Sunday 2 February 2020

ဝူဟန်းဗိုင်းရပ်စ် Novel Corona Virus 2019 နဲ့ Remdesivir ဆေး

ဝူဟန်းဗိုင်းရပ်စ် Novel Corona Virus 2019 နဲ့  Remdesivir  ဆေး

လူနာတယောက်မှာကုလို့ရတဲ့အဖြေတခုတည်းကိုကြည့်ပြီး စမ်းသပ်နေဆဲဆေးတခုရဲ့တကယ့်သေချာပေါက်အာနိသင်လို့ ထင်မှာစိုးလို့ရေးရပေမယ့် ဆေးတွေ့ပြီဆိုပြီးဝမ်းသာနေသူတွေကို  မျှော်လင့်ချက် ရိုက်ချိုုးသလိုဖြစ်သွားခဲ့သော် တောင်းပန်ပါတယ်။ 
တဘက်ကလည်း ဆေးတွေ့ပြီဆိုပြီး လိုအပ်တွေ့ကာကွယ်မှုတွေကို လုပ်တာမှာ ပေါ့လျှော့သွားတာမျိုး မဖြစ်စေချင်လို့ပါ။ 

New Celehits ဆိုတဲ့ စာမျက်နှာမှာရေးထားတဲ့ " အမေရိကန်အခြေစိုက် ဆေးကုမ္ပဏီ Gilead Sciences ကထုတ်လုပ်လိုက်တဲ့ Remdesivir ဆေးကို U.S.မှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နေတဲ့ လူနာကို စမ်းသပ် ကုသရာ တစ်ရက်အတွင်း သက်သာ ပျောက်ကင်းလာကြောင်း၊ ဘေးထွက်ဆိုးကျိုး မရှိကြောင်း၊ "  ဆိုတာ နဲ့ပတ်သက်ပြီးရှင်းပြတာပါ။ 

Remdesivir  ဆိုတဲ့ဆေးကိုထုတ်တဲ့ကုမ္ပဏီက သူတို့ရဲ့ဆေးနဲ့ပတ်သက်ပြီးတင်ထားတဲ့ထုတ်ပြန်ချက်ကိုပဲကိုးကားပြမှာပါ။ မူရင်းကဒီမှာပါ။ 


လိုရင်းကိုပဲထုတ်နှုတ်ရေးပါမယ်။ 

၁။  Remdesivir  ဆိုတဲ့ဆေးကို ကမ္ဘာ့ဘယ်နိုင်ငံမှာမှ အကျိုးအာနိသင် နဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုတို့နဲ့ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်းမရှိသေးပါ။ (စမ်းသတ်တာတွေမပြည့်စုံသေလို့ပါ)
၂။ လက်ရှိဝူဟန်းကစတဲ့ 2019-nCoV ဆိုတဲ့ ဗိုင်းရပ်ကိုနိင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိသေးပါ။  " While there are no antiviral data for remdesivir that show activity against 2019-nCoV at this time," 
၃။ ဒီဆေးကလူကိုဒုက္ခပေးတဲ့ အလားတူ တခြားကိုရိုနာဗိုင်းပ်စ်မျိုဖြစ်တဲ့ SARS  နဲ့ MERS CoV တို့ကိုကုနိုင်တယ်ဆိုတာ ဓါတ်ခွဲခန်းစမ်းသပ်မှူနဲ့ တိရိစ္ဆာန်တွေမှာ စမ်းသပ်ထားတဲ့ အဖြေတွေပဲရှိပါသေးတယ်။ လူမှာစမ်းထားတယ်လို့မပါသေးပါ။ 
၄။ ကုမ္ပဏီအနေနဲ့ ဒီဆေးကို လက်ရှိဖြစ်နေတဲ့ 2019-nCoV ကို ဘေးကင်းစွာနဲ့ ကုနိုင်စွမ်းရှိမရှိ စနစ်တကျသုတေသနလုပ်ခွင့်ရဖို့ တရုပ်ကျန်းမာရေးဌာနနဲ့ညှိနေတယ်ဆိုပါတယ်။ 
၅။ ကုမ္ပဏီက ဒီဆေးရဲ့ ဝူဟန်းဗိုင်းရပ်စ်ကိုကုနိုင်တယ်ဆိုတာကို ဓါတ်ခွဲခန်းမှာ စမ်းပြနိုင်ဖို့ အလျင်မြန်အားထုတ်နေပါတယ် " We are also expediting appropriate laboratory testing of remdesivir against 2019-nCoV samples." ဆိုတဲ့အတွက် ဒီဆေး ဝူဟန်းဗိုင်းရပ်စ် 2019-nCoV ကိုနိုင်တယ်ဆိုတဲ့အထောက်အထားက ပြစရာ ဓါတ်ခွဲခန်းစမ်းသပ်အဖြေကိုမရှိသေးတာပါ၊။
၆။ သူတို့ဆေးကို လူနာရဲ့ အခြေအနေအရ ကုရာနတ္ထိဖြစ်နေလို့ စမ်းသပ်ချင်ပါတယ်ဆိုတဲ့ ဆရာဝန်တချို့ကိုဒေသဆိုင်ရာ ကျင့်ထုံးနဲ့အညီစမ်းသုံးဖို့ ဒီဆေးကိုထုတ်ပေးတာမျိုးတော့ရှိပါတယ်လို့ဆိုပါတယ်။ ဒါတောင် ဥပဒေနဲ့ကျင့်ဝတ်တွေကိုဘယ်လောက်လိုက်နာတယ်မပြောတတ်ပါ။ 

 အချုပ်ကတော့ဒီ Remdesivir  ဆိုတဲ့ဆေးက ဝူဟန်းဗိုင်းရပ်စ် 2019-nCoV ကိုနိုင်တယ်ဆိုတဲ့အထောက်အထား ဘာမှမရှိသေးသလို တခြားပိုးတွေကိုကုဖို့လည်းလိုင်စင်မရသေးဘဲ လူမှာစမ်းသပ်မှုတွေတောင်  တရားဝင်မလုပ်ရသေးတဲ့ စမ်းသပ်ဆဲဆေးဖြစ်ပါကြောင်း ။ 

ဒီနေရာမှာအကြောင်သင့်လို့ ဆေးသစ်တခုကိုမှတ်ပုံတင်သုံးခွင့်ရဖို့လုပ်ရတဲ့ လုပ်ငန်းစဉ်တချို့ကိုပြောပါရစေ။ https://www.fda.gov/patients/learn-about-drug-and-device-approvals

  • ပထမဆုံးဆေးတွေရဲ့ အာနိသင်ကို ဓါတ်ခွဲခန်းမှာစမ်းသပ်ပါတယ်။ 
  • ပြီးမှ တိရိစ္ဆာန်တွေမှာ အာနိသင်နဲ့ ဘေးကင်းမှုကို  စမ်းပါတယ်။ 
  • ရလာတဲ့အဖြေတွေကို  FDA and a local institutional review board (IRB) တို့က စစ်ဆေးပြီး အာနိသင်လည်းရှိ ဘေးလည်းကင်းပြီဆိုပြီးလက်ခံမှ လူတွေမှာ စမ်းသပ်ပါတယ်။  
  • လူမှာစမ်းဖို့ လိုက်နာရတဲ့ကျင့်ဝတ်တွေဥပဒေတွေအများကြီးရှိပါတယ်။ 
  • လူမှာစမ်းတာကို Phase one ကနေ  phase four trails ဆိုပြီး လပေါင်းများစွာ တဆင့်ပြီးတဆင့်လုပ်ရပါတယ်။ 
  • ရလာတဲ့ အဖြေတွေကို FDA review teams က ပြန်စိစစ်ပြီး မှ ဈေးကွက်မှာ တင်ဖို့ ထုတ်ခွင့်ပြုမပြုဆုံးဖြတ်ပါတယ်။ 
  • ဈေးကွက်တင်ပြီးနောက်မှာလည်း သုတေသနတွေဆက်လုပ်ပါတယ်။ 
  • တချို့ဆေးတွေဆို ဈေးကွက်တင်ပြီး မှာ ဘေးထွက်ဆိုးကျိုးအသစ်တွေထပ်တွေ့လို့ရုပ်သိမ်းလိုက်ရတာရှိသလို ( ဥပမာ Thalidomide) ,  အာနိသင်အသစ်တွေတွေ့လာလို့ ကုထုံးအသစ်အတွက် သုတေသနတွေထပ်လုပ်ပြီး သုံးစွဲခွင့်အသစ်တိုးလာတာတွေလည်း (ဥပမာ Aspirin, Viagara) ရှိပါတယ်။ 
တခါတလေမှာ ဆေးကုမ္ပဏီတွေက စည်းကမ်းတင်းကြပ်တဲ့ အနောက်နိုင်ငံတွေမှာ သုတေသနတွေကိုမလုပ်ဘဲ စည်းကမ်းလျော့ရဲတဲ့ တတိယကမ္ဘာနိုင်ငံတွေမှာသုတေသနလုပ်ပါတယ်။ 
တချို့မှာ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရလို့ လူစဉ်မမှီဖြစ်ကုန်တာကို ကုမ္ပဏီကလျော်ကြေးမဖြစ်စလောက်ပေးပြီးဖုံးထားတာမျိုးလည်းရှိပါတယ်. 
အထူးသဖြင့်ဝူဟန်းအခြေအနေလို ကပ်ရောဂါဖြစ်ချိန်ကို အခွင့်ကောင်းယူပြီး ဆရာဝန်တွေကိုစည်းရုံးကာ ကျင့်ဝတ်နဲ့မညီတဲ့သုတေသနတွေပြုတတ်ကြပါတယ်။ 
ဥပမာတခုအနေတဲ့ ၁၉၉၆ခုတုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ကလေးဦးနှောက်အမှေးရောင်ရောဂါတွေဖြစ်တော့ နာမယ်ကြီး ဆေးကုမ္ပဏီ Pfizer ရဲ့  Trovan ဆိုတဲ့ဆေးတွေကိုလူနာမိဘတွေသဘောတူညီချက်ကိုမယူဘဲ စမ်းသုံးခဲ့တယ်ဆိုတဲ့ပြသနာတခုကို ၂၀၀၀ခုနှစ်မှာပေါ်ထွက်လာပါတယ်။ စမ်းသပ်ခံကလေး ၅ယောက်သေပြီး အများအပြား မသန်မစွမ်းဖြစ်ကြပါတယ်။  အကျင့်ပျက်ကျန်းမာရေးအရာရှိတွေလည်းပါဝင်ပတ်သက်တယ်ဆိုပါတယ်။ 




အခုလည်းတရုပ်မှာ ကပ်ရောဂါဆိုးကျနေတဲ့ချိန်  ဆေးထုတ်မယ့်ကုမ္ပဏီ Gilead  ကအခွင့်ကောင်းယူကာ တရုပ်အစိုးရထံသုတေသနလုပ်ခွင့်တောင်းနေတာပါ။  ဒီလိုစမ်းသပ်ချက် မပြည့်စုံသေးတဲ့ဆေးတခုကို သေကောင်ပေါင်းလဲဖြစ်ပြီး ကုစရာဆေးမရှိတဲ့သူတွေမှာ စမ်းသပ်သုံးစွဲကြည့်ဖို့ဆိုတာကိုတော့ (၁) ကျင့်ဝတ် (၂) ဥပဒေတွေနဲ့ ညီမညီကြည့်ရမှာပါ။ တရုပ်က သဘောတူမတူဆိုတာလည်းသူတို့ရဲ့သုတေသနစည်းကမ်းတွေပေါ်တည်မှာပါ။ 
New Celehits ဆိုတဲ့ စာမျက်နှာမှာရေးထားတဲ့ " အမေရိကန်အခြေစိုက် ဆေးကုမ္ပဏီ Gilead Sciences ကထုတ်လုပ်လိုက်တဲ့ Remdesivir ဆေးကို U.S.မှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နေတဲ့ လူနာကို စမ်းသပ် ကုသရာ တစ်ရက်အတွင်း သက်သာ ပျောက်ကင်းလာကြောင်း၊ ဘေးထွက်ဆိုးကျိုး မရှိကြောင်း၊ "  ဆိုတာ နဲ့ပတ်သက်ပြီး  New England Medical Journal မှာ  case study တခုကိုကိုးကားတယ်လို့ယူဆပါတယ်။ 
ယူအက်စ်မှာ ပထမဆုံးဝူဟန်းဗိုင်းရပ်ကူးခံရတဲ့လူနာတယောက်ကိုစမ်းပေးတာတော့မှန်ပါတယ်။ 
အဲဒီလူနာအခြေနေအတော်ဆိုးလာလို့စမ်းပေးတာဆိုပါတယ်။ 
အကြောဆေးအနေနဲ့ပေးပြီးနောက်တရက်မှာသက်သာလာပါတယ်။ 
ဘာဆိုးဆိုးရွားရွားဘေးထွက်ဆိုးကြိုးမှ မကြုံခဲ့ပါ။ 
ဒါပေမယ့်လူနာတယောက်တည်းကိုပေးလို့ရလာတဲ့ ရလာဒ်နဲ့ ဆေးရဲ့အာနိသင်နဲ့ ဘေးထွက်ဆိုးကြိုးတွေကို ပြောလို့မရတဲ့အတွက် စနစ်တကျ randomized controlled trials တွေလုပ်ပြီးမှ ဆေးရဲ့အာနိသင်နဲ့ ဘေကင်စွာသုံးလို့ရမရဆိုတာ တွေကိုသေချာပြောနိုင်မှာပါလို့ အဲဒီ နယူးအင်္ဂလန်ဆေးဂျာနယ်မှာအခုလိုရေးထားပါတယ်။ 
Although a decision to administer remdesivir for compassionate use was based on the case patient’s worsening clinical status, randomized controlled trials are needed to determine the safety and efficacy of remdesivir and any other investigational agents for treatment of patients with 2019-nCoV infection.
https://www.nejm.org/doi/full/10.1056/NEJMoa2001191

 ရေနစ်နေသူအတွက်တော့ကောက်ရိုးတမျှင်ပါ။ မျှော်လင့်ချက်တော့ရှိပါတယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်ချင်မှလည်းဖြစ်လာမယ်ဆိုတာကိုတော့ ပြင်ဆင်ထားရမှာပါ။




ဒေါက်တာအောင် 
 02/02/2020

ကိုးကား
၁။ https://news.celehits.com/?p=8552&unapproved=118&moderation-hash=7307b7a67ce97c1271da04a2227e636a#comment-118
၂။ https://www.gilead.com/news-and-press/company-statements/gilead-sciences-statement-on-the-company-ongoing-response-to-the-2019-new-coronavirus
၃။  https://www.fda.gov/patients/learn-about-drug-and-device-approva
၄။ https://www.worldpress.org/Africa/1190.cfm
၅။ https://www.nejm.org/doi/full/10.1056/NEJMoa2001191


No comments:

Post a Comment