Friday, 10 April 2020

COVID-19 pandemic ကာလ အိမ်သန့်ရှင်းရေး နှင့်ပိုးသတ်ခြင်း။


COVID-19 pandemic ကာလ  အိမ်သန့်ရှင်းရေး နှင့်ပိုးသတ်ခြင်း

ရပ်ကွက်ထဲမှာ ပိုးသတ်ဆေးတွေလိုက်ဖျန်းနေတယ်၊ အိမ်တွေထဲ ဆေးတွေလိုက်ဖျန်းနေတယ်။
အိမ်မှာလည်းဖျန်းချင်လို့ ၊ အိမ်မှာ သက်ကြီးရွယ်အိုတွေရှိလို့  ကလေးငယ်တွေရှိလို့ ပိုးသတ်ဆေးဖျန်းဖို့လိုပါသလား၊ ဖျန်းသင့်လျင်ဘာဆေးသုံးသင့်ပါသလဲ၊ အန္တရာယ်ရှိပါသလား?

(ဖြေ)
(၁) ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့) ကူးစက်ခံရသည်ဟု သံသယရှိသူ၊ ( ဥပမာ) ပြည်ပမှပြန်လာပြီး စောင့်ကြည့်ခံနေရသူများ ရှိသည့်အိမ်၊ အဆောက်အဦမှအပ သာမန် အိမ်များတွင် သီးသန့် ပိုးသတ်ဆေးနှင့် သန့်ရှင်းရန်၊ ဆေးဖျန်းရန်မလိုပါ။ အိမ်သား အများထိကိုင်သော ပစ္စည်းမျက်နှာပြင်များ ကိုတော့ ပုံမှန်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အိမ်သုံးဆပ်ပြာ၊ လက်ဆေးကန်နဲ့အိမ်သာဆေးအရည်၊ ကြမ်းတိုက်ဆေးရည်တို့ကို သုံးပြီး ရေနဲ့သန့်ရှင်းရေးလုပ်၊ ဆေးကြော (သို့) သုတ်သင် ပေးသင့်ပါတယ်။ ဒက်တောကဲ့သို့သော အိမ်သုံး ပိုးသတ်ဆေးရည်များကိုသုံးလို့လည်းရပါတယ်။
(၂) ပြင်ပမှပြန်လာသူတိုင်းအိမ်ထဲမဝင်မီ လက်ကိုသေချာ သန့်ရှင်း ၊ ပိုးသတ်ရန် နှင့် လူအများထိကိုင်ထားသော ပစ္စည်းများကို ယူလာပါက ရေ နှင့်ဆပ်ပြာကိုသုံး၍ ဆေးကြောရန်၊ အပြင်က ပြန်လာတဲ့ အဝတ်တွေမှာ ပိုးတွေပါလာတယ် ထင်လျင် ချက်ချင်းလဲဖို့ တော့လိုပါတယ်။
(၃) မိမိအိမ်ကို အလည်လာသူတဦးဦးမှာ ဗိုင်းရပ်ပိုးပါလာသည်ဟု သံသယရှိလျင်တော့ ထိုသူ ရောက်ရှိ ထိတွေ့သော  နေရာရှိ ပစ္စည်းမျက်နှာပြင်များကို စနစ်တကျ သန့်ရှင်းရန်နှင့် ပိုးသတ်ပေးရန် အောက်ဖေါ်ပြပါနည်းများကို သုံးနိုင်ပါတယ်။

အိမ်မှာ ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့) ကူးစက်ခံရသည်ဟု သံသယရှိသူ နေတဲ့အခန်း၊ သူနဲ့ထိတွေ့တဲ့ ပစ္စည်းတွေကို ပိုးသတ်ဖို့ဘာပိုးသတ်ဆေးသုံးရမလဲ။

(ဖြေ)  အောက်ပါပိုးသတ်ဆေးတခုခုကိုသုံးပြီး ကိုဗစ်ဗိုင်းရပ်စ် ကိုသတ်နိုင်တယ်လို့ CDC ( USA), eCDC ( EU), WHO,  မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန စသည်တို့က ဆိုထားပါတယ်။
(၁) Ethanol  (သို့) Isopropyl alcohol အယ်လကိုဟော ၇၀ ရာခိုင်နှုန်းပါတဲ့အရက်ပျံ။ ဆေးရုံ ဆေးခန်းသုံးအရက်ပျံတွေမှာ အီသနော ၇၀ ရာခိုင်နှုန်းပါတာများပါတယ်။
(၂) 1:50 Hypochlorite Solution (1000 ppm) ဆေးရည်။

1:50 Hypochlorite Solution (1000 ppm) ဖျော်စပ်နည်း

• ရေ (၁) လီတာတွင် ၅% အိမ်သုံးအရောင်ချွတ်ဆေး လက်ဘက်ရည်ဇွန်း (၄) ဇွန်း ( ၂၀ စီစီ ) ထည့်၍ ဖျော်ပါ။  မကုန်မှာစိုးလျင်  ၅၀၀ စီစီဖျော်ရန် ဆေးရည် လဘက်ရည်ဇွန်  နှစ်ဇွန်း ( ၁၀ စီစီ ) သုံးပါ။ စီစီ( cc) = မီလီလီတာ (ml).

မှတ်ချက်။
  • ·         1:50 Hypochlorite Solution ကို သုံးကာနီးမှ ဖျော်စပ်ပြီးသုံးပါ၊  ကုန်အောင်သုံးပါ (သို့) ၂၄ နာရီကျော်သွားလျင် စနစ်တကျသွန်ပစ်ပါ။  နေရောင်နှင့်တိုက်ရိုက်မထိတွေ့ရပါ။
  • ·         အိမ်သုံးအရောင်ချွတ်ဆေး  (ဥပမာ Chlorox) ကို စူပါမားကက်တွေရဲ့ ဆပ်ပြာ၊ ကြမ်းတိုက်ဆေး ထားတဲ့နေရာတွေမှာတွေ့နိုင်ပါတယ်။
  • ·         အရက်ပျံက မီးလောင်လွယ်လို့ မီးနဲ့နီးသောနေရာများ၊ မီးပွင့်နိုင်သော မီးခလုပ်၊ ပလပ်ခုံများကို မဖျန်းသင့်၊ မသုတ်သင့်ပါ။
  • ·         အရက်ပျံကို ဆေးရုံဆေးခန်းတွေမှာ လိုအပ်နေသလို ပစ္စည်းရှားပါးမှုနဲ့ ဆေးနှုန်းကြီးမြင့်မှုတို့ကြောင့် အိမ်တွေမှာတော့  1:50 Hypochlorite Solution ကိုသုံးပြီး ပိုးသတ်တာပိုအဆင်ပြေပါတယ်။








အဲဒီအခန်း (သို့) ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်သူ ပိုးသတ်သူက ဘယ်လိုအကာအကွယ်ယူသင့်ပါသလဲ။


(ဖြေ) -  ပိုးသတ်ဆေးသုံးပိုးသတ်ပါက သုံးမည့်ဆေးနဲ့ မတည့်သူ  အလာဂျစ်မဖြစ်သူကသာသုံးသင့်ပါတယ်။
-       သန့်ရှင်းရေးမလုပ်မီ လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့သေချာဆေးပါ။
-      Surgical Mask ၊  တခါသုံးရာဘာလက်အိတ်၊ တို့ကို ဝတ်ဆင်ပါ။ မျက်နှာကာ၊ မျက်စေ့ကာ သုံးနိုင်ပါက ပိုကောင်းပါတယ်။
-      သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပြီးပါက လက်အိတ်ကို အရင်ချွတ်ပြီး စနစ်တကျစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို လက်ပိုးသတ်ဆေးရည်နှင့်သုတ်လိမ်း (သို့)ဆပ်ပြာနှင့်ဆေးပြီးမှ  မျက်နှာကာ၊ မျက်စေ့ကာ၊ Surgical Mask တို့ကိုဖြုတ်ပြီး စွန့်ပစ်ပါ။ လက်အိတ်၊ မျက်နှာကာ၊ မျက်စေ့ကာ တို့ကို တခါသုံးပစ္စည်းမသုံးပါက ဆပ်ပြာနှင့်ရေသုံးပြီး သေချာဆေးကြောပြီးအခြောက်ခံပါ။ အဆိုပါပစ္စည်းများကိုဆေးပြီးပါက လက်များကိုဆပ်ပြာနှင့် ထပ်မံ၍ သေချာ ဆေးကြောပါ။ 



ပိုးသတ်ဆေးတခါဖျန်းပြီးလျင် ဘယ်လောက်ကြာကြာအာနိသင်ရှိပါသလဲ ၊ ဘယ်လောက်ကြာလျှင် တခါထပ်ဖျန်းသင့်ပါသလဲ။

(ဖြေ) အရက်ပျံက မိနစ်ပိုင်းအတွင်းအငွေ့ပျံသွားသလို ဟိုက်ပိုကလိုရိုက်ကလည်း နာရီပိုင်းအတွင်း အာနိသင်လျော့သွားပါတယ်။  အဲဒီပိုးသတ် ဓါတုပစ္စည်းတွေနဲ့တိုက်ရိုက်ထိတွေ့လျင်  တချို့တွေ့က အလာဂျီ ဖြစ်တတ်သလို တချို့ပစ္စည်းတွေအရောင်ပျက်တာ ပျက်စီးတာတွေဖြစ်တတ်လို့ ပိုးတွေသေလောက်အောင် ထားပြီးနောက် ( ၁၀မိနစ်) အဲဒီမျက်နှာပြင်တွေကို ရေနဲ့ပြန်ဆေးတာ၊ ရေစိုဝတ်နဲ့ သုတ်သင်တာမျိုး လုပ်သင့်ပါတယ်။
အရက်ပျံက မီးလောင်လွယ်လို့ မီးနဲ့နီးသောနေရာများ၊ မီးပွင့်နိုင်သော မီးခလုပ်၊ ပလပ်ခုံများကို မဖျန်းသင့်၊ မသုတ်သင့်ပါ။
ပိုးသတ်ဆေးဖျန်းခြင်းက ပစ္စည်းမျက်နှာပြင်တွေပေါ်မှာ တင်ရှိနေတဲ့ ပိုးတွေကိုသတ်ဖို့သာဖြစ်ပြီး နောင်အခါ လာတင်မည့် ပိုးတွေကိုသေအောင်ကာကွယ်ဖို့မဟုတ်ပါ။ ပိုးတွေ ကပ်ငြိလာတယ်၊ တင်ကျန်နေတယ်ထင်လျင် ထပ်ဖျန်းရပါမည်။
ဆေးဖျန်းတဲ့အခါ ဖျန်းတဲ့ပစ္စည်းပေါ်တည်လို့ ဆေးမှုန်တွေ ပျံ့နှံ့မှုကွာပါတယ်။ နေရာလပ်မရှိအောင် သတိထားဖျန်းသင့်ပါတယ်။

ရေနဲ့ဆပ်ပြာသုံး သန့်ရှင်းရေးလုပ်တာ (Cleaning) နဲ့ ပိုးသတ်တာ (Disinfection) ဘာကွာလည်း။

(ဖြေ) ဆပ်ပြာက ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ပိုးမွှားတချို့ကို သေစေတယ်လို့ဆိုသောလည်း ရေနဲ့ဆပ်ပြာသုံး သန့်ရှင်းရေးလုပ်တာ (Cleaning) က မျက်နှာပြင်တွေမှာ တင်ရှိနေတဲ့ ပိုးမွှား၊ ဖုန်၊ အညစ်အကြေးတွေကို သုတ်သင်ဖယ်ရှားပေးတာပါ။ တင်ရှိနေတဲ့ပိုးတွေကို သေအောင် သေသေချာချာသတ်တာမဟုတ်ပါ။  
အရက်ပျံ၊ ဟိုက်ပိုကလိုရိုက် တို့လို ပိုးသတ်ဆေးရည်တွေကို သုတ်ပေး ဖျန်းပေးတာ (Disinfection) က တင်ရှိနေတဲ့ ပိုးမွှားတွေကို သေအောင် သတ်ပစ်တာဖြစ်ပါတယ်။ ဒီနည်းက သေနေတဲ့ပိုးတွေနဲ့ ဖုန်တွေ၊ အညစ်အကြေးတွေကိုတော့ မဖယ်ရှားနိုင်ပါဘူး။
သိသာသော ညစ်ပေမှုရှိလျင် ဆပ်ပြာနဲ့ရေကိုသုံးပြီးဆေးကြောရပါမယ်။
ကူးစက်ရောဂါရှိသူနေတဲ့ အခန်း၊ သုံးတဲ့ အသုံးအဆောင်တွေကိုတော့ သန့်ရှင်းရေးလုပ်ရုံမက မျက်နှာပြင်တွေကို ပိုးထပ်သပ်ပေးဖို့လိုနိုင်ပါတယ်။

အိမ်မှာ ဗိုင်းရပ်စ်တွေ ခိုကပ်မနေအောင် အလွယ်တကူသန့်ရှင်းလို့ရအောင်လုပ်လို့ရမလား ဘယ်လိုလုပ်ရမလဲ ။

(ဖြေ)
အိမ်တွင်းမှာ ဗိုင်းရပ်ကပ်ငြိနေနိုင်တဲ့မျက်နှာပြင်တွေကို လျှော့ချဖို့၊ ပိုးတွေပါတဲ့ တံတွေးမှုန်တွေ ပစ္စည်းတွေပေါ်ကျပြီးကပ်တင်မနေစေရန် နဲ့ အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ရအောင်၊ ပြင်ဆင်ထားလို့ရပါတယ်။
  • -      တံခါးမရှိတဲ့စင်၊ စာအုပ်စင် စားပွဲပေါ်ကပစ္စည်းတွေကို ပလတ်စတစ်နဲ့အုပ်ထားလို့ရပါတယ်။ 
  • -      အရုပ်လို၊ ဆုတံဆိပ်လို အလှပြပစ္စည်းများ ကိုတံခါးပါဘီဒိုထဲထားပါ (သို့) ပလတ်စတစ်နဲ့လုပ်ထားပါ။
  • -      စားပွဲခင်း ကိုပလတ်စတစ်သုံးတာကောင်းပါတယ်။
  • -      ဖြစ်နိုင်လျင်စားပွဲပေါ်မှာ  သွားရည်စာ ပုလင်းတွေ ဗူးတွေမထားပါနဲ့ ။
  • -      တီဗွီ၊ စလောင်း၊ အဲယားကွန်း ရီမုဒ်ကွန်ထရိုးတွေကို  ပလတ်စတစ်အိတ်ထဲထည့်သုံးပါ။
  • -      ဆိုဖာ၊ ထိုင်ခုံ တွေကို ပလတ်စတစ်၊ သားရေ၊ သစ်သား တွေပဲသုံးတာကောင်းပါတယ်။  
  • -      ဒီကာလမှာ ကော်ဇော၊ မသုံးတာပိုကောင်းပါတယ်။
  • -      ခြေသုတ်ခုံတွေကို ရေဆေးလို့ရတဲ့ ပစ္စည်းသုံးတာကောင်းပါတယ်။ ဖုန်မခါပါနဲ့ ။

ပိုးတွေရှိလျင် ကြာရှည် အသက်မရှင်နိုင်အောင်
  • -       လေဝင်လေထွက်ကောင်းအောင် နှင့် နေရောင်ခြည် သို့မဟုတ် အလင်းရောင် ကောင်းကောင်းဝင်နိုင်အောင်  ပြူတင်းပေါက်များ လိုက်ကာများကို မကြာမကြာဖွင့်ပေးပါ။
  • -      အိမ်ကို နေ့စဉ်မှန်မှန် သန့်ရှင်းရေးလုပ်ပါ။
  • -      အဲယားကွန်းသုံးလျင် လေစစ်ကို မှန်မှန် သန့်ရှင်းရေးလုပ်ပါ။ 

Dettol  ဖျန်းဆေးနဲ့ဖျန်းလျင် COVID-19 သေပါသလား။

တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့စမ်းသပ်ထားရာမှာတော့ Dettol  ဖျန်းဆေး တွေက အဲဒီဗိုင်းရပ်စ်တွေကိုသေစေနိုင်ပါတယ်။
ဒါပေမယ့် COVID-19 ဗိုင်းရပ်စ်ပိုးတဲ့ စမ်းသပ်ထားတာတော့မရှိသေးပါဘူးလို့  Dettol ဆေးထုတ်တဲ့ကုမ္ပဏီကဆိုထားပါတယ်။



ဒေါက်တာအောင်
11-04-2020

ကျမ်းကိုး
မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ် ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်ချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO  ရောဂါထိန်းချုပ်ရေးဗဟို (ယူအက်စ်အေ) CDC (USA) , ရောဂါထိန်းချုပ်ရေးဗဟို (ဥရောပသမဂ္ဂ)  eCDC (EU)  တို့ကထုတ်ပြန်ထားတဲ့ အကြံပြုချက် လမ်းညွှန်ချက်များမှ ပြန်လည်ကောက်နှုတ် ဖေါပြပါတယ်။



https://www.dettol.co.uk/about-us/understanding-coronavirus/

Sunday, 5 April 2020

အိမ်အပြင်ထွက်မယ်ဆိုလျင် နှာခေါင်းစည်းတပ်ပါ။


အိမ်အပြင်ထွက်မယ်ဆိုလျင် နှာခေါင်းစည်းတပ်ပါ။


 အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုနဲ့သေဆုံးမှူ အလွန်များလာချိန်မှာ အမေရိကန်နိုင်ငံ ရောဂါထိန်ချုပ်ရေး ဌာန CDC နဲ့ အခြားနိုင်ငံအများပြားတို့က ကျန်းမာရေးဌာနများက နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ အကြံပေးချက် အသစ်ထုတ်ပါတယ်။
 

(၁) နှာစေးချောင်းဆိုးသူမှ မဟုတ်  စကားပြောစြားသူများကို အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းကို  ဘယ်လိုနှာခေါင်းစည်းဖြစ်ဖြစ် တခုခုသုံးပြီး အုပ်ကာထားကြဖို့ပါ။ တချို့နိုင်ငံတွေမှာ မတပ်မနေရလို့ သတ်မှတ်တယ်ဆိုပါတယ်။

အသက် ၂ နှစ်အောက်ကလေးတွေကိုတော့ အသက်ရှုရခက်မှာ ၊ လိုအပ်လာလျင် သူ့တို့ဖာသာ ဖြုတ်လို့မရမှာစိုးလို့ တပ်မပေးပါနဲ့လို့ဆိုပါတယ်။

သို့သော်
ပါးစပ်နဲ့နှာခေါင်းကိုကာထားရုံနဲ့မလုံလောက်ပါ။
နှာခေါင်းစည်းနဲ့အတူ အောက်ပါတို့ကိုတွဲပြီး ကျင့်သုံးရပါမယ်။
 (၁)  လူတဦးနဲ့တဦး ခပ်ခွာခွာနေပါ ။ ဖြစ်နိုင်တဲ့အခြေအနေတိုင်းမှာ တဦးနဲ့တဦး ၂မီတာအကွာ၊ ၆ ပေအကွာခြားပါ။
(၂) လက်ကိုမကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီးစနစ်တကျဆေးပါ။ ရေမရလျင် အရက်ပျံလက်ပိုးသတ်ဆေးရည်  Hand sanitizer ဖြင့်ပိုးသတ်ပါ။

ပြန်လျှော်ဖွပ်သုံးလို့ရသော အဝတ်နှာခေါင်းစည်းမျိုး၊ ပဝါလို  ပစ္စည်းမျိုးကိုသာသုံးပြီး  Surgical mask တို့  N95 Respirator တွေကိုတော့ သာမန်သူတွေထက်ပိုလိုအပ်တဲ့၊ ကျန်းမာရေးဝန်ထမ်းများ သုံးဖို့ သာထားပေးဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။


 


ဘာကြောင့် ဒီလိုအကြံပေးချက်ပြောင်းလာရတာလဲ။


 သုတေသနတွေ့ရှိချက်များအရ   COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရသူတချို့မှာ ဘာရောဂါလက္ခဏာမှ မခံစားရခင်ကတည်းက ထိုသူထံမှဗိုင်းရပ်စ်များ အခြားသူများထံကို ပျံ့နှံ့မှု ရှိနေတာကိုတွေ့ရပါတယ်။

ထိုသူအနေနဲ့ နေမကောင်းခြင်းလက္ခဏာများမရှိသော်လည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဖြစ်နေနိုင်ပြီး သူအသက်ရှူထုတ်သောလေမှ၊ စကားပြောစဉ်ထွက်လာသောတံတွေးအမှုန်များမှ လည်း ဗိုင်းရပ်စ်များ အခြားသူများထံကို ပျံ့နှံ့မှု ရှိနေနိုင်ပါတယ်။

အဲဒါကြောင့် လူတွေကြားထဲမှာသွားလာနေသူအချင်းချင်းကြားဗိုင်းရပ်စ် ကူးစက်ပျံ့ပွားခြင်းမှ ကာကွယ်ရန်၊ အရင်က အကြံပြုထားသလို နှာစေးချောင်းဆိုးသူမှ မဟုတ်တော့ဘဲ  စကားပြောစြားသူများကို အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းကို ဘယ်လိုနှာခေါင်းစည်းဖြစ်ဖြစ် တခုခုသုံးပြီး အုပ်ကာထားကြဖို့ အမေရိကန် နိုင်ငံ ရောဂါထိန်းချုပ်ရေး ဌာန CDC နဲ့ အခြားနိုင်ငံအများပြားတို့က ကျန်းမာရေးဌာနများက အကြံပေးတာပါ။

ဒီလိုတပ်ထားခြင်းက မိမိကိုသူတပါးဆီကဗိုင်းရပ် ကူးစက်မခံရအောင် ကာကွယ်တာမျိုးမဟုတ်ဘဲ မိမိထံက သူတပါးဆီမပျံ့အောင်ရည်ရွယ်ကာကွယ်တာသာဖြစ်လို့  အဝတ်နဲ့ချုပ်တဲ့ နှာခေါင်းစည်း၊ ပြန်လျှော်လို့ရတဲ့ နှာခေါင်းစည်းမျိုးစုံ၊ ပုဝါစ စသည်ကိုလည်းသုံးလို့ရပါတယ်။

နိုင်ငံတကာမှာ  PPE တွေ ပြတ်လပ်လာနေတဲ့အတွက် တပ်ဆင်သူကိုကာကွယ်ဖို့သုံးရတဲ့ Surgical mask တို့  N95 Respirator  တို့ကိုတော့  ပိုးကူးစက်ခံရနိုင်ချေများသူ ကျန်းမာရေးဝန်ထမ်းများ သုံးဖို့ သာထားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
သူတို့ အလုပ်မလုပ်နိုင်လျင် ပြည်သူတွေ အကူအညီမဲ့ဖြစ်သွားနိုင်လို့ပါ။

လူတိုင်းသာ နှာခေါင်းစည်းတပ်ကြပါက တပ်ဆင်သူများထံမှ သူတပါးထံကို ဆက်မပျံ့နိုင်တော့လို့  ကျန်တဲ့သူတွေက သူတို့ကိုကာကွယ်ပေးမယ့် Surgical mask တို့  N95 Respirator  မျိုးလည်းမလိုတော့ပါ။

သို့သော်
ပါးစပ်နဲ့နှာခေါင်းကိုကာထားရုံနဲ့မလုံလောက်ပါ။
နှာခေါင်းစည်းနဲ့အတူ အောက်ပါတို့ကိုတွဲပြီး ကျင့်သုံးရပါမယ်။
(၁)  လူတဦးနဲ့တဦး ခပ်ခွာခွာနေပါ ။ ဖြစ်နိုင်တဲ့အခြေအနေတိုင်းမှာ တဦးနဲ့တဦး ၂မီတာအကွာ၊ ၆ ပေအကွာခြားပါ။
(၂) လက်ကိုမကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီးစနစ်တကျဆေးပါ။ ရေမရလျင် အရက်ပျံလက်ပိုးသတ်ဆေးရည်  Hand sanitizer ဖြင့်ပိုးသတ်ပါ။
လို့ နိုင်ငံတကာကျန်းမာရေးဌာနများကအကြံပြု၊  မေတ္တာရပ်ခံထားကြောင်းပါ။



 

ဒေါက်တာအောင်
06-04-2020
 
 

Monday, 9 March 2020

ဖုန်းပေါ်က COVID-19


ဖုန်းပေါ်က COVID-19
o    အစာတခုခုစားနေတုန်း ဖုန်းပွတ်ဖူးပါသလား?  လူတိုင်းနီးပါးလုပ်ကြပါတယ်။
o    ဖုန်းကိုင်တဲ့လက်ကိုမဆေးဘဲ အစာကိုကိုင်စားဖူးပါသလား?
o    ဖုန်းကို အိမ်သာထဲယူသွားပြီး ဟိုနားဒီနားခဏတင်ထားဖူးပါသလား?
o    အိမ်သာထဲက ပြန်ယူလာတဲ့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလား? မလုပ်ဘဲ ဆက်သုံးပါသလား?
o    ဘတ်စ်ကားပေါ်မှာ ပိုက်ဆံကိုင်၊ လက်တန်းကိုင်ထားတဲ့လက်နဲ့ဖုန်းပွတ်ဖူးပါသလား?
o    ရုံးမှာ၊ အလုပ်မှာ၊ ဆိုင်မှာ လက်ပေလို့လက်ဆေးပြီး ဖုန်းကိုပြန်ကိုင်တဲ့အခါ လက်ပြန်ပြီးညစ်ပတ်သွားပြီလို့ တွေးဖူးပါသလား?
o    တနေ့ဘယ်နှစ်ခါ လက်ကို သန့်ရှင်းရေးလုပ်ပါသလဲ။
o    တနေ့ကို ဘယ်နှစ်ခါ ဖုန်းကို သန့်ရှင်းရေးလုပ်ပါသလဲ။
o    ဘာနဲ့ ဘယ်လိုသန့်ရှင်းပါသလဲ။
o    ပြသနာက ကျနော်တို့တတွေရဲ့လက်တွေက ပိုးပေါင်းများစွာရှိတဲ့အရာဝတ္ထုမျက်နှာပြင်တွေကို အကြိမ်များစွာထိကိုင်တဲ့ ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးအင်္ဂါဖြစ်နေတာပါ။
o    သုတေသနတွေ့ရှိချက်တွေအရ လက်နဲ့ ဖုန်းတွေကိုသန့်ရှင်းရေးလုပ်ပါတယ်ဆိုသူတွေရဲ့ဖုန်း ၉၂ ရာနှုန်းနဲ့ လက် ၈၂ ရာနှုန်းမှာ ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကို စစ်ဆေးတွေ့ရှိရပါတယ်။
o    ဗြိတိန်က သုတေသနတခုကတော့ သူတို့ဆီက ဖုန်း ၆ လုံးတိုင်းမှာ တလုံးပေါ်မှာ မစင်ထဲမှာပါတဲ့ပိုးတွေ့ရတယ်ဆိုပါတယ်။
o    နောက်သုတေသနကတော့ လူတွေက စမတ်ဖုံးကို ပျမ်းမျှ  တရက်ကို အကြိမ် ၂၆၀၀ လောက်ထိတို့ပါသတဲ့၊
o    အဲဒီလက်တွေနဲ့မျက်နှာကိုတော့ ပျမ်းမှ တနာရီ ( တနာရီ)ကို ၂၃ ကြိမ်လောက်ထိကိုင်ပါသတဲ့ ။



တခါ
o    အခုလို COVID-19    ဗိုင်းရပ်စ် ကမ္ဘာအနှံ့ကိုအလျင်မြန်ပြန့်လာတဲ့အခါ တခုတည်းသောထိရောက်တဲ့ကာကွယ်နည်းက လက်သန့်ရှင်းရေးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
o    ခက်တာကဖုန်းကိုအဲလောက်အကြိမ်များများထိကိုင်တဲ့ လက်ကိုကျနော်တို့ အကြိမ်ဘယ်လောက်များများ သန့်ရှင်းရေးလုပ်နိုင်မှာလည်း
o    ဖုန်းပွတ်ပြီးတိုင်းလက်ကို သန့်ရှင်းရေးမလုပ်နိုင်လျင် ဖုန်းမျက်နှာပြင်ပေါ်က ပိုးတွေသေအောင်သန့်ရှင်းဖို့နည်းလမ်းမရှိတော့ဘူးလား 
o    ဖုန်းတွေရဲ့မျက်နှာပြင်ကိုအရက်ပျံလို ပိုးသတ်ဆေးအရည်တွေနဲ့သန့်ရှင်းရေးလုပ်လျင် ပျက်စီးနိုင်တယ်လို့ စမတ်ဖုန်းထုတ်လုပ်သူတွေက ဆိုပါတယ်။
o    ဖုန်းတွေရဲ့မျက်နှာပြင်ကို သန့်ရှင်းစေချင်လျင် ရေစိုအဝတ် ခပ်ထန့်ထန့်ကလေးကိုသာသုံးပါလို့ အကြံပြုပါတယ်။
o    ခက်တာက အဲလို ရေစိုအဝတ် နဲ့သန့်ရှင်းလို့ကတော့ ဖုန်းပေါ်က ပိုးမွှားတွေ အကုန် မစင်နိုင်ပါ။
o    တခုလုပ်နိုင်တာတော့ရှိပါတယ်။ Finger print unlock  လက်ဗွေနဲ့ ဖုန်းကို သော့မဖွင့်ဘူးဆိုလျင်တော့ ပလတ်စတစ်အိတ်အကြည်ထဲမှာ ဖုန်းကိုထည့်ပြီးသုံးမယ်ဆိုလျင် အပြင်ကအိတ်ကိုဆပ်ပြာနဲ့ရေနဲ့ဆေးလို့ရသလို အရက်ပျံနဲ့သုတ်ပြီးသန့်ရှင်းလို့ရ၊  အသစ်လဲလို့လည်းရတာဖြစ်လို့ အဆင်ပြေမယ်လို့ထင်မိပါတယ်။
o    ပလတ်စတစ်ဆိုတာ မကြာခင်ပွန်းပြီး မြင်ရတာမှုန်ဝါးလာနိုင်လို့ အမြဲစွပ်ထားလျင် မကြာခဏတော့ အသစ်လဲရပါလိမ့်မယ်။
o    အဲလိုမှ မလုပ်လျင်တော့ .....................

ဒေါက်တာအောင်
09-03-20
https://b-wise-2b-healthy.blogspot.com/2020/03/covid-19-o-o-o-o-o-o-o-o-o-o-o-o-o-o-o.html
https://www.ajicjournal.org/article/S0196-6553(14)01281-4/fulltext


Sunday, 8 March 2020

COVID-19 နဲ့ ခရီးသွားခြင်း


 COVID-19 နဲ့ ခရီးသွားခြင်း

တရုပ်ပြည်ပြင်ပမှာ COVID-19  ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုတွေ တရိပ်ရိပ်တက်လာချိန်မှာ လေကြာင်းခရီးသွားသူတွေ ဒီဗိုင်းရပ်စ်ကူးစက်မှာကိုကြောက်ကြမှာကတော့ မေးစရာမလိုပါ၊
ဒီလိုခရီးသွားလျင် ဗိုင်းရပ်စ်က ဘယ်ကဘယ်လိုကူးနိုင်တယ် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကလေး ကို တင်ပြပေးပါမယ်။
ထမဆုံးပြောချင်တာကတော့ ဒီဗိုင်းရပ်ပိုးကူစက်ခံရသူတွေ ကမ္ဘာအနှံ့ကိုလေကြောင်းခရီးကနေ အများစု ပျံ့သွားကြပေမယ့် လေယာဉ်ပေါ်မှာနဲ့လေဆိပ်ထဲမှာ ကူးတာက ရာခိုင်နှုန်း အလွန့်အလွန်နည်းပြီး ဆိုင်ရာနိုင်ငံတွေအတွင်းမှာ သူတို့နဲ့ အနီးကပ်ထိတွေ့သူတွေကို ကူးတာကသာအများစုဖြစ်ပါတယ်။
WHO နဲ့ ICAO လို အဖွဲ့တွေကလည်း လေကြောင်းခရီးတွေမှာကူးစက်ရောဂါမပျံ့ပွားအောင် ကာကွယ်နည်းလမ်းညွှန်၊ နေမကောင်းသူ၊ သံသယရှိသူတွေ့ပါက လုပ်ဆောင်ရန် တို့ကို ထုတ်ပြန်ထားပြီးသားပါ။ 

1.    ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ
2.    ဘယ်လိုကူးမလဲ
3.    ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ
4.    ဘယ်လိုကာကွယ်မလဲ

ဗိုင်းရပ်စ်က ဘယ်သူတွေဆီက ကိုယ့်ဆီကိုရောက်လာနိုင်သလဲ

a.    လေယာဉ်ဝန်ထမ်း
b.    လေယာဉ်ပေါ် အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်
c.       လေဆိပ်မှာ ဆုံတဲ့ ခရီးသည်
d.      လေဆိပ်ဝန်ထမ်းများ နဲ့
e.      လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge  ဝန်ထမ်းများ

ဘယ်လိုကူးမလဲ

f.       ပိုးရှိသူချောင်းဆိုး နှာချေ၊ စကားပြောရာကထွက်လာတဲ့ တံတွေးမှုန်မှာ ပါတဲ့ ပိုးတွေကို တိုက်ရိုက်ရှူမိလို့ ၊
g.    တံတွေးမှုန် ကျတဲ့ နေရာကို ထိကိုင်မိတဲ့ လက် မှာ ကပ်ပါလာပြီး အဲဒီလက်နဲ့ မျက်နှာပါးစပ်၊ မျက်စေ့ အစားသောက် အသုံးအဆောင်တွေကိုကိုင်မိလို့ ( ဒီနည်းနဲ့ကူးတာ အများဆုံးပါ) တွေကိုကိုင်မိလို့ 

ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ

h.    လေယာဉ်ပေါ်မှာ
i.      လေဆိပ်မှာ၊ အသွား + အပြန်
j.      လေဆိပ်က အိမ်အပြန်

ဘယ်လိုကာကွယ်မလဲ

k.     နှာချေ ချောင်းဆိုးသူ၊ နေမကောင်းဘူးလို့ သံသယရှိသူ တွေနဲ့ တမီတာထက်ပိုဝေးဝေးမှာနေပါ။
l.       လူအများထိကိုင်ထားတဲ့ မျက်နှာပြင်တွေကို ထိကိုင်ပြီးတိုင်းလက်ကိုသန့်ရှင်းရေးလုပ်ပါ။

ပိုပြီး အသေးစိပ်လေ့လာကြည့်ရအောင်

၁. ဘယ်သူ့ဆီက ကူးလာနိုင်လဲ

လေယာဉ်ဝန်ထမ်း

·         စာရေးချိန် ၉-၃-၂၀ အထိ  COVID-19 ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်း အရေအတွက်က လက်ချိုးရေလို့ရအောင်နည်းပါတယ်။
·         လေကြောင်းလိုင်းတွေက သူတို့ဝန်ထမ်းတွေကူးစက်မခံရစေဖို့ နဲ့  ကူးစက်ခံရသူဝန်ထမ်းရှိပါက သူတို့မှ တဆင့်ဆက်မပျံ့စေဖို့ တင်းကြပ်တဲ့စည်းကမ်းတွေ ချမှတ်ကျင့်သုံးကြလို့  ဗိုင်းရပ်စ်ကူးခံရတဲ့ လေယာဉ်ဝန်ထမ်းထံမှ ခရီးသည်ကို ကူးစက်ခံရဖို့ အခွင့်လမ်းက မရှိသလောက်နည်းပါတယ်။

 လေယာဉ်ပေါ် အတူပါခရီးသည်/ မိမိခုံနဲ့ကပ်လျက်ခရီးသည်


·         ခရီးစဉ်ပေါ်တည်ပြီး  ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ မိမိနဲ့ လေယာဉ်တစီးထဲမှာ ပါလာနိုင်ပါတယ်။  ခရီးအနီးအဝေးကိုလိုက်ပြီး သူတို့ထံကပိုးတွေ အနားကခရီးသည်တွေကို ပျံ့နှံ့ကူးစက်နိုင်ခြေကွာခြားပါတယ်။ ပျံသန်းချိန်ကြာလေ အခွင့်လမ်းများလေပါ။
·         ဒါပေမယ့် လေကြောင်းလိုင်းတွေက  ခရီးသည်တွေ ချက်အင်လုပ်ကတည်းက ခရီးသွားခဲ့တဲ့ မှတ်တမ်း နဲ့ ရောဂါလက္ခဏာတွေရှိမရှိမေးပြီး စိစစ်လို့ လေယာဉ်ပေါ်မှာ ဗိုင်းရပ်စ် ပျံ့စေနိုင်သူပါလာနိုင်ခြေအတော်နည်းပါတယ်။  ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ပါလာနိုင်ပေမယ့် သူတို့က ဆက်လက် ကူးစက်နိုင်တဲ့အဆင့် မရောက်သေးသူတွေ ဖြစ်ဖို့ပိုများပါတယ်။
·         သူတို့က ပါးစပ်၊ နှခေါင်းကိုမပိတ်ဘဲ နှာချေချောင်းဆိုးလို့ ကိုယ်က ပိုးပါတဲ့တံတွေးမှုန်ကိုတို က်ရိုက်ရှူမိလျင်၊ မိမိအစားအသောက်ပေါ်ကိုကျလျင်၊ ကူးစက်နိုင်တယ်ဆိုပေမယ့် အနားကပ်ထိုင်သူမဟုတ်လျင် ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။

လေဆိပ်မှာ ဆုံတဲ့ ခရီးသည်

·         သူတို့နဲ့ တွေ့ကြချိန်တွေမှာ သိပ်နီးနီးကပ်ကပ်မရှိလို့  သူတို့ဆီကကူးဖို့ အလွန်နည်းပါတယ်။
·         သူတို့ထိကိုင်ထားတဲ့ပစ္စည်း (သို့) မျက်နှာပြင်တွေကနေတော့ကူးစက်နိုင်ပါတယ်။

လေဆိပ်ဝန်ထမ်းများ နဲ့လေဆိပ်က ဂျူတီဖရီးဆိုင်၊ စားသောက်ဆိုင် နဲ့ lounge  ဝန်ထမ်းများ

·         သူတို့ကို လည်း ကျန်းမာရေး စစ်ဆေးပြီး ရောဂါလက္ခဏာမရှိမှ အလုပ်ဆင်းရလို့ ပိုးကူးစက်ခံထားရသူ မရှိသလောက်နည်းမှာပါ။


. ယ်နေရာတွေက နေ ဘယ်လိုကူးနိုင်သလဲ

လေယာဉ်ပေါ်မှာ

·         ထိုင်ခုံလက်တင်တန်း၊ တီဗွီ  touch screen၊ ခေါက်စားပွဲ၊  မီးခလုပ်၊ အဲယားကွန်း ဖွင့်ပိတ်၊ ခရီးဆောင်အိတ်ထည့်တဲ့ အကန့် တံခါးခလုပ် စသည်
·         လေယာဉ်အိမ်သာတံခါး လက်ကိုင်၊ အိမ်သာ ရေဆွဲခလုပ်၊ လက်ဆေးခွက် ဘုံပိုင်
တစ်သျူး (သို့) အဆင်းစက္ကူဗူးနှုတ်ခမ်းဝတွေကိုလက်နဲ့ ထိကိုင်ကြလို့  အဲဒီနေရာတွေကတဆင့်ကူးနိုင်ပေမယ့် အိမ်သာသွားပြီးလူတိုင်းလက်ဆေးလို့ ပြသနာမရှိလှပါ။
·         အစားအသောက် ဗန်း၊ ခွက်၊ စတာတွေကတော့ တယောက်စာသီးသန့်ဖြစ်လို့ ကူးနိုင်စရာမရှိပါ။ ( ချွင်းချက် လေယာဉ်ဝန်ထမ်း (သို့) အစားအသောက် လှည်းနဲ့ ပစ္စည်းတွေ ပြင်ဆင်ပေးတဲ့ ဝန်ထမ်းမှာရောဂါပိုးရှိလျင်တော့ ပိုးတွေပါလာနိုင်ခြေရှိပါတယ်၊ )

လေဆိပ်မှာ

·         ချက်အင်ကောင်တာ
o   ကောင်တာစားပွဲမျက်နှာပြင်
·         အင်မီဂရေးရှင်း  ကောင်တာ  (  Passport control)
o    ကောင်တာစားပွဲမျက်နှာပြင်
o   လက်ဗွေနှိပ်မှန်သားပြင်
·         ပစ္စည်းတင်လှည်း
·         လေဆိပ်အိမ်သာ
·         စားသောက်ဆိုင်
·         လေဆိပ်ထိုင်ခုံနဲ့ လက်တင်တန်းများ
·         စက်လှေကားလက်တန်း
·         ဓါတ်လှေကားခလုပ်များနဲ့လက်ကိုင်တန်း
·         အများသုံးဖို့ပေးထားတဲ့ကွန်ပြူတာစားပွဲမျက်နှာပြင်၊ ကီးဘုတ်နဲ့ မောက်စ်၊ အားသွင်းမီးခလုပ်၊
·         ဓါတ်မှန်စက်ထဲ ပစ္စည်းထည့်တဲ့ ပလတ်စတစ်ဗန်းများ


လေဆိပ်ပြင်ပမှာ

a.    အငှားကား၊ ဘတ်စ်ကား၊ ရထား
နေရာတိုင်းမှာ
·         ဘယ်နေရာမှာ မဆိုကိုယ်အနဲ့ အတူအမြဲပါလာပြီး ပိုးတွေကပ်နေနိုင်တာကတော့ မိုဘိုင်းဖုန်းဆိုတာကိုလုံးဝမမေ့ပါနဲ့။

ဘောပင်ကိုလည်းသုံးပြီးတိုင်းပြန်သန့်ရှင်းပါ 

၃. ဘယ်လိုကာကွယ်မလဲ
o   တစ်သျှူးစက္ကူလုံလောက်အောင်ဆောင်ထားပါ။
o   အရက်ပျံလက်ဆေးရည် ( ၁၀၀ စီစီထက်မပိုတဲ့ပုလင်း) ကို ဇစ်ပိတ် ပလတ်စတစ်အိတ်နဲ့ ဆောင်ထားပါ။ တစ်သျှူးအစိုကိုအရက်ပျံစိမ်ထားလျင်တော့သုံးရတာပိုလွယ်ပါတယ်။
o   အဲဒီပုလင်း ကို အိတ်ထဲကထုတ်ထားပြီး အလွယ်တကူထုတ်သုံးလို့ရအောင်ထားပါ။ မိမိရှေ့ခုံနောက်ကျောက ရှုံ့အိတ်ထဲထည့်ထားလို့ရပါတယ်။
o   သုံးပြီးသားတစ်သျှူးကို အလွယ်တကူပစ်လို့ရအောင်၊ ပေးထားတဲ့ အံဖတ် အိတ်ကို ဖွင့်ပြီး  အဆင်သင့်ထားပါ။
o   မိမိဘေးကခရီးသည်က မကြာမကြာချောင်းဆိုးပါက ပါးစပ်အုပ်ဖို့ တစ်သျှူးများများထုတ်ပေးလိုက်ပါ။ လေယာဉ်ဝန်ထမ်းကို သူချောင်းမကြာမကြာဆိုးနေကြောင်း အကြောင်းကြားပြီး နေရာလဲခိုင်းပါ။
o   လက်သန့်ဆေးပုလင်း၊ တစ်သျှူးဗူးကိုထုတ်တဲ့အခါ ပုလင်းနဲ့ ထည့်ထားတဲ့ အိတ်ကို မသန့်တဲ့ လက်နဲ့ကိုင်မိပြီဆိုတာမမေ့ပါနဲ့ ၊ အဲဒီပုလင်းနဲ့ အိတ်တွေကိုပါအရက်ပျံနဲ့ သန့်စင်ပါ။
o   မိုဘိုင်းဖုန်းကို လက်ကိုင်ပုဝါလိုမျက်နှာနဲ့ထိမယ့်အရာတွေနဲ့ အတူမထားပါနဲ့
o   အရက်ပျံလိုပိုးသတ်ဆေးရည်တွေက ဖုန်းမျက်နှာပြင်ကို ထိခိုက်စေလို့ ဖုန်းကိုသန့်ရှင်းရေးလုပ်လျင် ခပ်ထိုင်းထိုင်းရေစိုအဝတ်ကိုသာသုံးပါလို့ထုတ်လုပ်သူတွေကဆိုကြပါတယ်။
o   ဒီတော့ ဖုန်းကိုင်ပြီးတာနဲ့ လက်ကိုသန့်ရှင်းရေးလုပ်ဖို့သာရှိပါတယ်။
o    ဒါမှမဟုတ် ဖုန်းကိုပလတ်စတစ်အိတ်ပါးပါးထဲထည့်ပြီးသုံးလျင်တော့ အပြင်ကအိတ်ကို အရက်ပျံနဲ့ သန့်ရှင်းလို့ရသလို အသစ်လဲလို့  ဆေးလို့လည်းရပါတယ်။  အဲလိုစ္ပပ်ထားလျင် လက်ဗွေနဲ့တော့ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။ 
o   တကယ်တွေးကြည့်တော့  မိမိလက်နဲ့ ထိကိုင်မိတဲ့ အရာအားလုံးကနေ ကူးနိုင်တာဖြစ်လို့  မိမိလက်ကို မကြာဃဏဆေးပါ  (သို့) အရက်ပျံနဲ့ သုတ်လိမ်းသန့်စင်ပါ၊
o   မိမိမျက်နှာ၊ ပါးစပ် ၊ နှခေါင်းတွေကို မထိမကိုင်မိအောင်သတိထားပါ၊ ထိကိုင်မယ်ဆို လက်ကိုအရင်သန့်ရှင်းရေးလုပ်ပါ။
   WHO  ကတင်ထားတဲ့ ဗွီဒီယိုကလေးပါတင်ပေးထားပါတယ်။ 
Cruise ship တွေနဲ့ သွားတဲ့အခါမှာတော့ ခရီးသည်အများကြီးနဲ့ အတူဆုံ အတူစားကြတာများပြီး အတူခရီးသွားချိန်ကလည်းညအိပ်ခရီးတွေဖြစ်လို့ လေကြောင်းခရီးသွားတာထက်ပိုပြီးကူးစက်နိုင်ခြေများပါတယ်။ 

ဒေါက်တာအောင် 
09-03-2020