတ်ပြန်ချက်) https://ods.od.nih.gov/factsheets/VitaminD-Consumer/

အသက်အရွယ်

Recommended Amount

 

 

လိုအပ်သည့်ဗီတာမင်ဒီပမာဏ

 

အသက် တနှစ်အောက်

10 mcg (400 IU)

 

 

= ယူနစ် ၄၀၀

 

အသက် တနှစ်မှ ၁၃ နှစ်

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၁၄ နှစ်မှ ၁၈ နှစ်

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၁၈ နှစ်မှ ၇၀

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၇၁ နှစ်အထက်

20 mcg (800 IU)

 

 

= ယူနစ် ၈၀၀

 

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 


အစာခြေအားမကောင်းသူ ၊ အူ၊ အသည်းမကောင်းသူတွေကတော့  နည်းနည်းပိုသောက်သင့်ပေမယ့် တနေ့ကို ယူနစ် ၄၀၀၀ ( လူကောင်သေးလျင် ယူနစ် ၃၀၀၀ ) ထက်တော့ ပိုမသောက်သင့်ပါ။

ဒေါက်တာအောင်

၀၉-၁၂-၂၀၂၀  


ကိုးကား



Saturday, 5 December 2020

ဗီတာမင်ဒီဆေးတောင့် သောက်သင့်သလား

 ဗီတာမင်ဒီဆေးတောင့် သောက်သင့်သလား

ပြီးခဲ့သော နှစ်များအတွင်း မြန်မာပြည်မျာ ဗီတာမင်နဲ့ ဖြည့်စွက်စာ စားသုံးမှုတွေခေတ်စားလာပါတယ်.

ဆိုရှယ်မီဒီယာနဲ့ တချို့ ဆရာဝန်ဆိုသူတွေရဲ့ ဟောပြောမှုတွေကြောင့်လည်း မလိုအပ်ဘဲ ဖြည့်စွက်စာမျိုးစုံကို အလွန်ကျွံသုံးစွဲနေကြတာတွေစိုးရိမ်စရာကောင်းလောက်အောင်များလာတာကိုတွေ့ရပါတယ်။

တကယ်တော့ လူတဦးနဲ့တဦး လူနေမှုပုံစံနဲ့ အစားစာ မတူတာကြောင့် ဖြည့်စွက်စာ လိုအပ်ပုံမတူလို့ တချို့လူတွေမှာဖြည့်စွက်စာကြောင့် ဘေးဥပါဒ်ဖြစ်ရပါတယ်။

လူအတော်များများမှာ တကယ် အကျိုးရှိမရှိ အထောက်အထားမခိုင်လုံတဲ့ ဖြည့်စွက်စာတွေကြောင့် ငွေကုန်ကြေးကျများတာရှိသလို၊ ယုံကြည့်မှုအစွန်းရောက်ကာ၊ ခိုင်လုံတဲ့ အထောက်အထားရှိတဲ့ လမ်းညွှန်မှုတွေ ဆေးတွေကိုစွန့်ပယ်ပြီး ဖြည့်စွက်စာတွေကိုသ အဓိကထားစားသုံးလို့ ရောဂါကျွမ်းပြီးမှ ဆေးပြန်ကုကြတာတွေလည်း တွေ့နေရပါတယ်။

ပြောင်းလဲလာတဲ့ မြို့ပြလူနေမှူစနစ်ကြောင့် ကမ္ဘာတလွှားမှာ ဗီတာမင်ဒီ ချို့တဲ့မှုတွေများလာချိန်၊ မြန်မာပြည်မှာ လည်း ဖြည့်စွက်စာတွေအလွန်ခေတ်စားနေပြီး ဗီတာမင်ဒီက ကင်ဆာကိုတောင်ကာကွယ်တယ်ဆိုပြီး လိုသည်ထက်ပိုသောက်နေကြတာ အတော်ကြီးကိုများလာနေပါတယ်။

ဗီတာမင်ဒီနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဌာနကထုတ်ပြန်ထားတာကို ဒီမှာ တင်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဗီတာမင်ဒီအကြောင်း (၁) 
 

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဗီတာမင်ဒီအကြောင်း (၂) 



စာမရှည်အောင်  ဒီပို့စ်မှာ အဓိကအချက်တွေကိုပဲ ရေးမှာဖြစ်ပါတယ်။

၁။ ဗီတာမင်ဒီကိုဘယ်လိုရမလဲ

(က) လူအများစုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီ ၉၀ ရာနှုန်းကိုနေရောင်ခြည်ကနေရပါတယ်။

 မျက်နှာနှင့် လက်ဖျံများကို တနေ့ ၁၀ မိနစ်မှ မိနစ် ၂၀ နေရောင်တိုက်ရိုက်ထိလျင် တနေ့တာလုံလောက်တဲ့ ဗီတာမင်ဒီကိုထုတ်လုပ်နိုင်ပါတယ်။ 

ဒါကြောင့် နေရောင်ထဲမှာအလုပ်လုပ်သူနဲ့ နေပူထဲလမ်းများများလျှောက်ရသူတွေ ဗီတာမင်ဒီဆေးတွေသောက်ဖို့မလိုပါ။

အိမ်ပြင်ထွက်ခဲသူနဲ့ ထွက်သော်လည်းနေရောင်ကိုလုံလောက်အောင်ထိတွေ့မှုမရှိသူ၊ နေရောင်နှင့် ထိတွေ့သော်လည်း sunscreen နေရောင်ကာ  လူးဆေးလူးသူများကတော့ ဗီတာမင်ဒီကို အရေပြားကနေရတာ မလုံလောက်နိုင်လို့ အစားအသောက်နဲ့  ဖြည့်စွက်စာကနေပဲရနိုင်ပါတယ်။

တခါ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှု သိပ်များသူများမှာ ဗီတာမင်ဒီကိုတော့ လုံလောက်အောင်ရပေမယ့်  အရေးပြားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။

မှန်ကိုဖြတ်လာတဲ့နေရောင်ကတော့ ဗီတာမင်ဒီထုတ်ဖို့မကူညီနိုင်ပါ။

(ခ) တခြားနည်းတွေကတော့ ဗီတာမင်ဒီများပါတဲ့ အစားအစာ ( ငါးကြီးဆီ၊ ငါးကြီးအသည်းဆီ၊ တိရိစ္ဆာန်အသည်း၊ ကြက်ဥ၊ ထောပတ်၊ ဆယ်လမွန်ငါး၊ငါးသေတ္တာငါး (ဆာဒင်း၊ တူနာ)မှို အစို၊ မှိုအခြောက် ) နဲ့ 

(ဂ) ဖြည့်စွက်စာတွေကနေရပါတယ်။

(ဃ) တချို့နိုင်ငံတွေမှာတော့ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့နို့တို့ အစားအသောက်တို့ရှိပါတယ်။ 

 

၂။ တနေ့တာ ဗီတာမင်ဒီ လိုအပ်ချက်  ( အမေရိကန်အမျိူသားကျန်းမာရေး ဌာနမှထုတ်ပြန်ချက်) https://ods.od.nih.gov/factsheets/VitaminD-Consumer/

အသက်အရွယ်

Recommended Amount

 

 

လိုအပ်သည့်ဗီတာမင်ဒီပမာဏ

 

အသက် တနှစ်အောက်

10 mcg (400 IU)

 

 

= ယူနစ် ၄၀၀

 

အသက် တနှစ်မှ ၁၃ နှစ်

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၁၄ နှစ်မှ ၁၈ နှစ်

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၁၈ နှစ်မှ ၇၀

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

အသက် ၇၁ နှစ်အထက်

20 mcg (800 IU)

 

 

= ယူနစ် ၈၀၀

 

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

15 mcg (600 IU)

 

 

= ယူနစ် ၆၀၀

 

 

 

၃။ ဗီတာမင်ဒီကိုဘာလို့လိုအပ်တာလဲ၊ ဘာတွေအသုံးတည့်သလဲ

 ဗီတာမင် ဒီကအရိုးများမာဖို့ မရှိမဖြစ်လို့အပ်လို့ ဗီတာမင်ဒီချို့တဲ့လျင် အရိုးများပျော့ခြင်း၊ ပုံပျက်ခြင်များဖြစ်တတ်ပါတယ်။

တဖန် ဗီတာမင်ဒီက ကိုယ်ခံစွမ်းအားစနစ်မှာ  တစိပ်တပိုင်းပါဝင်လို့ ဗီတာမင်ဒီချို့တဲ့လျင် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါပိုဖြစ်နိုင်တယ်၊ ဖြစ်လျင် ပိုဆိုးတယ်ဆိုပါတယ်။

တဖန် ဗီတာမင်ဒီက ခန္ဒာကိုယ်တစ်သျှူးတွေကိုမိမိကိုယ်ခံအားကပြန်တိုက်ခိုက်တဲ့ ရောဂါတွေကို လျော့ကျစေနိုင်သလို ကိုဗစ် ၁၉ ကြောင့်ဖြစ့်တဲ့ ကိုယ်ခံအားဖေါက်ပြန်မှု (ဆိုက်တိုကရိုင်းမုန်တိုင်း) ကိုလျှော့ချနိုင်တယ်လို့ယူဆကြပါတယ်၊

၄။  ဘယ်လိုလူတွေဗီတာမင်ဒီချို့တည့်သလဲ

(က) နေရောင်နဲ့ လုံလောက်အောင်ထိတွေ့မှုမရှိသူ ( အထူးသဖြင့်မြို့ပေါ်နေလူတန်းစား)

(ခ) အသားမည်းသူများ အရေပြားရှိ ရောင်ခြယ်ဆဲလ်တွေက ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးတာကြောင့် အဲဒီရောင်ခြည်ကနေထုတ်တဲ့ဗီတာမင်ဒီလည်းအရနည်းသွားပါတယ်။

(ဂ) နို့စို့ကလေးငယ်များ ( အထူးသဖြင်မိခင်မှာဗီတာမင်ဒီ မလုံလောက်လျင်)

(ဃ) သက်ကြီးရွယ်အိုများ

(င) အစာမှ အဆီစုပ်ယူရန် ပြသနာရှိသူများ ( အူရောဂါ၊ အာဟာရစုပ်ယူမှု ပြသနာရောဂါ)။ ဗီတာမင်ဒီက အဆီမှာပျော်ဝင်ပြီး အူထဲမှာ အဆီကိုစုပ်ယူတဲ့အခါ သူ့ပါတခါတည်းစုပ်ယူရရှိတာကြောင့် အဆီကိုစုပ်ယူမှုလျော့ကျလျင် ဗီတာမင်ဒီစုပ်ယူမှုလည်းလျော့နည်းသွားလို့ အဆီစုပ်ယူမှုနည်းစေသောဆေး၊ အဆီကျဆေးသောက်နေသူများမှာ ဗီတာမင်ဒီ ချို့တဲ့နိုင်ပါတယ်။

 

၅။ ဗီတာမင်ဒီအများကြီးသောက်လျင် ဘေးဖြစ်နိုင်ပါသလား။

ဗီတာမင် အေ၊ ဒီ၊ အီး နဲ့ ကေ တိုက အဆီမှာပျော်ဝင်တဲ့သဘာဝရှိပြီး ခန္ဒာကိုယ်မှာပိုနေလည်း  ဆီးကနေစွန့်ပစ်လို့မရလို့ ဗီတာမင်အဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။

သွေးထဲမှာ ဗီတာမင်ဒီသရီး ကိုစစ်ဆေးလို့   125–150 nmol/L (50–60 ng/mL) ရှိလျင် ဗီတာမင်အဆိပ်သင့်သည်လို့ သတ်မှတ်သော်လည်း 75–120 nmol/L [30–48 ng/mL]) ရှိလျင်ပင် တချို့ကင်ဆာ၊ နှလုံးနဲ့ ဦးနှောက်သွေးကြောပြသနာ အရိုးကျိုးလွယ်ခြင်းစသည့်ဗီတာမင်ဲဒီ လွန်ကဲခြင်းပြသနာများကို ခံစားနိုင်ရတယ်လို့ဆိုထားပါတယ်။

အမေရိကန်အမျိူသားကျန်းမာရေး ဌာနမှထုတ်ပြန်ထားတဲ့ လူတယောက် တနေ့တာမှာ အများဆုံးစားသုံးနိုင်တဲ့ ဗီတာမင်ဒီပမာဏကို အောက်မှာဖေါ်ပြထားပါတယ်၊ အမေရိကန်တွေက မြန်မာတွေထက်လူကောင်ကြီးတာဖြစ်လို့ မြန်မာတွေကတော့ အောက်ကဇယားမှာပါတဲ့ပမာဏ၏ လေးပုံသုံးပုံ ထက်ပိုမစားသင့်ပါ။

ဗီတာမင်ဒီ အများဆုံးစားသုံးနိုင်တဲ့ ဗီတာမင်ဒီပမာဏကို

https://ods.od.nih.gov/factsheets/VitaminD-HealthProfessional/

လူတယောက် တနေ့တာမှာ အများဆုံးစားသုံးနိုင်တဲ့ ဗီတာမင်ဒီပမာဏ

အသက်

ကျား

ကိုယ်ဝန်ဆောင်

နို့တိုက်မိခင်

မွေးစမှ ၆ လ

25 mcg (1,000 IU)

25 mcg (1,000 IU)

၇လ မှ ၁ နှစ်

38 mcg (1,500 IU)

38 mcg (1,500 IU)

၁- ၃ နှစ်

63 mcg (2,500 IU)

63 mcg (2,500 IU)

၄-၈ နှစ်

75 mcg (3,000 IU)

75 mcg (3,000 IU)

၉ - ၁၈ နှစ်

100 mcg (4,000 IU)

100 mcg (4,000 IU)

100 mcg (4,000 IU)

100 mcg (4,000 IU)

၁၉ နှစ်နှင့်အထက်

100 mcg (4,000 IU)

100 mcg (4,000 IU)

100 mcg (4,000 IU)

100 mcg (4,000 IU)

 

၆။ ကျနော်/ ကျမ ဗီတာမင်ဒီ ဖြည့်စွက်သောက်သင့်သလား။

နေရောင်ထဲအမြဲထွက်နေသူ နေရောင်အောင်မှာ အလုပ်လုပ်ကြသူများကတော့ ဗီတာမင်ဒီ ဖြည့်စွက်သောက်ရန်မလိုပါ။

အထက်မှာ ဖေါ်ပြထားသလို နေရောင်နဲ့ထိတွေ့မှု မလုံလောက်သူများနဲ့ ဗီတာမင်ဒီချို့တဲ့ နိုင်သူ စာရင်းဝင်သူများကတော့ ဗီတာမင်ဒီချို့တဲ့နိုင်လို့  ဖြည့်စွက်စာအဖြစ် သောက်လျင် အကျိုးရှိနိုင်ပါတယ်။

လွန်ကဲမှူမဖြစ်အောင်တော့ သတိထားရပါမယ်။

လူကြီးများအတွက်  ၄၀၀ ယူနစ်ကနေ ၁၀၀၀ ယူနစ်လောက်အထိပါတဲ့ ဗီတာမင်ဆေးလုံး(သို့) ဖြည့်စွက်စာက လုံလောက်တယ်လို့ ဆိုပါရစေ။

တခုသတိထားရမှာက တချို့လူကြီးတွေက သူများညွှန်းတဲ့ အားဆေးမျိုးစုံကို နေ့တိုင်းသောက်ပါတယ်၊

အားဆေးတချို့မှာ ဗီတာမင် ဒီ လုံလောက်အောင်ပါပါတယ်။ အဲလိုအားဆေးတနေ့တလုံးသောက်နေလျင် ဗီတာမင်ဒီ ချို့တဲ့မှုမဖြစ်နိုင်ပါတ၊ အဲလိုအားဆေးသောက်နေသူများ ဗီတာမင်ဒီ ဆေးတောင့်သီးသန့်မသောက်သင့်ပါ.

စာရှည်နေလို့ ကိုဗစ် 19 နဲ့ ဗီတာမင်ဒီ အကြောင်းကိုတော့ သီးသန့်ရေးထားပါတယ်။

 နမူနာဗီတာမင်ဒီဆေးပုလင်းတချို့နဲ့ ပါဝင်တဲ့ပမာဏကိုပြထားပါတယ်။ 

ယူနစ် ၂၀၀၀ ပါတဲ့ ဆေးတောင့်ကိုတော့ တရက်ခြား (သို့) နှစ်ရက်ခြားတစ်တောင့်သောက်လျင် လုံလောက်ပါတယ်။ 

တချို့ဆေးတောင့်တွေမှာ ဗီတာမင်ဒီ အား ယူနစ် ၅၀၀၀ အထိပါလို့ နေ့တိုင်းသောက်လျင် ဆိုးကျိုးဖြစ်နိုင်ပါတယ်။ တပတ်တလုံးသောက်လျင် လုံလောက်ပါတယ်။ 

အမျိုးသမီးများသောက်ဖို့ထုတ်တဲ့ Centrum Silver Women အားဆေးမှာ ဗီတာမင်ဒီ ယူနစ် ၁၀၀၀ ပါလို့ လူကြီးတယောက်အတွက်တနေ့တာလိုအပ်ချက် ပြည့်အောင်ပါပြီးဖြစ်ပါတယ်။ ဗီတာမင်ဒီဆေးလုံးထပ်သောက်ရန်မလိုပါ။ 

အသက် ၅၀ ကျော်သူများသောက်ဖို့ထုတ်တဲ့ Centrum Silver အားဆေးမှာ ဗီတာမင်ဒီ ယူနစ် ၆၀၀ ပါလို့ လူကြီးတယောက်အတွက်တနေ့တာလိုအပ်ချက် ပြည့်အောင်ပါပြီးဖြစ်ပါတယ်။



ဒေါက်တာအောင်

၀၅-၁၂-၂၀၂၀

https://b-wise-2b-healthy.blogspot.com/2020/12/blog-post.html


ကိုးကား