Tuesday, 10 August 2021

💉 ကိုဗစ် ကာကွယ်ဆေး နဲ့ ❓ နားလည်မှုလွဲနေတဲ့ 🧫 Vero Cell

💉 ကိုဗစ် ကာကွယ်ဆေး နဲ့ ❓ နားလည်မှုလွဲနေတဲ့  🧫 Vero Cell

ကိုဗစ်ကာကွယ်ဆေးတချို့မှာ  Vero Cell ဆိုတဲ့စာတန်းကလေးပါပါတယ်၊

ဒါကို နားလည်မှုလွဲပြီး   Vero Cell   ဆိုတဲ့စာပါလျင် ဘာဆေးပါလို့ အမှတ်မှားကြတာတွေ့လို့ နည်းနည်းရေးပါရစေ။ 

တချို့ ဆရာဝန်တွေကိုယ်တိုင် Sinopharm ဆေးမှာ  Vero Cell လို့ရေးထားလျင်  Wuhan ဆေးလို့ထင်နေကြ၊ ပြောနေကြလို့ပါ။ 


Sinopharm ကထုတ်တဲ့ကာကွယ် ဆေးမှာ  WHO  ကမေလ ၇ ရက်နေ့က အရေးပေါ်အခြေအနေမှာ အသုံးပြုခွင့်ပေးလိုက်တဲ့ Sinopharm (Beijing): BBIBP-CorV နဲ့ WHO  ကအသုံးပြုခွင့်အတွက်သုတေသနေရလာဒ်တွေကိုစိစစ်ဆဲ Sinopharm (Wuhan): Inactivated (Vero Cells)/ Sinopharm WIBP ဆိုပြီးရှိပါတယ်.   

covid19.trackvaccines.org ဝဘ်ဆိုဒ်မှာ အဲဒီဆေး ၂ခုကို Sinopharm (Beijing) BBIBP-CorV နဲ့ Sinopharm (Wuhan) Inactivated (Vero Cells) လို့ဖေါ်ပြထားတော့လူအများစုက Beijing ဆေးဆို BBIBP-CorV၊  Sinopharm (Wuhan) ဆေးက (Vero Cells) လို့အမှတ်မှားသွားတာပါ။ ❌

အမှတ်မှားကြတဲ့ Sinopharm  ဆေးနှစ်မျိုး

WHO က Sinopharm Beijing ဆေးကို အတည်ပြုပြီးထုတ်ပြန်တဲ့ ဒီစာထဲမှာလည်း ဒီဆေးကို (Vero Cell) Inactivated လို့ဖေါ်ပြပါတယ်။ 


✅ အမှန်တကယ်မှာတော့ Sinopharm (Beijing) BBIBP-CorV ဆိုတာလည်း  Inactivated (Vero Cells)  ဆေးအမျိုးစားပဲဖြစ်ပြီး တချို့ ဆေးဗူးတွေမှာ 

COVID-19 Vaccine  (Vero Cell), Inactivated (သို့မဟုတ်), SARS COV-2 Vaccine (Vero Cell)  စသည်ဖြင့် ရေးထားတတ်ပါတယ်။ ဆေးတွေကို တယောက်စာ အဆင်သင့်ထိုး၊ နှစ်ယောက်စာပုလင်းနဲ့ ၁၀ ယောာက်စာပုလင်းစသည်ဖြင့်ထုတ်ပြီး ဈေးကွက်အလိုက် ဆေးဗူးတွေမှာ စာရိုက်တာကွဲပြားနိုင်ပါတယ်။ 


Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး

Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး
Beijing Institute of Biological Products Co.  Ltd ကထုတ်ပြီး (Vero Cell) ဆိုတဲ့ စာတန်းပါ  Sinopharm (Beijing) BBIBP-CorV  ဆေး



Sinopharm (Beijing) BBIBP-CorV  မှမဟုတ်၊ Sinovac, Covaxin စတဲ့ဆေးတွေကလည်း Inactivated (Vero Cells)  ဆေးအမျိုးစားတွေပါပဲ။ 


🤔 ဒါဖြင့် Inactivated (Vero Cells) ဆိုတာဘာလဲ။ 

အချုပ်အားဖြင့်တော့ Vero Cells ဆိုတဲ့ ဗိုင်းရပ်စ်မွေးတဲ့ ပိုးမွေးပတ်ဝန်းကျင်မှာမွေးလို့ရလာတဲ့ကိုဗစ်ဖြစ်စေတဲ့ SARS COV-2 ဗိုင်းရပ်ကို ဓါတုဆေးသုံးပြီး သေသွားအောင်၊ ဆက်မပွားနိုင် ၊ ရောဂါမပေးနိုင်အောင် လုပ်ထားတဲ့ Inactivated ကာကွယ်ဆေး လို့ဆိုလိုတာပါ။ 

Vero Cell
Normal African Green Monkey Kidney Epithelial Cells (Vero)
(https://www.olympus-lifescience.com/en/microscope-resource/primer/techniques/fluorescence/gallery/cells/vero/verosb1/)


ပြန်ရှင်းရလျင်

💉 ကာကွယ်ဆေး ဆိုတာ 

( Active immunization)  ကာကွယ်ဆေးထိုးတယ်ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်၊ ဘက်တီးရီးယား စတဲ့ပိုးမွှား တခုခုကို ရောဂါမပေးနိုင်အောင် ပြပြင်ပြီးဖြစ်စေ သူ့ကို လူ့ကိုယ်ခံအားကမှတ်မိစေနိုင်တဲ့ အစိပ်အပိုင်းတခုကိုထုတ်ပြီးဖြစ်စေ လူ့ခန္ဓာကိုယ်ထဲ ကို ထည့်ပေးပြီး ကိုယ်ခံအားစနစ်ကို  "ကဲ ဒီဟာကလေးကိုမှတ်ထား၊ နောင်ကို ဘာပဲကိုယ်ထဲ ကိုဝင်လာဝင်လာ ဒါကလေးပါလာလျင် ကိုယ်ကဉီးအောင်သာတွယ်။ အဲဒါကလေးပါသမျှ အကုန်ဖျက်ဆီးပစ်ပါ" လို့လေ့ကျင့်သင်ကြားပေးလိုက်တာပါ။ 


🛡️ ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုး

 ကိုဗစ်ကာကွယ်ဆေးမှာ အခုထိ  လူမှာစတင်စမ်းသပ်နေတဲ့  Phase I ကနေ အရေးပေါ်အခြေအနေမှာ သုံးခွင့်ပြုထားတဲ့ အထိအဆင့်ထိရှိတဲ့ ဆေး ၁၀၉ မျိုးရှိပါတယ်။ (Cov19VaxKB Statistics) 


4️⃣  အဲဒီဆေးတွေကို အုပ်စုခွဲလျင် အဓိကအားဖြင့် လေးမျိုးရှိပါတယ်။ 

၁။ Inactivated or weakened virus vaccines, ဗိုင်းရပ်စ်တကောင်လုံးကို သုံးထားတဲ့ဆေး ( အသေ  Killed / inactivated ( ဥပမာ Sinopharm, Covixin)  နဲ့ ရောဂါမပေးနိုင်အောင် ချိနဲ့ထားစေတဲ့ပိုးအရှင်  live attentiated ( COVI-VAC)) 

၂၊  Protein-based vaccines, ဗိုင်းရပ်စ်ပါလို့ သိသာစေတဲ့ပရိုတိန်း (သို့) သူ့ရဲ့ အစိပ်အပိုင်းတခုကိုပဲယူပြီးသုံးတဲ့ဆေး (ဥပမာ  Novavax, Sanofi & GSK) 

၃။ Viral vector vaccines, လူကို အန္တရာယ်မပေးတဲ့ ဗိုင်းရပ်စ်တခုကိုသုံးပြီး ကိုဗစ်ဖြစ်စေတဲ့ ပိုးရဲ့အစိပ်အပိုင်းကိုသယ်ဆောင်စေကာထိုးပေးတဲ့နည်း (ဥပမာ  Covishield, J&J,  Spunik V)) 

၄။ RNA and DNA vaccines၊  နောက်ဆုံးပေါ် နည်းသုံးပြီး ဗိုင်းရပ်စ်ရဲ့ RNA or DNA ကို ဗီဇ အင်ဂျင်နီယာနည်းနဲ့ထုတ်ပြီး ထိုးပေးတဲ့နည်း ( Pfizeer, Moderna) 


1️⃣  နံပတ် (၁) inactivated or weakened virus vaccine အုပ်စုကိုထုတ်လုပ်နည်းကတော့ သုံးနေတာကြာပြီဖြစ်တဲ့ နည်းပါ။ ပိုလည်းရိုးရှင်းတယ်ဆိုနိုင်ပါတယ်။ 

ဒီနည်းသုံးပြီး ကာကွယ်ဆေးထုတ်ဖို့   COVID-19  ဖြစ်စေတဲ့ SARS  COV2 ဗိုင်းရပ်စ် သန်းပေါင်းများစွာကိုဓါတ်ခွဲခန်းထဲမှာမွေးရပါတယ်။ မွေးတဲ့အခါ သက်ရှိဆဲလ်တွေကိုသုံးပါတယ်။ 

🐑 🐣 🧫 အရင်ကတော့ တိရိစ္ဆာန်အရှင်တွေထဲပိုးကိုထိုးထည့်ပြီးပွားစေပါတယ်၊ ( ဥပမာဘီပီအိုင် ခွေးရူးကာကွယ်ဆေး)၊ နောက်တော့ တိရိစ္ဆာန်အရှင်ကိုမသုံးတော့ဘဲ ကြက်ဥလို အကောင်မဖြစ်သေးတဲ့ဆဲလ်မှာ (တုပ်ကွေးကာကွယ်ဆေး)စသည်ဖြင့် မျိုးစုံသုံးပါတယ်။  

🧫🧫 Vero Cell ဆိုတာ

အခုနောက်ပိုင်းမှာတော့ တောင်အာဖရိက မျောက်စိမ်း တမျိုးရဲ့ကျောက်ကပ်အမြှေးပါး ဆဲကိုသုံးပြီး ဓါတ်ခွဲခန်းထဲမှာ ဗိုင်းရပ်စ်မွေးတာကိုပိုအသုံးများလာပါတယ်။ အဲဒီသုံးတဲ့ ဆဲလ်ကို  👉 Vero Cell လို့ခေါ်ပါတယ်။ ရလာတဲ့ ဗိုင်းရပ်စ်ကို တနည်းနည်းနဲ့သတ်မယ် (သို့) ချိနဲ့အောင်လုပ်ပြီး၊  ကိုယ်ခံအားကို လှုံ့ဆော်ဖို့ Adjuvant  ခေါ်ဓါတုပစ္စည်းတခုခုနဲ့  ပေါင်းကာ ကာကွယ်ဆေးဆိုပြီးထုတ်ပါတယ်။ 

🧫🧫 Vero Cell  မှာ ဗိုင်းရပ်စ်မွေးပြီး ကာကွယ်ဆေးထုတ်တာ ဒီကိုဗစ်အတွက်ကျမှမဟုတ်ပါ။ 

Vero cell platform in vaccine production: ဆိုတဲ့စာတန်းမှာ  Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုးကိုဖေါ်ပြထားပါတယ်။ 

Vero Cell မှာ မွေးတဲ့ ဗိုင်းရပ်စ်ကိုသုံးတဲ့ ကာကွယ်ဆေး မျိုးစုံ ၁၅ မျိုး

 Vero Cell  မှာ ဗိုင်းရပ်စ်မွေးတာကတော့ ကာကွယ်ဆေးထုတ်တာတခုတည်းအတွက်မဟုတ်ပါ။ ဆေးအသစ်တွေ စမ်းသပ်တဲ့အခါ အဲဒီဆေးတွေက ဒီပိုးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်စွမ်းရှိတယ်ဆိုတာကို လူတွေမှာ မစမ်းသပ်မီ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့လည်းသုံးပါတယ်။ 

လောလောဆယ် လူစိတ်ဝင်စားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ 

အရေးပေါ်အခြေနေမှာသုံးခွင့်ရတားတဲ့ Inactivated or “killed” vaccine  ဆေးတွေကတော့ 

(၁) BBIBP-CorV ခေါ်် Sinoharm Beijing ( အရေးပေါ်အခြေနေမှာသုံးခွင့် 59 နိုင်ငံ +  WHO) 

(၂)  CoronaVac ခေါ်  Sinovac (အရေးပေါ်အခြေနေမှာသုံးခွင့် 39 နိုင်ငံ +  WHO)

(၃) COVAXIN Other names: BBV152 (အရေးပေါ်အခြေနေမှာသုံးခွင့် 9 နိုင်ငံ)

(၄) QazVac Other names: QazCovid-in (အရေးပေါ်အခြေနေမှာသုံးခွင့်: Kazakhstan) 

(၅) CoviVac/ KoviVac (အရေးပေါ်အခြေနေမှာသုံးခွင့်: Russia)

(၆) WIBP-CorV ခေါ်် Sinopharm  Wuhan (အရေးပေါ်အခြေနေမှာသုံးခွင့်: China, United Arab Emirates)

(၇) KCONVAC (အရေးပေါ်အခြေနေမှာသုံးခွင့်: China)

(၈) COVIran Barekat (အရေးပေါ်အခြေနေမှာသုံးခွင့်: အီရန်)

အဲဒီဆေးရှစ်မျိုးထဲမှာ Kazakhstan နဲ့ အီရန် နိုင်ငံကဆေးနှစ်မျိုးမှာတော့ ဘယ်လို ပိုးမွေးတဲ့မီဒီယာကိုသုံးတယ်လို့ဖေါ်ပြမထားပေမယ့် ကျန်ဆေး ၆ မျိုးလုံးကတော့ သုံးမည့်ဗိုင်းရပ်စ်ကို  Vero Cell မှာမွေးပြီးဓါတုဆေးသုံးပြီး Inactivate လုပ်ကာ ကာကွယ်ဆေးထုတ်ပါတယ်။ 


WHO ကအတည်ပြုပြီး သို့မဟုတ် အတည်ပြုရန် စိစစ်ဆဲကာကွယ်ဆေးများထဲမှ  (Vero Cell) Inactivated  နည်းသုံ ဆေးများ

ဒီတော့ လောလောဆယ် နိုင်ငံတချို့မှာ အသုံးပြုခွင့်ရထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ  

(၁) Sinopharminopharm Beijing (၂) Sinopharm  Wuhan (၃)  Sinovac (၄)  COVAXIN (၅) CoviVac/ KoviVac  (၆) KCONVAC ဆေးတွေမှာ (Vero Cell), Inactivated ဆိုတဲ့ စာတန်းမျိုးတွေ့ကောင်းတွေ့နိုင်ပါတယ်။ 

(Vero Cell), ဆိုတဲ့စာတန်းပါလို ဘာကာကွယ်ဆေးလို့ပြောလို့မရဘဲ ဘယ်နည်းသုံးပြီး ပိုးမွေးထားတယ်ဆိုတာကိုဖေါ်ပြထားတာသာဖြစ်ပါတယ်။ 

ဒေါက်တာအောင်
11-08-2021
https://b-wise-2b-healthy.blogspot.com/2021/08/vero-cell.html


ကိုးကား




Friday, 23 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၄။ Ventolin ဆေးနဲ့ ကျောကို အပူပေးခြင်း

 

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၄။ ကိုဗစ်လူနာမှာ Ventolin ဆေးသုံးခြင်းနဲ့  နောက်ကြောကို အပူပေးခြင်း 


ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ဒေါက်တာ တင်မာထွန်းNY, USA ရဲ့မျှဝေအကြံပေးချက်လေးပါ ......

အောက်စီဂျင်က လေထဲမှာ ရပါတယ် ၊အကြောင်းရင်းကcovid ကြောင့်  လေပြွန်ကျဉ်းသွားလို့ ဖြစ်တဲ့ အသက်ရှုမရကြပ်နေရတဲ့ ဘ၀ခဏ မှာ အောက်ဆီဂျင် အိုးလိုက်ရှုလို့လဲမရဘူး၊လေပြွန်ဖွင့်ရပါမယ်၊ အောက်စီဂျင်မရလို့ ဆိုပြီးစိတ်ဆိုးစိတ်ညစ်နေမဲ့အစား လေပြွန်ကျယ်စေတဲ့ဆေး Albuterol ( Ventolin ) ဆောင်ထားစေလို ၊ထိုဆေးများသုံးရုံနှင့် အောက်ဆီဂျင်မရဘဲ အသက်ရှင်နိုင်ပါတယ် ၊ ကိုယ်တွေ့ဖြစ်ခဲ့ဖူးလို့ပါ ......

နောက်တခုက Hair driver ကို အဆုတ်ရှိရာ နောက်ကျောတလျောက် လေပြွန်လမ်းတလျောက် အပူမှုတ်ပေးပါ လေပြွန်ကျယ်လာပါတယ်

မေတ္တာဖြင့် 

ဒေါက်တာတင်မာထွန်း NY USAါ။





သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 

ရှင်းလင်းချက် 

(က) Ventolin ဆေးသုံးခြင်း

၁.အသက်ရှူခြင်း

အသက်ရှူတဲ့အခါ နှာခေါင်းကဝင်လာတဲ့ လေက လေပြွန်ကတဆင့်အဆုတ်ထဲကိုရောက်ပြီး လေပြွန်အဆုံးက လေအိတ်ထဲမှာ ပါလာတဲ့အောက်ဆီဂျင်ကိုသွေးကြောထဲကသွေးထဲကိုပေးပြီး သွေးထဲကကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလေထဲပြန်ထုတ်ပါတယ်။ 

၂. အသက်ရှူမဝခြင်း၊ အောက်ဆီဂျင်ကျခြင်း၊ 
  • ရှူသွင်းတဲ့လေထဲမှာ အောက်ဆီဂျင်နည်းခြင်း  ဥပမာလှိုင်ဂူ၊ အလုံပိတ်အခန်း
  • အသက်ရှူအားနည်းလို့၊ နှာခေါင်းပိတ်လို့ ဝင်လာတဲ့လေမလုံလောက်
  • လေပြွန်ကျဉ်းလို့ ၊ ပိတ်လို့ အဆုတ်ထဲကိုလေအရောက်နည်း
  • လေအိတ်များပျက်ဆီး၊ အလုပ်မလုပ် 
စတာတွေကြောင့် သွေးထဲကအောက်ဆီဂျင်ကျပြီး အသက်ရှူမဝဖြစ်ပါတယ်။ 

၃။ ကိုဗစ်ဖြစ်တဲ့အခါ ဘာလို့အောက်ဆီဂျင်ကျလဲ
ကိုဗစ်ဗိုင်းရပ်စ်နဲ့ကိုယ်ခံအားရဲ့တိုက်ခိုက်မှုကြောင့် Alveoli  ဆိုတဲ့ အဆုတ်လေအိတ်ကလေးတွေ ပျက်စီးပါတယ်။ လေအိတ်နဲ့ အနားကတစ်သျှူးတွေရောင်ယမ်းပြီးထွက်လာတဲ့အရည်တွေက လေအိတ်တွေထဲပြည့်ကာ ကျောက်ကျောတွေလိုခဲပါတယ်။
ကိုဗစ်နမိုးနီးယားမှာ လေပြွန်တွေကျဉ်းသွားတာမျိုးမရှိပါ။ 
ဒါကြောင့် လေပြွန်တွေမကျဉ်းလို့ ရှူသွင်းတဲ့လေက လေအိတ်အထိ လုံလုံလောက်လောက်ရောက်လာပေမယ့် အဲဒီလေထဲက အောက်ဆီဂျင်ကို သွေးထဲကိုသယ်ပေးမယ့် လေအိတ်တွေထဲဝင်လို့မရ၊ လေအိတ်ဆဲလ်တွေအလုပ်မလုပ်တော့ပါ။ ဒါကြောင့်ခန္ဓာထဲမှာ အောက်ဆီဂျင်ကျပါတယ်။ 
အလုပ်လုပ်လုပ်တဲ့လေအိတ်တွေရှိနေတဲ့ အဆုတ်ရဲ့ တချို့နေရာတွေမှာပဲ အောက်ဆီဂျင်ကိုယူလို့ရပါတယ်၊ ဒါကြောင့် ဝင်လာတဲ့ လေထဲ အောက်ဆီဂျင် ၂၁ ရာနှုန်းအစား ၉၀- ၁၀၀ ရာနှုန်းပေးခြင်းဖြင့် အလုပ်လုပ်နေသေးတဲ့ လေအိတ်တွေကနေ အောက်ဆီဂျင်ကိုများနိုင်သမျှများများရအောင် လုပ်ပေးတာပါ။ ခန္ဓာကို ဘေးစောင်းပေး ထိုင်ပေး၊ မှောက်ပေးခြင်းဖြင့် အရည့်ပြည့်နေတဲ့ လေအိတ်တွေပိနေတဲ့ ဧရိယာကျဉ်းသွားပြီး လေဝင်လို့ရတဲ့ဧရိယာများလာလို့ အောက်ဆီဂျင်နည်းနည်းပြန်တက်ပါတယ်။ 




'ပန်းနာရင်ကြပ်ရောဂါကတော့ လေပြွန်တွေကျဉ်းသွားလို့  လေထဲကအောက်ဆီဂျင်ကို သွေးထဲစုပ်ယူပေးမယ့်  Alveoli  ဆိုတဲ့ အဆုတ်လေအိတ်ကလေးတွေထဲကို လေလုံလုံလောက်လောက် မရောက်တာပါ.၊ 
ဒါကြောင့် ပန်းနားရင်ကြပ်မှာ လေပြွန်ကလေးတွေကိုပြန်ကျယ်လာအောင် ဆေးပေးပါတယ်။ အချွဲတွေပိတ်နေလျင် ရှင်းပေးဖို့ အချွဲပျော်ဆေးပေး၊ ရေနွေးငွေ့ရှူစေပါတယ်။ 
ကိုဗစ်နဲ့ ပန်းနာရင်ကြပ် အောက်ဆီဂျင်ကျစေတဲ့ သဘာဝနှစ်ခုက လုံးဝကွဲပြားပါတယ်။ 

၄ ။ ventolin (Salbutamol) Albuterol   ဆေးတွေက ဘယ်နေရာမှာ ဘာလုပ်ပေးလဲ။
အဲဒီဆေးတွေက အထက်ကပြောတဲ့ ပန်းနာရင်ကြပ်မှာကျဉ်းနေတဲ့လေပြွန်နံရံကြွက်သားတွေကိုပျော့ပြောင်းစေလို့ ကျဉ်းနေတဲ့လေပြွန်တွေ ပြန်ကျယ်ပြီးလေဝင်လေထွက်ပြန်အောင်အောင်လုပ်တာပါ၊ ကြွက်သားမရှိတဲ့ လေအိတ်ငယ်တွေအပေါ်မှာ ဘာအာနိသင်မှမရှိပါ။ 

Ventolin  ဆေး အလုပ်လုပ်သောနေရာနှင့် ကိုဗစ်နမိုးနီးယားထိခိုက်သောနေရာခြားနားပုံပြ

၅။ ventolin (Salbutamol) Albuterol   ဆေးတွေက ကိုဗစ်မှာ အသုံးတည့်မလား 
ကိုဗစ်နမိုးနီးယားမှာ  ventolin (Salbutamol) Albuterol ဆေးတွေအလုပ်လုပ်တဲ့လေပြွန်တွေကျဉ်းသွားတာမျိုးမရှိဘဲ ပျက်စီးတဲ့  Alveoli  လေအိတ်တွေအပေါ်လည်းအဲဒီဆေးတွေက ဘာသက်ရောက်မှုမှမရှိပါ။ 
ဒါကြောင့် ventolin (Salbutamol) Albuterol ဆေးတွေကို ကိုဗစ်လူနာမှာ ပေးခြင်းက အနာနဲ့ဆေး လွဲနေပါတယ်။ မသုံးသင့်ပါ။ 
Guidelines တွေမှာလည်း ကိုဗစ်ကိုကုဖို့ Ventolin  ပေးနိုင်တယ်ဆိုတာ လုံးဝမပါပါ။ 

တခုတော့ရှိပါတယ်။ နဂိုကတည်းက ပန်းနာရင်ကြပ်ရှိသူတွေ ကိုဗစ်ဖြစ်လျင်တော့ သုံးနေကျ ventolin (Salbutamol) Albuterol ဆေးတွေကိုဆက်သုံးနိုင်ပါတယ်။ 

၆။ ventolin (Salbutamol) Albuterol   ဆေးတွေကို မလိုဘဲသုံးလျင် ဘေးဖြစ်နိုင်သလား

အဲဒီဆေးတွေက နှလုံးခုန်မြန်စေပါတယ်။ လူကိုလည်း စိတ်လှုပ်ရှားပြီး နေမထိထိုင်မသာဖြစ်စေ၊ ခေါင်းကိုက်စေပါတယ်၊  အထူးသဖြင့်သောက်ဆေးထိုးဆေးတွေဆို နှလုံးခုန်မြန်ပြီး အသက်ရှူမဝသလိုခံစားရစေနိုင်ပါတယ်။ 


(ခ) နောက်ကြောကုန်းကို အပူပေးခြင်း 

လေပြွန်တွေကျယ်လာဖို့ အပူပေးပါဆိုတဲ့အယူအဆကတော့ အစကတည်းကမှားပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်မှာ လေပြွန်ကျဉ်းတာမဟုတ်လို့ပါ။ 
တချို့ကတော့ အဆုတ်လေအိတ်ထဲက ပိတ်နေတဲ့အရည်တွေပျော်အောင်အပူပေးတယ်ဆိုပါတယ်။ 

အဲဒီတော့ နောက်ကြောကိုအပူပေးလျင် အပူကအထဲရောက်မလားဆိုတာတချက်ကြည့်ရအောင် 

နောက်ကျောမှာ အဆုတ်နဲ့ ရေနွေးအိတ် (သို့) လေပူမှုတ်  Hair Dryer အကြားမှာ  
  1. အရေပြား၊ 
  2. အရေပြားအောက်ကအဆီ ( လူအပိန်အဝပေါ်တည်လို့ တစ်လက်မကျော်ထူနိုင်ပါတယ်) 
  3. ကြွက်သား 
  4. နံရိုး
  5. အဆုတ်အမြှေးပါး 
စတာတွေ အားလုံးပေါင်းလျင် ပိန်တဲ့လူဆို အနည်းဆုံး တစ်လက်မ၊ ဝတဲ့လူ နှစ်လက်မ၊ သုံးလက်မလောက်ထူပါတယ်။ 
ဒါတောင် အဆုတ်ရဲ့အပြင်ဆုံးမျက်နှာပြင်ကိုပဲရောက်ပြီး အတွင်းပိုင်းနဲ့လေပြွန်တွေကိုရောက်ဖို့ နောက်ထပ်လက်မအနည်းငယ်လိုပါတယ်။ 
 ကျနော်တို့အိုးပူတွေကိုင်လျင် လက်ခုဝတ်သုံးပါတယ်။ ဘယ်လောက်ထူထူသုံးပါသလဲ၊ လက်မဝက်တောင်ထူစရာမလိုပါ။  ပွက်နေတဲ့ရေနွေးရှိတဲ့အိုး ၁၀၀ ဒီဂရီ အပူကိုအဲဒီလက်ခုဝတ်က ကာကွယ်ပါတယ်. 
ကျနော်တို့ရေနွေးအိတ်၊ Hair Dryer တို့က အဲလောက်မပူပါ။ ပူလျင်လည်း အရေပြားလောင်ပါပြီ။ 
အဲဒီအပူက တစ်လက်မကျော်တဲ့ အလွှောအထပ်ထပ်ကိုဖြတ်ပြီး အဆုတ်ကိုရောက်နိုင်ပါမလား။ အဲဒီကျော်ကတစ်ရှုးထဲကသွေးတွက ရောက်လာတဲ့အပူတွေကိုသူတို့တဲ့အတူသယ်သွားပါသေးတယ်။ ဒါကြောင့် နောက်ကြောပြင်ကို အပူကပ်လည်းအဆုတ်ထဲမှာသိသာသောအပူချိန်ပြောင်းလဲခြင်းမရှိပါ။ အချိန်ကြာကြာအပူပေးလျင်တော့ ကြောပြင်ထဲထိရောက်တဲ့အပူကြောင့် ကြောပြင်ကကြွက်သားတွေ တင်းတောင့်နေတာကိုတော့ သက်သာစေပါလိမ့်မယ်။ 
အဆုတ်အပြင်ဘက် နောက်ကြောရှိတစ်သျှူးအလွှာများ




ဒါဖြင့် ထိုင်ပြီး နောက်ကြောကိုလေပူမှုတ်ပေးတဲ့အခါ ဘာလို့ အောက်ဆီဂျင်ပြန်တက်လာသလဲ

အဲလိုဖြစ်ရတဲ့အကြောင်းရင်းက လူရဲ့အနေအထားက ထိုင်လျက်ဖြစ်သွားတော့ အရည်တွေပြည့်နေတဲ့ လေအိတ်တွေကအောက်ဘက်ရောက်ပြီး လေဝင်နိုင်သေးတဲ့ လေအိတ်အကောင်းတွေပေါ်မှာဖိအားနည်းသွားတဲ့အခါ အဲဒီလေအိတ်တွေအလုပ်ပိုလုပ်နိုင်လို့အောက်ဆီဂျင်တက်လာပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကျနေသူတွေကို မှောက်ခုံ၊ ဘေးစောင်း၊ ထိုင်လျက်  စတဲ့အနေအထားတွေကိုပြောင်းခိုင်းတာပါ။ 

ဒါကြောင့် 
၁. ကိုဗစ်လူနာအောက်ဆီဂျင်ကျတာကို ventolin (Salbutamol) Albuterol  ဆေးတွေနဲ့ ကုလို့မရပါ။ နှလုံးကိုထိခိုက်တာအဖတ်တင်ပါတယ်။ 
၂. ကြောပြင်ကို အပူပေးလို့ အဆုတ်ကိုအပူလည်းမရောက် အကျိုးလည်းမရှိပါ။ 
 အပူပေးဖို့ ထိုင်လျင် ဘေးစောင်းလျင်တော့ ကိုယ်အနေအထားကြောင့် အောက်ဆီဂျင်တက်ပါတယ်။ 
၃. လှုပ်ရှားမှုမရှိလို့ကြောပြင် ကြွက်သားတွေတင်းတောင့်နေလျင်တော့ အပူက အကြောလျော့စေပါတယ်၊။ 

ဒေါက်တာအောင် 
၂၃-၀၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/ventolin.html








Sunday, 11 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၃။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးဖို့လိုသလား

 

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၃။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးဖို့လိုသလား


ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲမြင့်ကျော်ပြောပြီ

-------------------------

၆။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးပါ။ အမြှုပ်ထသော ဆပ်ပြာဖြင့် စက္ကန့်၂၀ ကြာအောင် ဆေးကြောပါ။






သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 

ရှင်းလင်းချက် 


ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော လူနာက နှာချေ၊ ချောင်းဆိုးရာမှ တဆင့် ရောဂါပိုးပါဝင်သော အစက်အမှုန်များ လွင့်ထွက်လာပြီး အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ကပ်တင်ကျန်နေနိုင်ပါသည်။ ထိုအစက်အမှုန်များကို ကိုင်တွယ်မိထားသော လက်ဖြင့် မိမိတို့၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ထိတွေ့ကိုင်တွယ်မိပါက ရောဂါ ကူးစက်ခံရနိုင်ပါသည်။)

ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် -

>> လက်ဆေးပါ။ <<

လက်ကိုဆပ်ပြာနှင့်သေသေချာချာဆေးခြင်းဖြင့်ကိုဗစ်ဗိုင်းရပ်ကို လက်မှတဆင့်ကူးစက်ခံရခြင်းမှကာကွယ်နိုင်ပါသည်။ 

သို့သော်
လက်ကို အချိန်အပိုင်းအခြားနှင့် ဆေးရတာမျိုးတော့မဟုတ်ပါ။ 
လက်က ဘာကိုမျှ ထိကိုင်းခြင်းမရှိသေးလျင်၊ ထိကိုင်စရာမရှိလျင် ခဏခဏဆေးလည်းအကျိုးမရှိပါ။ 
ခဏခဏဆေးတော့ ဆပ်ပြာကို အလာဂျီရှိသူများကတော့ လက်အရေပြားခြောက်ခြင်း၊ ကွဲအက်ခြင်းပြသနာများနဲ့ကြုံရပါမယ်။ 

လက်ဆေးရမည့်အခြေအနေ နှစ်မျိုးရှိပါတယ်။ 

၁၊ မိမိ လက်က ရောဂါပိုးရှိနိုင်သည့်အရာ၊ မျက်နှာပြင်များကို ထိကိုင်မိပြီးသောအခါ။ 

၂။ မိမိ လက်က မျက်နှာ ၊ ပါးစပ် နှာခေါင်း၊ မျက်စေ့၊  အစားအစာ စသည်တို့ကို မထိကိုင်မီ။ 

ဒါကြောင့် ကျန်းမာရေးဌာနများက အောက်ပါအခြေအနေများတွင် လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာသေချာဆေးကြောဖို့ အကြံပြုထားပါတယ်။ 

• နှာချေ၊ ချောင်းဆိုးပြီးတိုင်း

• အပြင်မှ ပြန်လာပြီးတိုင်း

• နာမကျန်းဖြစ်နေသူများကို ပြုစုပြီးတိုင်း

• လူအများထိတွေ့လေ့ရှိသော အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း (တံခါးလက်ကိုင်၊ လှေကားလက်ရန်း စသည်)

• အစာမစားခင်၊ အစားအစာ ပြင်ဆင်ခြင်း/ချက်ပြုတ်ခြင်း မပြုမီ

• လက်ညစ်ပေနေလျှင်

• တိရစ္ဆာန်များနှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးတိုင်း

• အိမ်သာအသုံးပြုပြီးတိုင်း

ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးပါ။


ပို၍အရေးကြီးသည်မှာ PPE

နှာခေါင်းစည်း မျက်နှာကာ၊ PPE ဝတ်ရုံ စသည်တို့ကို  မဝတ်ဆင်မီနဲ့ မိမိဝတ်ဆင်ထားသော  အဆိုပါပစ္စည်းများကို ထိကိုင်ပြီးတိုင်း၊ ချွတ်ပြီး စနစ်တကျစွန့်ပစ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရပါမယ်၊

အခုအချိန်မှာ လူအများစုက မာ့ခ် နှာခေါင်းစည်းကို တပ်ကြသော်လည်း မကြာခဏဖြုတ်လိုက်တပ်လိုက်လုပ်ခြင်းဖြင့် လက်ကနှာခေါင်းစည်းကိုထိကိုင်ပြီး မျက်နှာပြင် ပေါ်တွင်ကပ်လာသော ပိုးမွှားများ လက်တွင်ကပ်ပါလာကာ လက်နဲ့ထိမိတဲ့အရာ၊ မျက်နှာပြင်၊ စသည်တို့ကိုပျံ့သွားတတ်တာကို သတိမထားကြပါ။

ဒါကြောင့် လက်ကို မိနစ် ၂၀ ကြာတိုင်းဆေးစရာမလိုသော်လည်း မာခ့် ကိုမတပ်ဆင်မီနဲ့ ထိကိုင်မိတိုင်း၊ ဖြုတ်ပြီးတိုင်း စနစ်တကျဆေးဖို့က ပိုအရေးကြီးပါတယ်။ 


ဒေါက်တာအောင်

 ၁၁-၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/blog-post_11.html

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စနစ်တကျ လက်ဆေးကြပါစို့။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Video download လုပ်ရန် link:

ကိုးကား 

https://moh.nugmyanmar.org/how-to-prevent-spread-of-covid-19-2/



Saturday, 10 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၂။ လည်ချောင်းထဲကဗိုင်းရပ်စ်ကိုသေစေရန် ရေနွေးပူပူသောက်ပါ။


ဖေ့ဘုတ်ပေါ်မှကိုဗစ်-၁၉ အကြောင်း  အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း 
 ၂။ လည်ချောင်းထဲကဗိုင်းရပ်ကိုသေစေရန် ရေနွေးပူပူသောက်ပါ။ 

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

ဇာတ်လမ်း (၁) 
ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင် ကုသပေးခဲ့သူ ခွဲစိတ်အထူးကု နောက်ဆုံးနှစ် ဒေါက်တာနန်း******၏ 

#ဗိုင်းရပ်စ်သည်ဘယ်ကဝင်ဝင်လည်ချောင်းတွင်း ၄..ရက်ခန့်ကြာနေထိုင်ပါသည်။

ထို့ကြောင့် ပူသောအရည် ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေးပူပူသောက်ပြီး..ကာကွယ်ပါ။

#ဗိုင်းရပ်စ်ကိုအစာအိမ်ထဲသို့ပို့ကာ အက်ဆစ်များဖြင့် အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင် တားဆီး

ပေးပါလိမ့်မည်။ ဖြစ်နိုင်ရင် ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ဆားထည့် ရေနွေးပူပူဖြင့်.သောက်ပေးပါ။

တစ်ရက် တစ်ကြိမ်လောက်သောက်ပေးပါ။ ထမင်းစားရင်... ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစိမ်းစားပါ။

အပူ အခိုး အငွေ့ဓာတ်သည် ဗိုင်းရပ်စ်ကို နိုင်သည့်ဓာတ် ဖြစ်ပါသည်။

- အနံ့မရ ဖြစ်လာပြီဆိုရင် ဆရာဝန်ပြ ရမှာဖြစ်ပါသည်။









ဇာတ်လမ်း (၂)

ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခ #ဒေါက်တာရဲ***ပြောပြီ

-------------------------

ကိုရိုနာဗိုင်းရပ်စ်က အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကို ထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး အစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတယ်။ဒါကို ကုသဖို့ဆိုရင် ဒီပိတ်ဆို့နေတဲ့ အသက်ရှူလမ်းကြောင်းတွေကို အရင်ရှင်းလင်းရမယ်ဆိုတာ တရုတ်တွေ နားလည်သွားကြပြီ ဒါပေမယ့် ဒီလိုရှင်းလင်းဖို့က ရက်ပေါင်းများစွာ ကြာနိုင်ပါတယ် 

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်နိုင်ပါတယ်

၁။ ပူသောအရည်များ ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေး များများသောက်ပါ။ မိနစ် ၂၀ တိုင်း ရေနွေးအနည်းငယ် သောက်သုံးခြင်းက ပါးစပ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်ကို အစာအိမ်ထဲပို့ကာ အက်ဆစ်များဖြင့် အစောခြေခြင်း ဖြင့် အဆုတ်ထဲ မဝင်အောင် တားဆီးပေးပါလိမ့်မည်

၂။ ဖြစ်နိုင်လျှင် ရှာလကာရည် သို့ ဆား သို့ သံပုရာသီးတို့နှင့် ရောနှောသော ရေနွေးကို နေ့တိုင်း သောက်သုံးပေးပါရန်

။ လည်ချောင်း သို့ လည်ချောင်းနာကဲ့သို့သော လည်ချောင်းနှင့်ပက်သက်သော လက္ခဏာ တစ်ခုခုတွေ့ရပါက ချက်ချင်း ကုသပါ။ ဗိုင်းရပ်သည် အဆုတ်ထဲသို့ မဝင်ရောက်ခင် ဤလည်ချောင်းနေရာတွင် ၃,၄ ရက်ခန့် ရှင်သန်နေထိုင်နိုင်ပါသည်။






သုံးသပ်ချက်

 အမှား O  ၊   
ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 


ရှင်းလင်းချက် 

ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုတာနဲ့ဝင်လာတဲ့ဗိုင်းရပ်စ်က လည်ချောင်းမှာ သုံးလေးရက်နေတယ်ဆိုတာ မှန်သလိုရှိပေမယ့် အများထင်သလို နားခိုနေတာမဟုတ်ပါ၊ ဆဲထဲဝင်ရောက်ပြီး ဗိုင်းရပ်အသစ်တွေထုတ်လုပ်နေတာပါ။ အဲဒီအချိန်မှာ ကာကွယ်လို့မရတော့ပါ။ 

အသက်ရှူလမ်းကဝင်လာတဲ့ SARS  CPV2 ဗိုင်းရပ်စ်ကို နှာခေါင်းအတွင်းအမြှေးပါးဆဲလ်မျက်နှာပေါ်က လက်ခံတဲ့ AC2 receptor  ဆိုတဲ့ဒလန်နဲ့ပေါင်းလိုက်ပါတယ်။

ပါးစပ်ထဲကဝင်လာတဲ့ ဗိုင်းရပ်စ်တွေကလည်းလည်ချောင်းနဲ့ အစာ‌ရေမြိုနံရံကဆဲလ်တွေထဲကိုအဲလိုပဲဝင်ပါတယ်။  အဲဒီအချိန်မှာ ကူးစက်ခံရသူမှာ ပြန်တိုက်ဖို့ ကိုယ်ခံအားက မဖွံ့ဖြိုးသေးတော့ အဲဒီနှာခေါင်းမြှေး၊  လည်ချောင်း ဆဲတွေထဲမှာ ဗိုင်းရပ်တွေပွားပါတယ်။ ဗိုင်းရပ်စ်အသစ်တွေအများကြီးထပ်ထွက်လာပါတယ်။ 

အဲလို ပွားတဲ့နေရာက နှာခေါင်းအနောက်ကဘက်  Nasopharynx  လို့ခေါ်တဲ့နေရာမှာ အများဆုံးပါ၊ ဒါကြောင့်အဲဒီနေရာကို နှာခေါင်းကတဆင့်တို့ဖတ်နဲ့တို့ယူပြီး စစ်တာပါ။ လည်ချောင်းထဲမှာလည်းရှိလို့လည်ချောင်းတို့ဖတ်ယူလို့လည်းရပါတယ်။ 

နှာခေါင်းအနောက် ဗိုင်းရပ်များတွယ်ကပ်ပွားများသည့်နေရာနှင့် နှာခေါင်းတို့ဖတ်ယူပုံ


ဒါကြောင့် ရောဂါလက္ခဏာမပြသေးပေမယ့် နှာခေါင်းတို့ဖတ်နဲ့စစ်လျင် ဗိုင်းရပ်စ်ကိုတွေ့နိုင်သလို နှာချေ၊ ချောင်းဆိုး၊ စကားပြောရာကနေလည်း သူတပါးထံကို ဆက်လက်ပျံ့ပွားနိုင်ပါတယ်။ 

အဲဒီနေရာကဗိုင်းရပ်စ်တွေက ဆဲလ်အပြင်မှာနားခိုနေတာမဟုတ်ဘဲ ဆဲထဲဝင်ပြီးပွားကြ၊ ပြန်ထွက်လာကြ လုပ်နေပြီဖြစ်လို့ ဘာရေနွေး၊ ဆားရည်နဲ့ဆေးဆေး ပြောင်စင်တော့မှာမဟုတ်ပါ၊ 

နောက်တခုက ဘာအရည်နဲ့ အာလုပ်ကျင်းကျင်း ဗိုင်းရပ်တွေအများစုပွားနေတဲ့ Nasopharynx  ကိုမရောက်ပါ။ 

ဒါကြောင့် အရည်ပူပူ၊ ဂျင်းပြုတ်ရည်၊ ဆားရည်တို့သောက်ခြင်း အာလုပ်ကျင်းခြင်းက လည်ချောင်းနဲ့ နှာခေါင်းအနောက်က ဗိုင်းရပ်စ်တွေကို မသတ်နိုင်သလို ကိုဗစ်ရောဂါဖြစ်ပွားခြင်းမှမကာကွယ်နိုင်ပါ၊။ 

နောက်တခုက ဆဲလ်ထဲ ဝင်ပြီး ပွားနေတဲ့ဗိုင်းရပ်စ်တွေကို အစာအိမ်ထဲ ကိုဆေးချပြီး အက်ဆစ်က အစာခြေခြင်းဖြင့် အဆုတ်ထဲမဝင်အောင်တားဆီးတယ်ဆိုတာ ဘယ်လို မှအဓိပ္ပါယ်မရှိတော့ပါ။ 

ရှာလကာရည်၊ သံပုရာရည်၊ လိမ္မော်ရည်၊ စတာတွေက ဗီတာမင်စီပါပြီး ကျန်းမာရေးအတွက်ကောင်းပေမယ့် ကိုဗစ်ပိုးကိုမကာကွယ်ပါ။  ဘေးထွက်ဆိုးကျိုး အနေနဲ့  အစာအိမ်လေနာရှိသူများ အစာအိမ်အချည်ပေါက်နိုင်ပါတယ်။  ဆားထည့်သောက်လျင် သွေးတိုးရှိသူများ သွေးပေါင်ချိန်တက်ပါတယ်။ 

တချိူ့က ဗိုင်းရပ်စ်ပါတဲ့ လက်ကတဆင့် ဗိုင်းရပ်စ်တချို့ကိုမြိုမိသလို၊ တချို့ကလည်းအချွဲ သလိပ်တွေကိုမြိုချပြီး ပိုးတွေအစာအိမ်ထဲရောက်ပါတယ်။ အကယ်၍ဗိုင်းရပ်စ်များအစာလမ်းကြောင်းထဲရောက်သော်လည်းအစာလမ်းကြောင်းအမြှေ့းဆဲလ်တချို့ထဲကိုဝင်ရောက်ပွားနိုင်ပါသေးတယ်၊။ 

ကိုဗစ်ဗိုင်းရပ်စ်က ပီအိတ်ချ် ၃ အောက်မှာ မရှင်နိုင်ဘူးဆိုပါတယ်။ ဘာအစာမှမစားထားတဲ့ အစာအိမ်မှာ အက်ဆစ်က ပီအိတ်ချ် ၂ ပဲရှိပါတယ်။ ဒါပေမယ်အစာတွေဝင်လာ၊ အရည်တွေေသောက်လိုက်လျင် ပီအိတ်ချ် ၆ လောက်အထိတက်သွားပါတယ်။ ဒီတော့ အရည်တွေနဲ့မျှောလိုက်တဲ့ ဗိုင်းရပ်စ်တွေအစာအိမ်ထဲရောက်လျင် ပီအိတ်ချ်က သုံးကျော်နေဖို့များပါတယ်၊ အက်ဆစ်ကမသတ်နိုင်ပါ။ တချို့လူနာတွေရဲ့ မစင်ထဲ မှာ ကိုဗစ်ပိုးတွေ့ရတဲ့ သာဓကအများပြားရှိပါတယ်။ 

ကြက်သွန်ဖြူ၊ နီ ၊ ဂျင်းတွေက ကိုဗစ်ဗိုင်းရပ်စ်အပေါ် ဘာသက်ရောက်မှုမှမရှိဘူးဆိုတာ  WHO က ၂၀၂၀ နှစ်အစောပိုင်းကတည်းကထုတ်ပြန်ထားပြီးပါပြီ။ 

အနံပျောက်လျင် ဆေးရုံပြပါဆိုတာကတော့ စစ်ဆေးဖို့လိုအပ်လို့ပြသင့်ပါတယ်။ ဒါပေမယ့်ဆေးရုံတက်ကုရမယ်လို့ဆိုလိုတာမဟုတ်ဘဲ မိမိအိမ်မှာတယောက်တည်းခွဲနေပြီး စောင့်ကြည့်လို့ရပါတယ်။ 

လူ့အသက်ရှူလမ်းထဲ ကိုဗစ်ဗိုင်းရပ်စ်ဝင်လာပြီးနောက်ဖြစ်ပျက်ပုံများ 


ကူးစက်ခံရသူ ၈၀ %  လောက်မှာတော့ အဲဒီဗိုင်းရပ်စ်တွေကို  ၁၀-၁၄ ရက်လောက်အတွင်းမှာ ပြန်ရှင်းလိုက်နိုင်ပါတယ်။  အဲဒီသူတွေမှာ ဘာမျှမလုပ်ပေမယ့် ဘာရောဂါလက္ခဏာမှမခံစားလိုက်ရဘဲ ပြန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ဗိုင်းရပ်စ်ကို ရှင်းမပြစ်နိုင်ခင်မှာ သူတပါးကို ဆက်လက်ကူးစက်ပျံ့ပွားနိုင်ပါသေးတယ်။ 

ကျန်ကူးစက်ခံရသူ  ၂၀ %  လောက်မှာတော့ နှာခေါင်းမြှေးထဲကထွက်လာတဲ့ဗိုင်းရပ်စ်များက လေပြွန်အတိုင်း လေတွေအချွဲတွေနဲ့အတူ အဆုတ်ထဲကိုဆင်းသွားပါတယ်။ 

အဆုတ်လေအိတ်ဆဲလ်တွေမှာလည်း ဗိုင်းရပ်စ်က နှာခေါင်းမြှေးဆဲလ်တွေမှာလိုပဲ ACR2 receptor  ဆိုတဲ့ဒလန်နဲ့ပေါင်းပြီး ဆဲလ်အထဲဝင်ကာ မျိုးပွားပါတယ်။ 

အဲဒီအခါမှာတော့ ကိုယ်ခံအားစနစ်က ရန်သူကို သိရှိလာပြီး တိုက်ထုတ်ဖို့ ဓါတုလက်နက်မျိုးစုံကို ထုတ်ပါတယ်။ 

 Cytokine storm ဆိုတဲ့ ဓါတ်ပြောင်းလဲမှုကြီးဖြစ်ပြီး ကိုယ်ခံအား  CD4 CD 8 စစ်ကူတွေကိုခေါ်ပါတယ်။ 

အဲဒီကိုယ်ခံအား ဓါတ်တွေဆဲတွေက ဗိုင်းရပ်စ်တွေကိုရသလောက်သတ်ပါတယ်။ ဒါပေမယ့် အချိုးမမျှတဲ့ အင်အားပြင်းလက်နက်ကြီးများဒါဏ်ကြောင့် အဆုတ်ဆဲလ်များပါပျက်ဆီးပါတယ်။ 

အဆုတ်ဆဲလ်တွေထဲရောက်သွားတဲ့ ဗိုင်းရပ်စ်တွေက မျိုးဆက်ပွားပြီးထွက်သွားတဲ့အခါမှာလည်း အဲဒီဆဲလ်တွေသေပါတယ်။ ဗိုင်းရပ်စ်အသစ်တွေပိုပွားပြီးအနားက အဆုတ်ဆဲလ်တွေကိုပါ ကူးစက်ပါတယ်. 

အဆုတ်ဆဲလ်အများအပြားထိခိုက်ပျက်စီးပြီး ကိုဗစ် ၁၉ ရောဂါဖြစ်ပါတယ်။ 

အချွဲကြောင့် အသက်ရှုကြပ်တယ်ဆို ကအဓိကအကြောင်းရင်းမဟုတ်ပါ၊ ကိုယ်ခံအားနဲ့ ဗိုင်းရပ်စ်က တိုက်ခိုက်ရာမှာ အဆုတ်ထဲကဆဲလ်တွေပါပျက်စီးလို့ပါ။ အဆုတ်ရောင်တော့ လေအိတ်တွေထဲအရည်တွေပြည့်ပြီး ခဲကုန်တာပါ။ 


အသက်ရှုလမ်းကြောင်းထဲ ဗိုင်းရပ်စ်ဝင်လာပြီဆိုလျင် ရှင်းထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘဲ ကိုယ်ခံအားက ပြန်တိုက်ထုတ်ဖို့သာဖြစ်နိုင်တာကြောင့် 

(၁) ဗိုင်းရပ်ကူးစက်မခံရအောင် ကာကွယ်ဖို့နဲ့ (ကာကွယ်နည်း ပညာပေးပိုစတာများထည့်ထားပါတယ်။ )

(၂) ဗိုင်းရပ်စ်ဝင်လာတာနဲ့ ကိုယ်ခံအားကချက်ချင်းသိပြီး ဗိုင်းရပ်စ်တွေမပွားနိုင်မီသတ်ပစ်နိုင်ရန် ကာကွယ်ဆေးထိုးထားဖို့ စတဲ့ နည်းနှစ်သွယ်ဖြင့်သာ ကိုဗစ်ရောဂါကိုကာကွယ်နိုင်ပါတယ်။ 

ကောလဟလများကို မယုံဘဲ ကျန်းမာရေးဌာနနဲ့  WHO  ကထုတ်တဲ့ပညာပေးအချက်အလက်များကိုသာလိုက်နာခြင်းဖြင့်ကိုဗစ်ရောဂါကိုကာကွယ်ကြပါ။ 

ဒေါက်တာအောင် 

၁၀-၀၇-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/07/blog-post_10.html

ကိုးကား 

Parasher A. Postgrad Med J 2021;97:312–320. doi:10.1136/postgradmedj-2020-138577

https://www.facebook.com/MoHNUGMyanmar


















Friday, 9 July 2021

ဖေ့ဘုတ်ပေါ်မှကိုဗစ် ၁၉အကြောင်း အမှန် နှင့်အမှားများကိုဆန်းစစ်ခြင်း ၁။ ရက်အလိုက်ပြသောရောဂါလက္ခဏာများ

ဖေ့ဘုတ်ပေါ်မှကိုဗစ် ၁၉အကြောင်း  အမှန် နှင့်အမှားများကို ဆန်းစစ်ခြင်း

၁။ ရက်အလိုက်ပြသောရောဂါလက္ခဏာများ 


ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်း အချက် အလက်

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကိုရိုနာဗိုင်းရပ်စ် ( ကိုဗစ်၁၉ ) ပိုးကူးစက်ခံရပြီးနောက် ခံစားရမည့်ရောဂါလက္ခဏာများကို တစ်ရက်မှ ကိုးရက် အထိ တရက်ချင်း ရက်အလိုက် စရေးသားဖေါ်ပြထားပြီးတချို့ပို့စများတွင် "ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။" ဟုရေးထားသည်။
ပိုစ့်နမူနာ

သုံးသပ်ချက်

အမှန် P   နှင့် အမှား O  နှစ်မျိုးလုံးရောနေသဖြင့် မှားသည် O ဟုသာမှတ်ယူပြီး  ဆက်လက်ဖြန့်ဝေချင်းမပြုသင့်ပါ X ။ 


ရှင်းလင်းချက် 

၁. ကိုရိုနာဗိုင်းရပ် SARS COV-2 (COVID-19 ဖြစ်စေသောဗိုင်းရပ်စ်) ကူးစက်ခံရသူတိုင်းမှာလက္ခဏာပြတာမဟုတ်ပါ၊ ကူးစက်ခံရသူတစ်ရာမှာ ၈၀ က ဘာလက္ခဏာမှမရဘဲ ပျောက်ကင်းပါတယ်။  တစ်ရာမှာ  ၂၀  ( ငါးယောက်မှာ တစ်ယောက်သာ) သာရောဂါလက္ခဏာရပါတယ်။ 

၂. ရောဂါလက္ခဏာတွေကို ခံစားရသူတွေမှာ ကူးစက်ခံရပြီး တစ်ရက်မှ ၁၄ ရက်အတွင်း ( ပျမ်းမျှ ငါးရက်ခွဲ) မှာ လက္ခဏာစပြတတ်ပါတယ်၊ တဦးနဲ့တဦးမတူပါ။ 

၃. ကူးစက်ခံရတဲ့အခါ ဝင်ရောက်လာတဲ့ ဗိုင်းရပ်အရေအတွက်၊ ကူးစက်ခံရသူရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံ၊ ကိုယ်ခံအား နဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတို့ပေါ်တယ်ပြီး ရောဂါလက္ခဏာပြတာ၊ ပြင်းထန်တာ၊ ပြန်လည်နာလံထတာလည်းကွာခြားပါတယ်။ 

ဒါကြောင့်  WHO, CDC နဲ့ ကျန်းမာရေးဌာနတွေက ကိုဗစ်၁၉ ရဲ့ ရောဂါလက္ခဏာတွေကို ဘယ်နေ့ ဘာဖြစ်တယ် လို့ ရက်စဉ်အလိုက် ဖေါ်ပြတာမျိုးလုံးဝမမလုပ်ပါ။ 

အဖြစ်များသော လက္ခဏာ၊ အဖြစ်မများသောလက္ခဏာလို့သာခွဲခြားဖေါ်ပြတတ်ပါတယ်။ 


ကိုဗစ်-၁၉ လက္ခဏာများ

အဖြစ်များသေားလက္ခဏာများကတော့ - 

အဖျားကြီးခြင်း (>/=100F), 

အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ 

ချောင်းခြောက်ဆိုးခြင်း၊ 

အဖြစ်မများသောလက္ခဏာများ 

ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊

လည်ချောင်းနာခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်း၊

မျက်လုံးနီရဲခြင်း၊

အနံ့မရခြင်း၊ အရသာ မရခြင်း၊

အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။


ပြင်းထန်သောလက္ခဏာများကတော့ 

အသက်ရှုကြပ်ခြင်း၊ 

ရင်ဘတ်အောင့်ခြင်း၊ 

အသံမထွက်ခြင်း မလှုပ်ရှားနိုင်ဖြစ်ခြင်း


ဗီဇကွဲအသစ်  Delta မျိုးကူးစက်ခံရလျင်

ရသောလက္ခဏာများမှာလည်း အတူတူပင်ဖြစ်ပါတယ်။ ဒါပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့ နည်းနည်းကွဲပါတယ်။ 

ခေါင်းကိုက်၊ လည်ချောင်းနာ၊ နှာရည်ယို စတဲ့  လက္ခဏာတွေအဖြစ်များပြီး 

အနံပျောက်၊ အရသာပျောက်၊ အသက်ရှူကြပ်၊ ကိုယ်ပူ၊ ချောင်းဆိုး  ဆိုတဲ့ လက္ခဏာတွေကတော့ အဖြစ်နည်းးတယ် ဆိုပါတယ်။ 

ကိုဗစ် ဟုတ်မဟုတ် သေချာစွာသိနိုင်ရန် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးမှ သိနိုင်ပါမယ်။     

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး  WHO  နှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန CDC၊ ဥရောပသမဂ္ဂ ရောဂါထိန်းချုပ်ရေးဌာန ECDC၊ မြန်မာနိုင်ငံ ပြည်သူ့အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနများက ထုတ်ပြန်ထားတဲ့ အချက်အလက်များကိုကိုးကားပါတယ်။ 


ဒေါက်တာအောင် 

၀၉-၀၆-၂၀၂၁


https://b-wise-2b-healthy.blogspot.com/2021/07/blog-post.html


အကိုးအားများ

https://www.cdc.gov/coronavirus/2019-ncov/symptoms-testing/symptoms.html

https://www.who.int/health-topics/coronavirus#tab=tab_3

https://www.ecdc.europa.eu/en/covid-19/latest-evidence/clinical

http://mohs.gov.mm/su/whxm8777WH

https://www.aarp.org/health/conditions-treatments/info-2021/delta-coronavirus-variant.html

https://www.canada.ca/en/public-health/services/diseases/2019-novel-coronavirus-infection/guidance-documents/signs-symptoms-severity.html


ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာ ၂၀၂၀

WHO


https://www.canada.ca/en/public-health/services/diseases/2019-novel-coronavirus-infection/guidance-documents/signs-symptoms-severity.htm





Sunday, 24 January 2021

Covishield ကိုဗစ်-၁၉ ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး ထိုးကြမှာလား ၂ )

   Covishield ကိုဗစ်-၁၉ ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး ထိုးကြမှာလား ၂ ) 

မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့ ကိုဗစ် ကာကွယ်ဆေးကတော့ Covishield ဆိုတဲ့ Serum Institute ကထုတ်တဲ့ဆေးပါ။ အနောက်နိုင်ငံတွေမှာ  Oxford-AstraZeneca vaccine လို့ခေါ်ကြပြီး အိန္ဒိယက ထုတ်လုပ်ခွင့်လိုင်စင်နဲ့ ထုတ်တာပါ၊  The ChAdOx1 vaccine လို့လည်းခေါ်ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း အသက် ၁၈ နှစ်နှင့်အထက် လူကြီးများမှာ အရေးပေါ်အခြေအနေမှာ သုံးဖို့ခွင့်ပြုထားပါတယ်။ 

နောင်ထပ်ရောက်လာမည့်ဆေးတွေက တခြားနိုင်ငံတွေ ကုမ္ပဏီကဆေးတွေလည်းဖြစ်နိုင်လို့ အချက် အလက်တွေ အနည်းအများကွာနိုင်ပါတယ်။ 


Covishield ခေါ် The ChAdOx1 vaccine

VACCINE NAME: AZD1222 (also known as Covishield in India)
EFFICACY: 62% to 90%, depending on dosage
DOSE: 2 doses, 4 weeks apart
TYPE: Muscle injection
STORAGE: Stable in refrigerator for at least 6 months

ဆေးအကြောင်းအကျဉ်း

Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) ကာကွယ်ဆေးကို Jenner Institute နဲ့  the Oxford Vaccine Group တို့ကပညာရှင်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ The Oxford COVID-19 vaccine team အဖွဲ့က သုတေသနပြုထုတ်လုပ်တာပါ။ 

ကာကွယ်မှု။         ဆေးထိုးတဲ့ အကြိမ်ရေ၊ ပမာဏနဲ့ ခြားတဲ့ ကာလပေါ်တည်လို့  ၆၂ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိအကာကွယ်ပေးပါတယ်၊။ 

ပမာဏနဲ့ အကြိမ်ရေ။         မြန်မာပြည်မှာထိုးမှာက ၀.၅ စီစီဆေးရည်ကို ရက်သတ္တလေးပတ်ခြားပြီး နှစ်ကြိမ်ထိုးမှာပါ။ 

ဘယ်နေရာကိုထိုးမှာလဲ။     လက်မောင်းကြွက်သားထဲကိုထိုးမှာပါ။ 

သိုလှောင်မှု။         သာမန်ရေခဲသေတ္တာအပူချိန်  ၂-၈ ံ စင်တီဂရိတ်မှာ ၆ လအထိထားနိုင်ပါတယ်။ 


နည်းပညာ 

ဒီကာကွယ်ဆေးမျိုးကို  Recombinant မျိုးစပ်နည်းပညာသုံးပြီး၊ ရောဂါပေးတဲ့ ဗိုင်းရပ်စ်တမျိုးရဲ့ဗီဇ တစိပ်တပိုင်း ကို အန္တရာယ်မပေးနိုင်တဲ့တခြားဗိုင်းရပ်တမျိုးထဲ ထည့်ပေးပြီးခန္ဒာကိုယ်ထဲကိုထိုးပေးတဲ့ Viral Vector Vaccines လို့ခေါ်ပါတယ်၊။ 

Covishield ခေါ် The ChAdOx1 vaccine မှာ
(၁) ချင်ပန်ဇီမျောက်တွေမှာ နှာစေးချောင်းဆိုးလောက်သာဖြစ်စေတဲ့  Adenovirus  ဆိုတဲ့ဗိုင်းရပ်စ်ကို  အငှားသုံးပါတယ်။ 
ပုံမှန်အားဖြင့်တိရိစ္ဆာန်တွေကိုရောဂါပေးတဲ့ဗိုင်းရပ်စ်တွေက လူကိုရောဂါပေးလေ့မရှိပါ၊ 
တခါ အဲဒီဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ်ထဲရောက်သွားလျင် မပွားနိုင်အောင်ထပ်ပြုပြင်ထားပါသေးတယ်။ 

(၂) ကိုဗစ် ၁၉ ရောဂါပေးတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်မှာ မှိုကလေးတွေလို surface spike အချွန်အတက် ကလေးတွေရှိပါတယ်။ လူ့ခန္ဒာရဲ့ ကိုယ်ခံအားစနစ်ကSARS-CoV-2 ဗိုင်းရပ်စ် ကိုမှတ်မိသိရှိဖို့ အဲဒီအချွန်အတက်မှာပါတဲ့ surface spike proteinပရိုတိန်းက အဓိကကျပါတယ်။ 
ဒါကြောင့်အဲဒီ surface spike protein အချွန်အတက်မှာပါတဲ့ ပရိုတိန်းကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ လူ့သန္ဓေသားကျောက်ကပ်ဆဲလ်ထဲမှာ အရင်ထုတ်ပါတယ်။ 

(၃) အဲဒီ surface spike protein ပရိုတိန်းထဲက မျိုးရိုးဗီဇ genetic sequence ကို ထုတ်ယူပြီး စောစောက ပြုပြင်ထားတဲ့ ချင်ပင်ဇီထံကဗိုင်းရပ်စ်ထဲကိုထည့်ပေးပါတယ်။ အဲလို ပေါင်းထားတဲ့ အစိပ်အပိုင်းကလေးက မူလ ချင်ပင်ဇီရဲ့ Adenovirus အရည်အသွေးအပြည့်မရှိတော့သလို SARS-CoV-2 ဗိုင်းရပ်စ် တကောင်းလုံးမဟုတ်ဘဲ surface spike protein ပရိုတိန်းထဲက မျိုးရိုးဗီဇ ပဲယူထားလို့ကိုဗစ်ရောဂါလည်းမပေးနိုင်တော့ပါဘူး။ အဲဒီ ဗိုင်းရပ်စ် ကပြား အစိပ်အပိုင်း ကလေးက Covishield ခေါ် The ChAdOx1 vaccine ကာကွယ်ဆေးပါ။ 

A diagram showing how the Oxford COVID-19 vaccine works. A chimpanzee adenovirus is used in the ChAdOx1 viral vector, engineered to match the SARS-CoV-2 spike protein.


ချင်ပန်ဇီက ဗိုင်းရပ်အခွံကိုငှားပြီး  ကိုဗစ်ဗိုင်းရပ်  အချွန်အတက်ပရိုတိန်ထည့်ကာ ကာကွယ်ဆေးထုတ်လုပ်ပြီး အကာကွယ်ပေးပုံအဆင့်ဆင့် 

ကာကွယ်ဆေးထိုးလိုက်တဲ့အခါ အကာကွယ်ပေးပုံ 

အဲဒီ Covishield ခေါ် The ChAdOx1 vaccine ကို လူ့ခန္ဓာကိုယ်ထဲကိုထိုးလိုက်တဲ့အခါ လူ့ခန္ဓာရဲ့ကိုယ်ခံအားစနစ်က သယ်လာတဲ့ ချင်ပင်ဇီရဲ့ Adenovirus အနေနဲ့ မသိတော့ဘဲ သူယူလာတဲ့ 
SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ surface spike protein ပရိုတိန်း ကိုပဲ သတိထားမိပြီး ဒီပရိုတိန်းကိုတိုက်ခိုက်ဖို့ လက်နက်နဲ့ ဗျူဟာတွေပြင်ဆင်ပါတယ်။ သီးသန့် အန်တီဘော်ဒီနဲ့ တီဆဲလ်တွေ ကို ထုတ်တာပါ။
ဒီလိုကိုယ်ခံအားစနစ်ရဲ့ပြင်ဆင်မှုက သုံးပတ်ကနေတလအထိကြာပါမယ်။ 
သီးသန့် ကိုယ်ခံအားစနစ်ရသွားပြီးနဲ့အချိန်မှာတော့ အဲဒီကာကွယ်ဆေးထိုးထားသူက ကိုဗစ်ဗိုင်းရပ်စ် ( SARS-CoV-2 ) ရှိသူနဲ့တွေ့လို့သူ့ရဲ့အသက်ရှုလမ်းကြောင်းထဲကို ကိုဗစ်ဗိုင်းရပ်စ်တွေဝင်လာတာနဲ့ ကိုယ်ခံအားစနစ်ကိုချက်ချင်းလှုံ့ဆော်ပါမယ်။ 
ကိုယ်ခံအားစနစ်က သူတို့အရင်က သိရှိထားပြီးသား surface spike protein ပရိုတိန်း တွေနဲ့ခြုံထားတဲ့ တကယ့်  SARS-CoV-2  ဗိုင်းရပ်စ်ကို ချက်ချင်းချေမှုန်းလိုက်လို့ ဗိုင်းရပ်စ်က ခန္ဓာထဲမှာမျိုးပွားချိန် ရောဂါပေးချိန်မရဘဲသေဆုံးကုန်မှာဖြစ်ပါတယ်။  

Covishield ခေါ် The ChAdOx1 vaccine (COVID-19 Vaccine AstraZeneca) တွင်ပါဝင်သောပစ္စည်းများ 

ကာကွယ်ဆေး ၀.၅ စီစီမှာ COVID 19 Vaccine (ChAdOx1-S* recombinant) ဆိုတဲ့ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ် အစိပ်အပိုင်းပေါင်း  ၅၀,၀၀၀,၀၀၀,၀၀၀ ပါပါမယ် ။ အဲဒီအထဲမှာ အထက်ကရေးထားသလိုပဲ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ချင်ပင်ဇီရဲ့ Adenovirus နဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ surface spike protein ပရိုတိန်းတွေပါပါမယ်၊။ 

တခြားပါဝင်တဲ့ပစ္စည်းတွေကတော့ 

  • L-histidine
  • L-histidine hydrochloride monohydrate
  • magnesium chloride hexahydrate
  • polysorbate 80
  • ethanol
  • sucrose
  • sodium chloride
  • disodium edetate dihydrate
  • water for injections

ကာကွယ်ဆေးတွေကို ဓါတ်ခွဲခန်းစမ်းသပ်မှုများ နဲ့ တိရိစ္ဆာန်များမှာစမ်းသပ်မှုများက ရလာဒ်တွေအရ ဘေးကင်းပြီး အကျိုးရှိတယ်ဆိုတာ သေချာမှ လူတွေမှာ အဆင့်သုံးဆင့်နဲ့စမ်းပါတယ်။ 
အာနိသင် ထိရောက်မှု ၊  ဘေးဥပါဒ်ကင်းရှင်းမှု၊ ဘယ်လောက်များများကို ဘယ်နှစ်ကြိမ်ထိုးမယ်။ ဘယ်လောက်အချိန်ခြားထိုးလျင် ဘယ်လိုအကျိုးရှိတယ် စသည်ဖြင့် လေ့လောမှု အများအပြားပါဝင်ပါတယ်။ 

Phase I: ကို ယူကေမှာ သူတို့ဘာသာ အစမ်းသပ်ခံဖို့ ဆန္ဒပြုသူ လူတစ်ထောင်ကျော်ကို ၂၀၂၀ ဧပြီလမှာ စမ်းသပ်ထိုးပေးပါတယ်။ 

Phase II/III: ဒီအဆင့်မှာ ယူကေက ကလေး လူကြီး စမ်းသပ်ခံသူ တစ်သောင်းနှစ်ထောင်ကျော် ပါဝင်ပြီး။ ယူကေပြင်ပ သုတေသနတွေကိုတော့ ဘရာဇီး၊ တောင်အာဖရိက၊ ကင်ညာ၊ ယူအက်စ်အေတို့မှာ လုပ်ပါတယ်။ 
အဲဒီရလာဒ်တွေကို ၂၀၂၀ ဒီဇင်ဘာလမှာထုတ်ပြန်ခဲ့ပြီး ဆိုင်ရာ နိုင်ငံတွေက ပညာရှင်တွေက ပြန်လည်သုံးသပ်ကြကာ သူတို့နိုင်ငံတွေမှာ အသုံးပြုခွင့်ပေးမပေးဆုံးဖြတ်တာပါ။ 
ယူကေမှာ  အရေးပေါ်အခြေအနေမှာသုံးခွင့်ပြုတယ်လို့ ၂၀၂၀ ဒီဇင်ဘာလမှာ ကြေညာပါတယ်။ ကိုဗစ်ကူးစက်ပျံ့ပွားမှုနဲ့ သေဆုံးမှု အဆိုးရွားဆုံးကာလပါ။ 

လိုင်စင်

အခုအချိန် ထိ ယူကေ၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ မက္ကဆီကို  စတဲ့နိုင်ငံတွေမှာ အရေးပေါ်အနေနဲ့ သုံးခွင့်လိုင်စင်ထုတ်ပေးထားပါတယ်။ 

လိုင်စင်က ဘာလို့ အရေးပေါ်အခြေအနေမှာသုံးဖို့ပဲဖြစ်နေရတာလဲ။ 

ကာကွယ်ဆေးတခုထုတ်ဖို့ သုတေသနဆင့်ဆင့်နဲ့ ပြန်လှန်သုံးသပ်မှုတွေလုပ်ရတာ နှစ်နဲ့ချီကြာပါတယ်။ အခုကိုဗစ်ကပ်ရောဂါကာလဖြစ်လို့ လုပ်ထုံးလုပ်နည်းတွေကို တတ်နိုင်သလောက် အမြန်ဆုံးပြီးအောင်လုပ်ပြီးအတည်ပြုလို့ အရေးပေါ်အခြေအနေမှာသုံးခွင့်ပြုတဲ့ လိုင်စင်လို့ဆိုတာပါ။ ပုံမှန်အတိုင်းသုတေသနနဲ့ သုံးသပ်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ပုံမှန်လုပ်ငန်းစဉ်အားလုံးပြီးသွားလို့ ထုတ်ပေးတဲ့လိုင်စင်ကတော့ ရေရှည်ထုတ်လုပ်သုံးစွဲခွင့်လိုင်စင်ဖြစ်သွားမှာပါ၊ တချို့ဆေးတွေကို အရေးပေါ်အခြေအနေမှာ သုံးရင်းဆက်လုပ်တဲ့ သုတေသနရလာဒ်တွေအရ ထုတ်လုပ်သုံးစွဲမှုကိုရပ်လိုက်ရတာတွေရှိပါတယ်။   H1N1 ကပ်ရာဂါကာလတုန်းကပါ။ 

ဒီဆေးကို နှစ်စဉ်ထိုးဖို့လိုကောင်းလိုနေမှာပါ။ အဲဒီအတွက်လိုင်စင်ကတော့ နောက်မှထွက်လာမှာပါ။  


ဘေးဥပါဒ်ကင်းရှင်းမှု

ဒီဆေးမှာ  ပြီးပြည့်စုံတဲ့ သက်ရှိ၊ သက်မဲ့ ဗိုင်းရပ်စ်ဘာတခုမှ အပြည့်အဝမပါတဲ့အတွက် သူတို့ကနေဘာကူးစက်ရောဂါမှမပေးလို့ ကိုယ်ခံအားနည်းသူတွေမှာပါသုံးလို့ရပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ခံအားမကောင်းသူ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ခံအားကိုဖိနှိပ်တဲ့   immunosuppressant  ဆေးသုံးနေသူတွေကို အားပျော့အောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်နဲ့လုပ်တဲ့ ကာကွယ်ဆေး ( Live-attenuated vaccine တွေဖြစ်တဲ့ Measles, mumps, rubella (MMR combined vaccine),  Rotavirus ကာကွယ်ဆေး၊ ကျောက်ကြီးရောဂါကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေး၊ Yellow fever ကာကွယ်ဆေး) တွေပေးလို့မရပါ။ 
ဒါပေမယ့် အဲဒီသူတွေ ဒီ Covishield ကာကွယ်ဆေးကို ဘေးကင်းစွာထိုးလို့ရပါတယ်။ 

အခုထိသုတေသနတွေ့ရှိချက်များအရ Covishield ကာကွယ်ဆေးက အန္တရာယ်ဖြစ်လောက်တဲ့ ဆိုးကျိုးတွေမပေးတာကြောင့် စိတ်ချလက်ချထိုးလို့ရပါတယ်။ 
ဆေးထိုးသူတိုင်းရာနှုန်းပြည့်ဘာမှမဖြစ်ဘူးလို့တော့ မဆိုလိုပါ။ 
ဆေးမှာပါဝင်တဲ့ပစ္စည်းနဲ့ မတည့်သူတွေမှာတော့ ဓါတ်မတည့်တဲ့ပြသနာတွေဖြစ်နိုင်သလို သာမန်ကာကွယ်ဆေးထိုးလျင် ဖြစ်တတ်တဲ့ အပျော့စာလက္ခဏာကလေးတွေလည်းရနိုင်ပါတယ်။ 

ဆေးထိုးသင့်သူများ
  • ကိုဗစ်ရောဂါအလွယ်တကူ ကူးစက်ခံရနိုင်သူများ 
    • ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ ဗော်လံတီယာများ၊ ကိုဗစ်ကူးစက်မှုကာကွယ်ရေး ရှေ့တန်းမှဆောင်ရွက်နေသူများ၊ 
    • နေရာတခုတည်းတွင် အများကြီးစုပေါင်းနေရသူများ၊ ဥပမာ အကျဉ်းထောင်၊ လူအိုရုံ၊ အဆောင်နေဝန်ထမ်းများ 
  • အများပြည်သူအတွက် လုပ်ငန်းများတွင် အရေးပါသူများ  
    • ဥပမာအုပ်ချုပ်ရေး  စီမံခန့်ခွဲရေး အကြီးအကဲများ၊ လဝကနှင့် လုံခြုံရေး ဝန်ထမ်းများ ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှဝန်ထမ်းများ
  • အများပြည်သူနှင့် အထိတွေ့များသောလုပ်ငန်းများတွင်လုပ်ဆောင်နေသူများ။  
    • ဥပမာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံသ၊ 
  • ကိုဗစ်ရောဂါကူးစက်ခံရလျင်  ပိုမိုဆိုးရွားစွာခံစားရနိုင်သူများ 
    • သက်ကြီးရွယ်အိုများ၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ အဆုတ် ၊ ကျောက်ကပ် ရောဂါ, ကင်ဆာ၊ စသည့်နာတာရှည်ရောဂါရှိသူများ
      ကိုယ်ခံအားချို့တဲ့သူ၊ ကိုယ်ခံအားဖိနှိပ်ဆေးသောက်နေရသူများမှာ ကာကွယ်ဆေးထိုးတဲ့အခါ သာမန်သူများလို့ ကိုယ်ခံအားထွက်နိုင် မထွက်နိုင်တော့မပြောနိုင်တဲ့အတွက် မိမိတို့သက်ဆိုင်ရာဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်)  



ဘယ်သူတွေ ဆေးမထိုးသင့်ဘူးလဲ 

အထက်မှာဖေါ်ပြထားတဲ့ ကာကွယ်ဆေးထဲပါဝင်တဲ့ပစ္စည်းတခုခုနဲ့ဓါတ်မတဲ့ တာဖြစ်ဖူးသူများ၊ 
ပြင်းထန်တဲ့ ဓါတ်မတည့်မှု အလွယ်တကူဖြစ်တတ်သူများကတော့ ဒီကာကွယ်ဆေးကိုမထိုးသင့်ပါဘူး။ 

ဒီအပြင် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အကြံပေးထားတဲ့ ဆေးမထိုးသင့်သူများကတော့ 
  • ကိုဗစ်-၁၉ ရောဂါ အတည်ပြုခြင်းခံထားရသူများ၊ သံသယလူနာများနှင့် ရောဂါလက္ခဿာသက်သာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးသောသူများ။
  • ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာ ရှိသူများ ( ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံအရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်) 
  • နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်များ
  • အသက် ၁၈နှစ်အောက်လူငယ်များ

ဆေးမထိုးမီဘာတွေသတိထားရမှာလဲ 

ဆေးမထိုးမီ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို အသိပေးစရာများ.

  • အရင်က တခြားဆေးတခုခုနဲ့ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်ဖူးလျင်၊ (ထိုးသင့်မသင့်ပြန်သုံးသပ်နိုင်ရန်) 
  • လောလောဆယ် ကူးစက်ရောဂါတခုခုဖြစ်နေလျင်၊ ကိုယ်အပူချိန် ၃၈ံ (၁၀၀.၄ ံ)ထက်များနေလျင်၊( နေကောင်းပြီး ၂ ပတ်ကြာမှဆေးထိုးရန်) 
  • သာမန် မပြင်းထန်တဲ့ နှာစေးချောင်းဆိုး၊ ကိုယ်နွေးရုံလောက်ဆိုလျင် ဆေးထိုးလို့ရပါတယ်။ (ကိုဗစ်လို့သံသယရှိလျင်တော့ထိုးပေးမှာမဟုတ်ပါ) 
  • အလွယ်တကူသွေးခြေဥတတ်၊ သွေးမတိတ်တတ်သူ၊ သွေးမတိတ်ဆေး၊ သွေးကျဲဆေးသာက်နေလျင် (ဆေးထိုးလို့ရသော်လည်း သွေးတိတ်မတိတ် စောင့်ကြည့်ရန်လို)
  • လက်ရှိ မိမိသောက်နေတဲ့ဆေးတွေကို အသိပေးပါ။
  • မိမိမှာကိုယ်ခံအားကျတဲ့အခြေအနေရှိလျင်၊ ကိုယ်ခံအားဖိနှိပ်တဲ့ဆေးများ၊ စတီးရွီုက်၊ ကင်ဆာဆေးများသုံးနေလျင်၊ မိမိတို့ကုသမှုခံယူနေသာ သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ညွှန်ကြားမှုကိုရယူပါ

တခြားဆေးများနဲ့ဒီကာကွယ်ဆေးအကြား ဓါတ်ပြုမှုပြသနာရှိတယ်လို့တော့ မတွေ့ရသေးပါ။ 



ကာကွယ်ဆေးထိုးတယ်ဆိုတာ ကိုယ်ခံအားကိုလှုံ့ဆော်ပေးတာဖြစ်လို့ ကိုယ်ခံအားစနစ် တက်ကြွစွာအလုပ်လုပ်တဲ့အခါ ကိုယ်ခန္ဓာ နေထိုင်မကောင်းတဲ့ လက္ခဏာတွေခံစားရတတ်ပါတယ်။ 

Covishield ကာကွယ်ဆေးထိုးတဲ့အခါမှာ ခံစာရနိုင်တဲ့ လက္ခဏာတွေကလည်း တခြားကာကွယ်ဆေးထိုးတဲ့အခါမှာ ခံစားရတဲ့လက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ 

အဖြစ်များသောလက္ခဏာများ (ဆေးထိုးသူဆယ်ယောက်လျင် ခံစားရသူတယောက်ထက်ပိုနိုင်) 

  • ဆေးထိုးသောနေရာတွင် နာခြင်း၊ ပူနွေးနေခြင်း၊ နီရဲ၊ ယားယံ၊ ရောင်ကိုင်း၊ သွေးခြေဥ 
  • ကိုယ်လက် မအီမသာဖြစ်ခြင်း
  • နုံးချိ၊ နွမ်းနယ်ခြင်း
  • ဖျားချင်သလိုဖြစ်၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ချင်သလိုဖြစ်ခြင်း
  • အဆစ်အမြစ်များ၊ ကြွက်သားများနာကျင်ခြင်း 
ဖြစ်လေ့ရှိသောလက္ခဏာများ (ဆေးထိုးသူဆယ်ယောက်လျင် ခံစားရသူတယောက် ထက်နည်း)
  • ဆေးထိုးသောနေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း 
  • ကိုယ်ပူဖျားနာခြင်း
  • ပျို့အန်ခြင်း
  • တုပ်ကွေးလက္ခဏာများဖြစ်သော ကိုယ်ပူ၊ လည်ချောင်းနာ၊ နှာရည်ကျ၊ ချောင်းဆိုး၊ ချမ်းတုံ များဖြစ်ခြင်း။ 


ဖြစ်ခဲသောလက္ခဏာများ (ဆေးထိုးသူတစ်ရာလျင် ခံစားရသူတယောက် ထက်နည်း)

  • မူးဝေခြင်း
  • ခံတွင်းပျက်ခြင်း
  • ဗိုက်အောင့် ဗိုက်နာခြင်း
  • သွားငံရည်အကျိတ်များယောင်ခြင်း
  • ချွေးထွက်လွန်ခြင်း၊ အရေပြားယားယံပြီး အကွက် အပိန့်များထွက်ခြင်း 


ဆေးထိုးပြီးလျင် လုပ်ဆောင်ရန်။ 

  • ဆေးထိုးပြီး နာရီဝက် ကြာအထိ သတ်မှတ်ထားတဲ့ နားနေခန်းမှာ နားနေပါ။ ကိုဗစ်ကူးစက်မှု ကာကွယ်နည်းများဆက်လက်ဆောင်ရွက်ပါ။ 
  • အထက်ဖေါ်ပြပါ လက္ခဏာတခုခုကိုခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကို သတင်းပို့ပါ၊ 
  • ကျန်းမာရေးဝန်ထမ်းက စစ်ဆေးပြီး လိုအပ်လျင် ဆေးပေးပါမယ်။ (အများစုကိုတော့ လက္ခဏာသက်သာစေတဲ့ ပါရာစီတမောလို ဘာမီတွန်လိုဆေးမျိုးပဲပေးမှာပါ) ပုံစံတချို့ကိုဖြည့်ခိုင်းပါလိမ့်မည်။ 
  • ပထမအကြိမ်ဆေးထိုးပြီးသော်လည်း ကိုယ်ခံအားက ချက်ချင်းမရသေးသဖြင့် ကိုဗစ်ရောဂါကူးစက်မခံရအောင် ကာကွယ်နည်းများကို ဆက်လက်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ 
  • စောင့်ကြည့်ချိန် လွန်ပြီး အိမ်မပြန်မီ ဆေးထိုးမှတ်တမ်း ကိုရယူဖို့အရေးကြီးပါတယ်။ 
    • အိမ်ရောက်လျင်လည်း မပျောက်အောင်သေချာသိမ်းထားရပါမယ်။
    • ဒုတိယအကြိမ်ဆေးထို့ဖို့ဒီမှတ်တမ်းက မရှိမဖြစ်လိုမှာဖြစ်သလို  
    • နှစ်ကြိမ်လုံးထိုးပြီးသူများကလည်းနောင်တွင် ခရီးသွားလာတဲ့အခါ ဒီလက်မှတ်ကို လိုအပ်လာနိုင်ပါတယ်။ 


ဒုတိယအကြိမ်ထိုးဆေး

  • ပထမအကြိမ်ဆေးထိုးပြီး ရက်သတ္တ လေးပတ်အကြာမှာ ဒုတိယဆေးကိုထိုးရမှာပါ. 
  • ဒုတိယဆေးထိုးပြီးမှ ကိုယ်ခံအားထွက်ရှိမှုပိုကောင်းမှာပါ။ 
  • အကယ်၍ ဒုတိယဆေးထိုးချိန်မှာ နေမကောင်းဖြစ်နေလျင် ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ရက်ချိန်း အသစ်ယူပါ။ 
  • ပထမဆေးထိုးပြီး ရက်သတ္တ ၁၂ ပတ် အတွင်းမှာတော့ ဖြစ်ရပါမယ်။ 


ဒေါက်တာအောင် 

၂၅-၀၁-၂၀၂၁

https://b-wise-2b-healthy.blogspot.com/2021/01/covishield.html







ကျမ်းကိုးများ

 https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext

https://www.cdc.gov/coronavirus/2019-ncov/hcp/clinical-care/late-sequelae.html

https://www.nhs.uk/conditions/coronavirus-covid-19/long-term-effects-of-coronavirus-long-covid/

https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/information-for-uk-recipients-on-covid-19-vaccine-astrazeneca

https://www.thelancet.com/journals/lancet/article/PIIS0140-6736(20)32661-1/fulltext

https://www.gov.uk/government/publications/regulatory-approval-of-covid-19-vaccine-astrazeneca/summary-of-the-public-assessment-report-for-astrazeneca-covid-19-vaccine

https://www.research.ox.ac.uk/Article/2020-07-19-oxford-covid-19-vaccine-trials

https://www.mohs.gov.mm/ckfinder/connector?command=Proxy&lang=en&type=Main&currentFolder=%2FNews%2FNews_2021%2FJan_2021(B)%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=CVD_FAQ_Part(2).pdf