Monday 24 February 2020

မြန်မာနဲ့ COVID-19

မြန်မာနဲ့ COVID-19

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဂျပန်နဲ့ တောင်ကိုးရီးယား နောက်တော့ အီတလီနဲ့ အီရန်မှာ COVID-19 ဗိုင်းရပ်ပိုးစစ်ဆေးတွေ့ရှိသူတွေ နေ့ချင်းညချင်း အလျင်မြန်တိုးပွားလာပါတယ်။

ဒါပေမယ့်အဲဒီလို ပိုးတွေ့သူအရေအတွက် ရုတ်တရက်တက်လာတာက ဒီဗိုင်းရပ်က တရက်နှစ်ရက်အတွင်း ရာနဲ့ချီတဲ့လူတွေဆီကို ပြန့်ပွားကူးစက်သွားတာမဟုတ်ပါ။

ဘာလို့ ရောဂါပိုဂရှိသူတွေရုတ်တရက်တက်လာတာလဲ 

အခုနောက်ပိုင်း ဆက်လက်ပြန့်ပွားနေတဲ့ COVID-19  ဗိုင်းရပ်စ်က ဝူဟန်မှာစပြန့်တဲ့ဗိုင်းရပ်လောက်မဆိုးတော့ ပဲ သာမန် နှားစေးချောင်းဆိုးလောက်နဲ့ ပျောက်သွားသူတွေ သာမက ရောဂါလက်ခဏာ သိသိသာသာမပြလိုက်ဘဲ သူများကို ဆက်ပြီးကူးသွားတာတွေများလာနေပါတယ်။ ကူးစက် နှုန်းကတော့ သာမန် တုပ်ကွေးလို အလွယ်တကူကူးလာပါတယ်။
တခါ အဲဒီနိုင်ငံတွေအားလုံးအတွက် အခုအချိန်က တုပ်ကွေးရာသီပါ။
ဒီတော့ တရုပ်ပြည်နဲ့ ဆက်စပ်မှုမရှိသူတွေ ရောဂါပိုးတဆင့်ကတဆင့် ကူးစက်ခံရတဲ့ အခါ သာမန် တုပ်ကွေးလို့ပဲ ထင်ကြပါတယ်။
သူတို့ ကိုဆေးကုသူဆရာဝန်တွေအနေနဲ့လဲ နိုင်ငံပြင်ပလည်းမထွက်၊ ရောဂါပိုးကူးစက်ခံရတဲ့သူ သို့မဟုတ် သံသယရှိသူတွေနဲ့ ထိတွေ့မှုမရှိသူတွေဖျားနာတဲ့အခါ သာမန်တုပ်ကွေးလိုပဲ ကုကြမှာပါ။ သံသယလည်းမဖြစ်ပါ။
အဲဒီလိုကူးစက်ခံရသူတွေထဲက ရောဂါပြင်းထန်သူတယောက်ကို သတိထားမိလို့ စစ်လိုက်တော့မှ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတာကို တွေ့ပြီး သူနဲ့ ဆက်စပ်သူတွေကိုလိုက်ရှာတဲ့အခါ၊ သံသယဖြစ်စရာ လူတွေ အများကြီးဖြစ်နေပြီဆိုတာကိုတွေ့လိုက်ရတာပါ။  သူတို့ကိုစစ်လိုက်တော့ ဗိုင်းရပ်စ်ကူးစက် ခံနေရသူတွေဖြစ်နေတယ်လို့သိလိုက်ရတာပါ။
နေ့စဉ် ပိုးရှိသူတွေနဲ့ ဆက်စပ်သူတွေကိုရှာလိုက် နောက်ထပ်သံသယဖြစ်စရာသူတွေကိုထပ်တွေ့လိုက်၊ စစ်လိုက်တော့ပိုးကဓးစက်ခံနေရတာတွေ့လိုက်၊ ဒီလိုနဲ့ လူနာစာရင်း တရှိန်ထိုးတက်သွားတာပါ။

 ဒါဆို စိတ်မပူရတော့ဘူးလား

ရုတ် တရက်တိုးလားတဲ့ တရက်တာ အရေအတွက် ကိန်းဂဏန်းက အဲဒီနေ့ရဲ့ကူးစက်မှုပမာဏကို တိုက်ရိုက်မပြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကူးစက်ခံနေရတာ ရက်အနည်းငယ်ကြာနေလောက်ပြီဖြစ်လို့ပါ။ အဲဒီနေ့မှာ စစ်ဆေးတဲ့ သူအရေအတွက်ပေါ်ပဲတည်ပါတယ်။ တကယ်တန်းတနေ့တနေ့ကို ကူးစက်ခံရတဲ့ အရေအတွက်က အဲဒီကိန်းဂဏန်းထက် ပိုနည်းနိုင်သလို ပိုလည်းများနိုင်ပါတယ်


ဘာကစိတ်ပူစရာလဲ 

တကယ်စိတ်ပူရမှာက လူတွေကြားထဲ လျှောက်သွားနေသူတွေ ထဲမှာ လက္ခဏာမပြ (သို့) သာမန်နှာစေးချောင်းဆိုးလက္ခဏာလောက်နဲ့  တုပ်ကွေးဆိုပြီး ကိုယ့်ဟာကိုယ်ဆေးသောက်ကာ အလုပ်ဆက်လုပ်နေသူတွေ ဆေးရုံဆေးခန်းမပြဘဲ အိမ်မှာ နားနေသူတွေပါ။
ဘာကြောင့်လဲဆိုတော့  ဘယ်သူမှ သတိမထားမိခင် အဲလိုလူတွေကနေ တခြားလူအများကြီးကို ဆက်ကာဆက်ကာပြန့်သွားခဲ့လို့ပါ။
အဲလိုပြန့်နေတာတွေက ဖေါ်ပြပါနိုင်ငံတွေမှာသာမက မြန်မာအပါအဝင် တခြားဘယ်နိုင်ငံမှာ မဆိုရှိနေနိုင်ပါတယ်။
သူတို့ထဲက တယောက်ယောက်ကို စစ်ဆေးမိလို့ဗိုင်းရပ်စ်ပိုးတွေ့ပြီဆိုတဲ့အခါကမှ source နဲ့ contact ကိုလိုက်တဲ့အခါ လူမသိ သူမသိ ကူးစက်ခံနေရသူတွေ အများကြီး ဘွားကနဲပေါ်လာဦးမှာပါ။

လေဆိပ်နဲ့ နယ်စပ်မှာ ကိုယ်အပူချိန်ကို စစ်ဆေးနေတာပဲ, ပူစရာလိုသေးလား

လက်ရှိအချိန်ထိလေ့လာတွေ့ရှိချက်တွေအရ နောက်ပိုင်း COVID-19 ဗိုင်းရပ်ပိုးကိုးစက်ခံရသူတွေဟာ ရောဂါလက္ခဏာမပြခင်မျာကတည်းက သူများကို ဗိုင်းရပ် ဆက်လက်ကူးစက်နေပါပြီ။ နောက်တခုက ၈၀ ရာနှုန်းကျော်က ရောဂါလက္ခဏာမပြင်းထန်လို့  သူတို့တွေ နိုင်ငံထဲဝင်လာချိန်မှာ ဗိုင်းရပ်ပိုးပါလာပေမယ့် လေဆိပ်နဲ့ နယ်စပ်မှာ စစ်ဆေးသူတွေလက်ကလွတ်သွားနိုင်ပါတယ်။
ဒါကြောင့် ဗိုင်းရပ်ပိုးကူစက်ခံထားရသူတွေဟာ စစ်ဆေးသူတွေသတိမထားမိဘဲ ဘယ်နိုင်ငံထဲမှာမဆိုရောက်ရှိကာ ဆက် လက် ပြန့်ပွားကူးစက်နေနိုင်ပါတယ်။

 အားနည်းချက်

WHO ရောဂါပိုးကူးစက်ခံရသူလို့ သံသယရှိဖို့နဲ့စစ်ဆေးဖို့ Definitions က
(၁) ဆေးရုံတက်ရလောက်အောင်ပြင်းထန်ပြီး  ရောဂါဖြစ်စေတဲ့ အကြောင်းရင်းရှာမရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရောဂါတခုခု (ဖျားနာ၊ ချောင်းဆိုး အသက်ရှုကြပ်) ရှိပြီး
ရောဂါပြန့်ပွားနေတဲ့ နိုင်ငံ တခုခု ( တရုပ်နိုင်ငံ) ကို ပြီးခဲတဲ့ ၁၄ ရက်အတွင်း ခရီးသွားထားသူ။  (သို့မဟုတ်)
(၂) ဖျားနာ + ချောင်းဆိုး နှာစေး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်၊  စတဲ့ အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာတွေရှိပြီး  ပြီးခဲတဲ့ ၁၄ ရက်အတွင်း ရောဂါပိုးကူစက်ခံရသူနဲ့ အနီးကပ်ထိတွေ့နေထိုင်ခဲ့ဖူးသူ၊ ရောဂါပိုးရှိသူတွေရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်သူ သွားရောက်ဖူးသူ ။

အဲဒီတော့ တုပ်ကွေးရာသီမှာ ဘယ်နိုင်ငံကိုမှလည်းခရီးမသွား၊  COVID-19 ဗိုင်းရပ်စ်ပိုးကူးခံထားရသူတွေနဲ့လည်း ဆက်ဆံမှုမရှိတဲ့သူတွေ အဖျားနဲ့ နှာစေးချောင်းဆိုးလောက်ပဲရတဲ့အခါ ဘယ်သူကမှ COVID-19 ဗိုင်းရပ်ပိုးစစ်သင့်တယ်လို့ မယူဆတော့ပဲ ရာသီတုပ်ကွေးလို့ပဲ ကုတာ သဘာဝကျပါတယ်။ အဲဒီမှာတင် COVID-19 ဗိုင်းရပ်ပိုးကူးခံထားရသူတွေကို သတိမထားမိတော့ဘဲ သူတို့ကတဆင့်တခြားသူတွေကို ဆက်ကာဆက်ကာပြန့်တာပါ။

ပြည်ရွှေမြန်မှာ ဘယ်လိုလဲ 

၂၃-၂-၂၀ နေ့က ကျန်းမာရေးနဲ့အားကာဝန်ကြီးဌာနကထုတ်တဲ့ ပြည်သူများသို့ပန်ကြားချက်က မြန်မာပြည်မှာ အထက်ဖေါ်ပြပါနိုင်ငံတွေလိုဖြစ်နေလောက်ပြီလို့ သွယ်ဝိုက်ပြီးဆိုတာလို့ယူဆလို့ရပါတယ်။
၁. မြန်မာပြည်နဲ့တရုပ်ပြည်အကြားကုန်းလမ်း လေကြောင်းလမ်း ကူလူးဆက်သွယ်ရေးတွေ ရှိနေပါတယ်။
၂, တရုပ်နှစ်သစ်ကူးပြီးပြန်လာတဲ့ တရုပ်နိုင်ငံသားတွေ မြန်မာပြည်အနှံ့မှာ အလုပ်လုပ်နေပါတယ်။ သူတို့တွေ တော်ရုံဖျားနာလို့ကတော့ အစိုးရဆေးရုံဆေးခန်းကိုမလာပါ၊
၃. နယ်စပ်ကဝင်လာပြီး အလုပ်လုပ်နေတဲ့တရုပ်လူမျိုးတွေ၊ တရုပ်ပြည်မှာ အလုပ်သွားလုပ်ပြီး လမ်းကြောင်းမျိုးစုံကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ နယ်သပ်တလျှောက် အထူးသခြင်း ကချင်နဲ့ရှမ်းပြည်တွေမှာ အများကြီးပါ။
၄။ နယ်တွေမှာ နေမကောင်းသူတွေ၊ တရားမဝင်လာရောက်နေထိုင် အလုပ် လုပ်သူတွေ သေကောင်ပေါင်းလဲ မဖြစ်သမျှ အစိုးရဆေးရုံကိုလာပြကြမှာမဟုတ်ပါ ။ ရမ်းကုတွေ အရပ်ဖက် ဆရာဝန် တွေ တိုင်းရင်းဆေးဆရာတွေနဲ့ ကုကြပါတယ်။

အထက်ပါအကြောင်းတွေကြောင့် ပြည်ရွှေမြန်မာမှာ
(က) COVID-19 ဗိုင်းရပ်စ်ပိုးကူးခံထားရသူတွေ လမ်းမျိုးစုံကနေ ဝင်ရောက်လာပြီးဖြစ်ပါလိမ့်မယ်။ (ခ) သူတို့တွေကို သတိမထားမိလို့ သူတို့ကနေ ထိတွေ့ဆက်ဆံသူ တခြားသူတွေကို ဆက်လက်ကူးစက်ပြန့်ပွားပြီး သူတို့ကတဆင့် ဆက်ကာဆက်ကာပြန့်ပွားနေတာတွေရှိနေနိုင်ပါတယ်။ ဒါကို ကိုးရီးယား၊ အီတလီနဲ့ အီရန်တို့က နမူးနာပြနေပါတယ်။
(ဂ) အဲလိုသံသယစာရင်းထဲမဝင်ဘဲ ကူစက်ခံနေရသူတယောက်ယောက်ကို သတိထားမိလို့ COVID-19 ဗိုင်းရပ်စ်ပိုးကူးခံထားရတာကို စစ်ဆေးပေါ်ပေါက်လာပြီး အရင်းအမြစ်နဲ့ ဆက်လက်ပြန့်ပွားနိုင်သူတွေကို ဆက်လက်ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ မြန်မာပြည်မှာလည်း COVID-19 လူနာစာရင်း မိုးထိအောင်လှေကားထောင်တက်လာနိုင်ပါတယ်။

ဘာတွေလုပ်ရမလဲ 

ကျန်းမာရေးနဲ့အားကာဝန်ကြီးဌာနက COVID-19 ဗိုင်းရပ်စ်ပိုးကူးခမခံရအောင်ကာကွယ်ဖို့ လုပ်ဆောင်စရာအကြံပြုချက်တွေကိုသူတို့ရဲ့ အင်တာနက်စာမျက်နှာနဲ့ ဖေ့ဘုတ် စာမျက်နှာတွေမှာ တင်ထားပါတယ်။
အဲဒီအကြံပေးချက်တွေကိုလိုက်နာကြပါ။
အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းရေးပါ။
လးစုလးဝေးကိုရှောင်ပါ။
အိမ်မှာ သက်ကြီးရွယ်အို၊ မကျန်းမာသူ ( ဆီးချို၊ နှလု့း၊ ကျောက်ကပ်) ရောဂါရှိသူ၊ ကလေးငယ်ရှိသူများ အပြင်မှပြန်လာလျင်  ခြေလက်ဆေး အဝတ်လဲ ပြီးမှကျန်တဲ့ လုပ်စရာရှီတာလုပ်ပါ.
မိမိကိုယ်ခံအားကောင်းအောင် ကိုယ်လက်လှုပ်ရှားမှန်မှန်လုပ်ပါ။ အသီးအရွက်များများစားပါ၊ အိပ်ရေးဝပါစေ၊ စိတ်ဖိစီးမခံပါနဲ့ ။
မိမိမှဦ အသက်ရှူလမ်းကြောင်းဆိုင်ရာကူစက်ရောဂါလက္ခဏာတခုခုရှိပါက တတ်ကျွမ်းသူ ကျန်းမာရေးပညာရှင်များနဲ့ ပြသ ကုသမှုခံယူပါ။

ကူးစက်ခံရလျင် ဘာဖြစ်မလဲ

ဒီဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ရာနှုန်းကျော်မှာ သာမန်ရောဂါလက္ခဏာလောက်သာပြပြီး ပျောက်ကင်းသွားကြပါတယ်. ၁၄ ရာနှုန်းလောက်ကသာ ပြင်းထန်တဲ့ လက္ခဏာတွေရတာပါ။ ၅ရာနှုန်လောက်သောလူနာတွေကသာ အသည်းအသန်ဖြစ်ပြီးသေနှုန်းကတော့ ၂ ရာနှုန်းလောက်ပဲရှိပါတယ်။
သေဆုံးသူအများစုကသက်ကြီးရွယ်အိုတွေနဲ့  နာတာရှည်ရောဂါရှိသူတွေအများစုပါ၊။

ဒေါက်တာအောင်
၂၄-၂-၂၀၂၀



https://www.who.int/publications-detail/global-surveillance-for-human-infection-with-novel-coronavirus-(2019-ncov)
https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/3200223133340303
https://mohs.gov.mm/Main/content/publication/2019-ncov?fbclid=IwAR1hbhcFZpJ81C8D_uiAn0ZTcZ3WJONQVaZL4a_kmxK3jAHnDAxz3pRneIo....
https://www.facebook.com/MinistryOfHealthAndSportsMyanmar/

https://www.facebook.com/MinistryOfHealthAndSportsMyanmar/videos/472268286780775/
https://www.facebook.com/MinistryOfHealthAndSportsMyanmar/videos/489964578595548/
https://www.who.int/emergencies/diseases/novel-coronavirus-2019/technical-guidance/points-of-entry-and-mass-gatherings
https://www.who.int/dg/speeches/detail/who-director-general-s-remarks-at-the-media-briefing-on-covid-2019-outbreak-on-17-february-2020

No comments:

Post a Comment