အဝလွန်ခြင်းနဲ့ OA ခေါ်ဒူးနာရောဂါ။
ဒူးနာရောဂါ
ဒူးနာတယ်ဆိုတာ လူကြီးရောဂါလို့ အသိများခဲ့ပါတယ်။သက်ကြီး ဒူးနာရေဂါတွေထဲမှာအဖြစ်အများဆုံးက OA ဆိုတဲ့ OsteoArthritis ပါ။
အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေသာမက လူငယ်တချို့မှာပါ OA ဆိုတဲ့ OsteoArthritis ကို အတွေ့များလာပါတယ်။
လူ့သက်တန်းတွေပိုရှည်လာကြတာနဲ့အမျှ ဒူးနာခါးနာရောဂါသည်တွေကနည်းတနေ့တခြားတိုးပွားလာနေပါတယ်။
OA ဆိုတဲ့ OsteoArthritis ကို တော့ဒူးဂေါင်း၊ ခါးရိုးဆစ်၊ လည်ပင်းရိုးဆစ်၊တင်ပါးဆုံ၊ လက်ဆစ် စသည်တို့မှာအဖြစ်များပါတယ်။ တခြားအဆစ်တွေမှာလည်းဖြစ်ပေမယ့် သိပ်မများသလို ဆိုးလည်းမဆိုးလှပါ။
ဒီရောဂါက အဆစ်မှာရှိတဲ့ အရိုးနုတွေပျက်စီးပြီး အဆစ်အတွင်းမျက်နှာပြင်နဲ့ အမြှေးရောင်ယမ်းရုံမက ဆက်လျက်ရှိတဲ့အရိုးပါပျက်စီးပါတယ်။
ဘာကြောင့်ဖြစ်
OsteoArthritis ဖြစ်ရတဲ့အဓိကအကြောင့်ရင်းကတော့ အသက်အရွယ်ပါ။ကမ္ဘာမှာ အသက် ၆၀ ကျော် အမျိုးသားအားလုံးရဲ့ ၉.၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၈ ရာခိုင်နှန်းဟာ သိသာတဲ့ OsteoArthritis ရောဂါလက္ခဏာကို ခံစားနေရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုပါတယ်။ အဲဒီသူတွေရဲ့၈၀ ရာနှုန်းက လှုပ်ရှားမှူတွေကို ပုံမှန်အတိုင်း မလုပ်နိုင်ကြတော့ပါ။ ၂၅ ရာနှုန်းကတော့ နေ့တဓူဝလုပ်တဲ့ ပုံမှန် အလုပ်တွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူးလို့ဆိုပါတယ်။
OsteoArthritis ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့
( ၁) အသက်အရွယ်ကြီးရင့်ခြင်း ( ၄၀ ကျော်လျင် စဖြစ်တာများ)
(၂) OsteoArthritis ရောဂါရှိသူရဲ့ မိသားစုဝင်
(၃) အဝလွန်ခြင်း
(၄) ယခင်ကအဆစ်ကိုထိခိုက်ဒါဏ်ဖြစ်ဖူးခြင်း / အဆစ်များကို အလွန်အကျွံ သုံခြင်း (ဥပမာ လယ်ယာလုပ်ငန်း)
(၅) အဆစ်များပုံပျက်နေခြင်း ဥပမာ ဒူးခွင်ခြင်း၊ ခြေထောက်အတိုအရှည် မညီခြင်း
ဒီ OsteoArthritis ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ လူငယ်တွေနဲ့ ဆက်စပ်တာကတော့ အဝလွန်ခြင်းပါ။
အဝလွန်ခြင်းကြောင့် ဆီးချို၊ နှလုံး၊ သွေးတိုး စတဲ့ တသက်မပျောက်တော့မယ့်ရောဂါတွေကိုလည်းဖြစ်စေပါတယ်။ အဲဒီရောဂါတွေအကြောင်းသတ်သတ်ရေးပါမယ်။
အဝလွန်ခြင်း
ကျန်းမာတဲ့ လူတယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို အရပ်အမောင်းနဲ့အချိုးချပြီး BMI ဆိုတဲံ့ Body Mass Index နဲ့ပြပါတယ်။အာရှတိုက်သားတွေအတွက် ရှိသင့်တဲ့ BMI Body Mass Index က 18.5 -22.9 လို့ဆိုပါတယ်။
မိမိအရပ်နဲ့ အလေးချိန်ကိုဒီအောက်ကလင့်မှာဖြည့်ပြီးတွက်ပါ။
https://aadi.joslin.org/en/am-i-at-risk/asian-bmi-calculator
BMI 23 နဲ့အထက်ဆိုလျင်တော့ အဝလွန်ပြီလို့ဆိုရမှာပါ။
အရပ် ၅ပေ ၆ လက္မရှိသူအတွက် အများဆုံး ၁၄၂ ပေါင်ပါ။
ကျနော်တို့ ကိုယ်အလေးချိန် ၂.၂ ပေါင်တိုးလာတိုင်း တလီတာရေသန့်ဗူးတဗူးကို ကိုယ်ပေါ်မှာအမြဲသယ်ဆောင်နေရတာနဲ့ထူညီပါတယ်။
အကယ်၍ အရပ် ၅ပေ ၆ လက္မရှိသူ ကိုယ်အလေးချိန် ၁၆၇ ပေါင်လေးသူတယောက် ဟာ ရှိသင့်တဲ့
၁၄၂ ပေါင် ရှိသူထက် ၂၅ပေါင်ပိုလေတော့ တလီတာရေဗူး ၁၁ ဗူးစာပိုလေးပါတယ်။
အကယ်၍ လူတယောက် ရေ ၁၁ လီတာကိုနေ့စဉ် သွားလေရာမှာ သယ်ထားပါဆို လျင် ဘယ်လောက်ပင်ပန်းမလဲ။ ဒါတောင် ပြင်ညီမှာ သိချင်မှ သိပါမယ်။
သုံးထပ်တိုက်လှေကားကိုတက်ကြည့်လိုက်လျင်တော့ ကောင်းကောင်းသိနိုင်ပါတယ်။
အဲဒီဒါဏ်ကို နေ့တဓူဝ ပိုပြီး ပိုခံစားရတာကတော့ ဒူးနှစ်ဘက်ပါ။
အဝလွန်သူများရဲ့ဒူးဂေါင်း
အထိုင်အထ အတက်အဆင်းတွေမှာ ဝတဲ့သူတွေရဲ့ ဒူးတွေက အလေးချိန်ဒါဏ်ကြောင့် အရိုးနုတွေကိုကြိတ်မိဖိမိတာများလို့ အရိုးနုတွေ ပိုပြီး စောစောပျက်ပါတယ်။ကိုယ်အလေးချိန် ၁၀ ပေါင် တိုးလာတာဟာ လမ်းလျှောက်တဲ့အခါ ဒူးဂေါင်းတဘက်ကို အလေးချိန်ဖိအား ပေါင် ၃၀ ကနေ ၆၀ အထိပိုဖိတာနဲ့တူညီပါတယ်လို့ဆိုပါတယ်။
အဝလွန်သူအမျိုးသမီးတွေမှာ မတသူတွေထက် ဒူးနာရောဂါ ဖြစ်နိုင်ခြေ လေးဆ ပိုများပြီး အဝလွန် အမျိုးသားတွေမှာတော့ ၅ ဆပိုများပါသတဲ့။
ကိုယ်အလေးချိန် ပေါင် ၂၀လောက်ပိုများလျင်တော့ ခြေတလှမ်းလှမ်းတိုင်း ဒူးတွေမျာ ဝန်ပိတဲ့ ဒါဏ်က ပေါင် ၆၀ ကနေ ၁၂၀ လောက် ပိုလာမှာပါ။ ဒီတော့ အဆစ်ထဲက အရိုးနုတွေပျက်တာ ပိုမြန်ပါတယ်။
ဒါတင်မကပါ။
အဝလွန်သူတွေဟာ လမ်းလျှောက်တဲ့ အခါ ကွတတလျောက်တာကြောင့် အဆစ်မျက်နှာပြင်ပေါ်သက်ရောက်တဲ့ ဖိအားမညီမမျှဖြစ်ပြီး အရိုးနုတွေပိုပျက်ပါသေးတယ်တဲ့။
ဒီ့အပြင် အဝလွန်လို့ အဆီတွေများလာသလို့ ကိုလက်စထရော အဆီတွေလည်း များပြီး သူတို့ကြောင့် ထွက်လာတဲ့ ဓါတ်တွေနဲ့ အဆီတွေကလည်း အရိုးနုနဲ့ သူနဲ့ကပ်နေတဲ့ အရိုးတွေကိုပျက်စေပြန်ပါတယ်။
OsteoArthritis ရောဂါရသူတွေခံစားရတဲ့ လက္ခဏာပြင်းထန်ပုံခြင်းကတော့ တယောက်နဲ့တယောက်မတူကြပါ။
တချိူ့ကအထိုင်အထ လှုပ်ရှားရခက်ပြီး
တချို့မှာတော့ မကြာခဏနာကျင်ပါတယ်
တချို့မှာတော့ ညတိုင်းလိုလိုနာလို့ ဆေးသောက်အိပ်ရပြီး
ကြာလာလျင်တော့ အဆစ်ပုံပျက် ကာ ဒူးခွင် ခြေထောက်တိုသလို ဖြစ်လာပါတယ်။
ကြာကြာထိုင်ပြီး ထလိုက်လျင် ချက်ချင်းလမ်းလျှောက်မရတာ ကနေ သွားနေရင် ခြေမခိုင်ပဲ ခွေလဲလို့ ကျိုးတာတွေလည်းဖြစ်ပါတယ်။
ကုသနည်း
(၁) ကုသနည်းတွေမှာ အဓိကကတော့ လေ့ကျင့်ခန်းပါစနစ်တကျ လေ့ကျင့်ထားတဲ့ Physiotherapist တွေက ရောဂါအခြေအနေကိုလိုက်လို့ သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေကို သင်ပေးပါတယ်။
(၂) မကြာခဏနာကျင်ကိုင်ခဲလျင်တော့ အနာသက်သာအောင် ဆေးသောက် ဆေးလူးရပါတယ်။
ပါရာဆီတမောက အဆစ်ရောင်တာကို မကျစေပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းဆုံး အကိုက်ခဲပျောက်ဆေးပါ။
ပါရာဆီတမောနဲ့ မသက်သာလျင်တော့ NSAID ဆိုတဲ့ ဆေးတွေသောက်နိုင်ပါတယ်။ အဲဒီဆေးတွေက ရေရှည်မှာ အစာအိမ်နဲ့ ကျောက်ကပ်ကိုထိခိုက်ပါတယ်။
(၃) မရလျင်တော့ အဆစ်ထဲကို ဆေးထိုးကုတာရှိသလို
(၄) နောက်ဆုံးအနေနဲ့ အဆစ်အတုအစားထိုးတာပါ။
TKR ဆိုတဲ့ ခွဲစိပ်မှုက ဒူးတဘက်ကို သိန်း ၁၀၀ ကနေ ၂၀၀ ကျောက်ထိကုန်ကျနိုင်ပါတယ်။
အဝလွန်တဲ့သူတွေ ကိုယ်အလေးချိန် ၁၁ ပေါင် လျှေ့ာချတိုင်း ဒီရောဂါဖြစ်နိုင်တဲ့ ဘေးကိုလည်း ထက်ဝက်ထိ လျှော့ချနိုင်တယ်ဆိုပါတယ်။
ဒါကြောင့် မိမိကိုယ်အလေးချိန် ကို ပုံမှန် အချိုးထဲမှာ ရှိအောင် ထိန်းထားခြင်းဟာ အသက်ကြီးလေ ဒုက္ခပေးလေဖြစ်တဲ့ ဒီဒူးနာရောဂါကို မဖြစ်အောင် ထိရောက်တဲ့ ကာကွယ်နည်းတခုဖြစ်ပြီး
ရောဂါရပြီးသူတွေမှာလည်းကိုယ်အလေးချိန် ကိုလျှော့ချခြင်းက ရောဂါကိုသက်သာစေတဲ့ ကုထုံးတခု ဖြစ်ကြောင်းပါ။
BMI Body Mass Index က 18.5 -22.9 မှာထိန်းထားပါ
Dr Aung
12-01-2020
No comments:
Post a Comment