Thursday, 30 January 2020

မှန်ကန်သော Surgical Mask တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်;


မှန်ကန်သော Surgical Mask  တပ်ဆင်နည်းနဲ့ပြန် ဖြုတ်နည်;

မှန်ကန်တဲ့  Surgical Mask  တပ်ဆင်ပုံတနည်းပဲရှိပါတယ်။ အစိမ်း (သို့) အရောင်ရှိသောမျက်နှာပြင်သည် အပြင်ဘက်ဖြစ်ပြီး အဖြူရောင်က အတွင်းဘက်ပါ။ 



အင်တာနက်မှာ ပြန့်နေသလို ကိုယ့်ကိုကာကွယ်ဖို့ အစိမ်းက အပြင်က၊ ကိုယ့်မှာရောဂါရှိလျင် အဖြူကအပြင်ကဆိုတာလွဲမှားတဲ့ အယူအဆတခုသာဖြစ်ပါတယ်။
 Mask တွေကို ဗူးထဲကထုတ်ဖို့ ဗူးအပေါ်မှာ အပေါက်ဖေါက်ထားပြီး တခုချင်းဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ 
အရောင်ပါတဲ့ အပြင်ဘက်မျက်မှာပြင်က အပေါ်ဘက်ကဖြစ်လို့ ဆွဲယူတဲ့ အခါလက်နဲ့ ထိပေမယ့်ပြသမရှိပါ။ ကိုယ့်မျက်နှာနဲ့ ထိတဲ့  အဖြူဘက်ကို ဘာနဲ့မှ မထိဘဲဝတ်လို့ရအောင်လုပ်ထားတာပါ။
အရောင်နဲ့မျက်နှာပြင်ကို အတွင်းထားတပ်လိုက်လျင်တော့ လက်နဲ့ထိပြီး မသန့်တော့တဲ့ မျက်နှာပြင်က မိမိမျက်နှာမှာလာကပ်ပါလိမ့်မယ်။ 



Mask ကို စနစ်တကျ တပ်ဆင်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
၂. Mask ကို ဘူးထဲကထုတ်ပြီး မျက်နှာပြင် ၂ ဘက်လုံးမှာ အပေါက်အပြဲရှိမရှိစစ်ဆေးပါ။
၃, အပေါ်ဘက် အောက်ဘက်ကို သေချာကြည့်ပါ။ ကွေး၍ရသော သတ္တုချာင်းကလေးပါတဲ့ ဘက်က အပေါ်ဘက်ပါ။
၄. ဘယ်ဘက်က အတွင်းဘက်၊ အပြင်ဘက်ဆိုတာကို ကြည့်ပါ။ အရောင်ပါတဲ့ ဘက်က အပြင်ဘက်ဖြစ်ပြီး အဖြူရောင်ဘက်က မျက်နှာနဲ့ ထိတဲ့ အတွင်းဘက်ပါ။
၅. (က) နားကို ချိတ်တဲ့ သားရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီး နားမှာဆွဲချိတ်ပါ။
(ခ) ကြိုးချည်ရသော Mask မျိုးဖြစ်ပါက Mask ကိုနှာခေါင်းပေါ်ရောက်အောင်အုပ်ပြီး အပေါ်ကြိုး ၂ ချောင်းကို ဆွဲကာ နောက်စေ့ အထက်မှာ ကွင်းလျှောချည်ပါ။
၆.  Mask အပေါ်ဘက်ကို နှာခေါင်းပေါ်မှာ ကပ်နေရန် နှာခေါင်းအရင်းပေါ်ရောက်နေတဲ့ သတ္တုချောင်းကို အသာညှစ်ပြီးပုံသွင်းပါ။
၇. ကြိုးချည်ရသော Mask မျိုးဖြစ်ပါကအောက်သိုင်းကြိုး ၂ချောင်းကို လည်ပင်းအနောက်မှာပတ်ချည်ပါ။
၈. Mask အောက်နားအစကပါးစပ်နဲ့ မေးစေ့ကို ဖုံးအောင် မေးအောက်ရောက်တဲ့အထိဆွဲချပါ။

Mask ကို စနစ်တကျ ဖြုတ်ပုံ အဆင့်ဆင့်

၁. Mask ကို လက်နဲ့ မထိမီလက် ၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။
Mask အရှေ့ အပြင်ဘက်မျက်နှာပြင်ဟာ မသန့်ရှင်းတော့တာကြောင့် လက်နဲ့ မထိမိအောင် အထူးသတိထားပါ။
၂. နားကို ချိတ်တဲ့ သာရည်ကြိုးနဲ့ Mask ဖြစ်ပါကအဲဒီနားချိတ်ကြိုးကွင်း၂ခုကနေကိုင်ပြီ အသာဆွဲဖြုတ်ကာမျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၃. ကြိုးချည်ရသော Mask မျိုးဖြစ်ပါက အောက်ဘက်ကကြိုးကို အရင်ဖြည်ပါ ပြီးမှ အပေါ်ဘက်ကကြိုးကို ဖြည်ပြီး မျက်နှာကနေ အဝေးကိုခွာထုတ်ပါ။
၄. Mask ကို အမှိုက်ပုံးထဲသို့ သေချာပစ်ပြီး လက်၂ဘက်ကို ဆပ်ပြာ (သို့) ပိုးသတ်ဆေးရည်နဲ့  ဆေးကြော သန့်စင်ပါ။


စင်္ကာပူကျန်းမာရေးဌာန Singhealth ကတင်ထားတဲ့  Surgical maskကို စနစ်တကျ တပ်ဆင်ပုံနဲ့ ဖြုတ်ပုံဗွီုဒီယိုပါ၊။





Dr Aung
31-01-20

Surgical mask  အကြောင်းအသေးစိပ်နဲ့ တပ်နည်းအမှား အမှန် ရှင်းပြချက်တွေကို ဒီပို့စ်မှာ ဖတ်လို့ရပါတယ်။
https://b-wise-2b-healthy.blogspot.com/2019/06/surgical-mask.html



ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ အများပြည်သူ နှာခေါင်းစည်းသုံးစွဲမှု

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ အများပြည်သူ နှာခေါင်းစည်းသုံးစွဲမှု

ကျနောက် Mask ဆန့်ကျင်ရေးသမားမဟုတ်ပါ။
ဒါပေမယ် တလွဲဆံပင်ကောင်းကြပြီး လုပ်သင့်တာကိုမလုပ်ကြမှာကိုစိတ်ပူတာပါ။
အခု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ဇန္နဝါရီ ၂၉ ရက်က ထုတ်ပြန်တဲ့ အများပြည်သူတွေ နှာခေါင်းစည်းသုံးစွဲဖို့ လိုမလို ဘယ်လိုအခြေနေတွေမှာသုံးသင့်တယ်ဆိုတာကို အကြံပြုထားတာကိုကိုးကားပါရစေ

Mask နှာခေါင်းစည်းဟာ 2019- nCoV ပိုးအပါဝင် အသက်ရှူလမ်းကြောင်းကကူးစက်တဲ့ရောဂါတွေကူးစက်ပြန့်ပွားနေတဲ့ နေရာတွေမှာ ရောဂါပို့ပြန့်ပွားမျုကို ကာကွယ်ပေးတဲ့ နည်းလမ်းတွေထဲကတခုဖြစ်ပါတယ်။
သို့သော် Mask နှာခေါင်းစည်းတခုတည်းကိုသုံးလျင်တော့ လုံလောက်တဲ့ ကာကွယ်မှုကိုမပေးနိုင်ပါဘူး
နှာခေါင်းစည်းကိုသုံးဖို့လိုအပ်တဲ့ အခြေအနေတွေမှာ သူနဲ့ အတူတခြားအရေးကြီးတဲ့ လက်သန့်ရှင်းရေးလို ကာကွယ်နည်းတွေကို တပါတည်းသုံးမှသာ ကူးစက် ရောဂါပြန့်ပွားမှုကိုကာကွယ်ပါတယ်။

ဘယ်သူတွေအတွက်မလိုဘူးလဲ

အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာမရှိသူများ (နှာစေး၊ နှာချေ၊ ချောင်းဆိုး) လူထုအကြားနေထိုင်သွားလာတဲ့အခါ အကာအကွယ်အတွက် နှာခေါင်းစည်း mask မလိုအပ်ပါ၊
ဒေသအလိုက်ဓလေ့ထုံးစီအရ နှာခေါင်းစည် / မျက်နှာဖုံးတို့ကိုတပ်ဆင်သူများက နှာေခါင်းစည်းကို တပ်ဆင် သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်၊ ဖြုတ်၊ စွန့်ပစ်နည်းတွေကိုတိတိကျကျလိုက်နာရမှာဖြစ်ပြီး မတပ်ဆင်မီနဲ့ ဖြုတ်ပြီးစွန့်ပစ်အပြီးမှာ လက်သန့်ရှင်းရေးပြန်လုပ်ရပါမယ်။

လိုအပ်သူများ

အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာရှိသူများ လူများအကြားနေထိုင်သွားလာတဲ့အခါ နှာခေါင်းစည်း mask ကို စနစ်တကျ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ နှာရည်နဲ့တံတွေးတွေထဲက ပိုးတွေ သူတပါးဆီအလွယ်တကူမပြန့်အောင်ပါ။
တပ်ဆင်ထားသူကိုကာကွယ်ဖို့မဟုတ်ပါ.။
ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများမှာ စနစ်တကျ စစ်ဆေးကုသမှုခံယူပါ။
နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်၊ ဖြုတ်၊ စွန့်ပစ်နည်းတွေကိုတိတိကျကျလိုက်နာရမှာဖြစ်ပြီး မတပ်ဆင်မီနဲ့ ဖြုတ်ပြီးစွန့်ပစ်အပြီးမှာ လက်သန့်ရှင်းရေးပြန်လုပ်ရပါမယ်။

မလိုအပ်ပဲ Mask သုံးစွဲခြင်းကြောင့်

၁. မလိုအပ်ဘဲ ကုန် ကျစားရိတ်ပိုပါတယ်။
၂, လိုအပ်သူတွေသုံးဖို့ပစ္စည်း ပြတ်လပ်တဲ့ပြသနာရှိလာတိုင်ပါတယ်။ ( သုံးဖို့လိုသူတွေဆိုတာ ရောဂါလက်က္ခဏာရှိလို့ သူတပါးထံဆက်မပြန့်အောင်ကာကွယ်ဖို့ တပ်ဆင်ရမှာ၊ သူတို့မှာ Mask မရလျင် သူတို့အတွက် မဟုတ်ဘဲ ကျန်းမာနေသူ၊ သူတို့ကိုပြုစုသူ သူတပါးကိုဆက်ပြန့်ဖို့ အန္တရာယ်ပိုရှိပါတယ်။ )
၃. မိမိကို တကယ် မကာကွယ်မပေးတာကို လုံခြုံနေပြီထင်ပြီး တခြားအရေးကြီးတဲ့ လက်သန့်ရှင်းရေးးလို ကာကွယ်မှုမျိုးကို လစ်လျှူရျူမိလျင် ရောဂါကူးခံရဖို့အန္တရာယ်ရှိပါတယ်။
၄. နှာခေါင်စည်းကို စနစ်မကျတပ်လျင်လည်း ထိရောက်တဲ့ ကာကွယ်မှုကိုမပေးပါ။
နှာခေါင်းစည်းစနစ်တျကတပ်နည်းကို ဒီ လင့်မှာ ကြည့်ပါ။

အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာမရှိဘဲ လူအများအကြားသွားလာနေသူများအတွက်

  • လူစုလူဝေး တွေကိုရှောင်ပါ။ ဥပမာ ရုပ်ရှင်ရုံ၊ကပွဲပါတီ၊
  • ချောင်းဆိုးနှာစေးနေသူတွေနဲ့ အနည်းဆုံး တ၎ိတာအကွာ ( တကိုက် နဲ့ တမိုက်) ခွာနေပါ။
  • လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ၊ လက်သန့်ရှင်းရေးအတွက် အရက်ပျံလို  ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနိုင်ပါသည်၊ သို့သော်  လက်တွင် တခုခုပေရေနေသည်ကိုမြင်ရပါက ရေ၊ ဆပ်ပြာတို့နှင့်ဆေးကြောဖို့လိုပါသည်။
  • အကယ်၍ နှာချေ၊ ချောင်းဆိုးပါက ပါစပ်နဲ့ နှာခေါင်းကို ကွေးထားတသောတံတောင်ဆစ်နဲ့ဖြစ်စေ၊ တခါသုံး တစ်သျှူးစက္ကူနဲ့ဖြစ်စေအုပ်ပါ၊ ပြီး လျင် တစ်သျှူးကို စနစ်တကျလွှင့်ပစ်ပြီး လက်ကိုသန့်ရှင်းရေးလုပ်ပါ။ 

ပါးစပ်ကို အုပ်ဖို့ ဘာလို့ လက်ဖဝါးကို မသုံးရတာလဲ

အကြောင်းနှစ်ခုရှိပါတယ်။  လက်ဖဝါးပါးစပ်ကို အုပ်ပြီး ချောင်းဆိုးလျင် 
(၁) လက်က ဟိုကိုင်ဒီကိုင်ကိုင်ပြီး သန့်ရှင်းရေး လုပ်မထားလျင် လက်ကပိုးမွှားများ ပါးစပ်နဲ နှာခေါင်းထဲဝင်ပြီး ရောဂါ ရနိုင်ပါတယ်။ 
(၂) ချောင်းဆိုးစဉ် အုပ်ထားတဲ့ လက်မှာ မိမိတံတွေးတွေကပ်နေပါတယ်။ အဲဒီလက်ကို ချက်ချင်းသေသေချာချာသန့်ရှင်းရေး မလုပ်ဘဲ တခုခုကိုကိုင်မိလျင် မိမိအသက်ရှူ လမ်းထဲကပိုးတွေ အဲဒီ တံတွေးပေလက်ကတဆင့်သူတပါးကိုပြန့်သွားနိုင်ပါတယ်။ 


Dr Aung 
31-01-2020









ဝူဟန်းဗိုင်းရပ် ကူးစက်မခံရအောင် ကာကွယ်ရာမှ ာအရေးကြီးဆုံးဖြစ်တဲ့ လက်သန့်ရှင်းရေး


ဝူဟန်းဗိုင်းရပ် ကူးစက်မခံရအောင် ကာကွယ်ရာမှာအရေးကြီးဆုံးဖြစ်တဲ့ လက်သန့်ရှင်းရေး 



(၁)   လက်ကိုစင်ကြယ်အောင် စနစ်တကျဆေးနည်း

လက်မှာ ပေရေ စွန်းထင်းတာတွေ့တိုင်းစနစ်တကျဆေးကြောပါ
သန့်ရှင်းရေးလုပ်ရန် ကြာမြင့်ချိန် စုစုပေါင်း  စက္ကန့်  ၄၀ မှ ၆၀
၀။ လက်ကို စိုအောင်ရေအရင်ဆွတ်ပါ။
၁။ လက်မျက်နှာပြင်အားလုံးကို ဖုံးအောင် ဆပ်ပြာရည်သုတ်ပါ။ 
၂။ လက်ဖဝါးအချင်းချင်းပွတ်ပါ။ 
၃။  ဘယ်လက်ဖမိုးပေါ်ညာလက်ဖဝါး၊ ညာလက်ဖမိုးပေါ်ဘယ်လက်ဖဝါး အပြန်အလှန်ပွတ်ပါ၊ လက်ချောင်းများချဲထားပြီး ဘယ်ညာလက်ချောင်းများယှက်လျက် အပြန်အလှန်ပွတ်ပါ။ 
၄။ လက်ဖဝါးအချင်းချင်း လက်ချောင်းများယှက်လျက်ထပ်ပွတ်ပါ။
၅။  လက်ချောင်းများစုပြီး ကွေးကာ ဘယ်ညာနှစ်ဘက် ချိတ်ပြီးပွတ်ပါ၊ တဘက်ရဲ့ လက်ချောင်းဖမိုးကို အခြားတဘက်ရဲ့ လက်ဖဝါးကပွတ်မိရပါမယ်။ 
၆။ လက်မတချောင်းချင်းစီကို တခြားလက်ဖဝါးထဲ ဆုပ်ပြီးပတ်ခြာလည်ပွတ်ပါ။ 
၇။ လက်တဘက်ရဲ့လက်ချောင်းထိပ်ဖျားများကိုနည်းနည်းကွေးပြီးတခြားလက်တဘက်ရဲ့ဖဝါးထဲမှာ လှည့်ပွတ်ပါ၊ လက်နှစ်ဘက်လုံးကိုလုပ်ပါ။ 
၈။ လက်တွေကိုရေနဲ့ဆေးပါ။ 
၉။ လက်များကို တခါသုံး လက်သုတ်ဖြင့်ခြောက်အောင်သုတ်ပါ။ 
၁၀။ အဲဒီသုံးထားတဲ့ လက်သုတ်နဲ့ ရေဘုံပိုင်ခေါင်းကိုပိတ်ပါ။ 
၁၁။ ဒါဆိုလျင် လက်တွေသန့်ရှင်းသွားပါပြီ။ 



(၂) ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနည်း

လက်သန့်ရှင်းရေးအတွက် ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းသန့်ရှင်းနိုင်ပါသည်၊ သို့သော်  လက်တွင် တခုခုပေရေနေသည်ကိုမြင်ရပါက ရေနှင့်ဆေးကြောဖို့လိုပါသည်။

သန့်ရှင်းရေးလုပ်ရန် ကြာမြင့်ချိန် စုစုပေါင်း  စက္ကန့်  ၂၀ မှ ၃၀
၁။  လက်ဖဝါးကိုခွက်ထားပြီး ဖဝါးပြည့်အောင် လက်သုတ်လိမ်းဆေးရည်ကို ထည့်ပါ။ 
၂။ လက်ဖဝါးအချင်းချင်းပွတ်ပါ။ ဆေးရည်များလက်ဖဝါး နှစ်ဘက်မှာ မျှမျှတတ ပြန့်အောင်လုပ်တာဖြစ်ပြီး အတင်းမဖိပါနဲ့။ 
၃။ ဘယ်လက်ဖမိုးပေါ်ညာလက်ဖဝါး၊ ညာလက်ဖမိုးပေါ်ဘယ်လက်ဖဝါး အပြန်အလှန်ပွတ်ပါ၊ လက်ချောင်းများချဲထားပြီး ဘယ်ညာလက်ချောင်းများယှက်လျက် အပြန်အလှန်ပွတ်ပါ။ 
၄။ လက်ဖဝါးအချင်းချင်း လက်ချောင်းများယှက်လျက်ထပ်ပွတ်ပါ။
၅။  လက်ချောင်းများစုပြီး ကွေးကာ ဘယ်ညာနှစ်ဘက် ချိတ်ပြီးပွတ်ပါ၊ တဘက်ရဲ့ လက်ချောင်းဖမိုးကို အခြားတဘက်ရဲ့ လက်ဖဝါးကပွတ်မိရပါမယ်။ 
၆။ လက်မတချောင်းချင်းစီကို တခြားလက်ဖဝါးထဲ ဆုပ်ပြီးပတ်ခြာလည်ပွတ်ပါ။ 
၇။ လက်တဘက်ရဲ့လက်ချောင်းထိပ်ဖျားများကိုနည်းနည်းကွေးပြီးတခြားလက်တဘက်ရဲ့ဖဝါးထဲမှာ လှည့်ပွတ်ပါ၊ လက်နှစ်ဘက်လုံးကိုလုပ်ပါ။ 
၈. ပြီးလို့ လက်နှစ်ဘက်လုံးခြောက်သွားချိန်မှာတော့ ရောဂါပိုးတွေကင်းစင်ပါပြီ။ 
လက်သုတ်လိမ်းဆေးရည်တွေမှာ အီသိုင်းအယ်လကိုဟော (သို့) အိုင်ဆိုပရိုပိုင်းအယ်လကိုဟော ၄၀ ရာနှုန်းကနေ ၇၀ ရာနှုန်းထိပါတဲ့ အရည်နဲ့ ကရင်တွေလာပါတယ်။ အယ်လကိုဟော  ၇၀ ရာနှုန်းပါတဲ့ လက်ပိုသတ်ဆေးအရည် သို့ဂျဲကိုသာသုံးဖို့  CDC  က အကြံပြုထားပါတယ်။ 

အယ်လကိုဟော ၆၂%  ပါတဲ့ လက်သူတ်လိမ်း ဂျဲ
အယ်လကိုဟော လက်သူတ်လိမ်းဆေးရည်နမူနာ




ပုံမှန်အားဖြင့်ဘယ်အချိန်တွေမှာ လက်တွေကိုဆေးကြောသန့်ရှင်းပေးဖို့လိုသလဲ

၁. အစားအစာများကို မပြင်ဆင်ခင်၊ ပြင်ဆင်ချိန်နဲ့ ပြင်ဆင်ပြီးနောက်
၂. အစာမစားမီ
၃, မကျန်းမာသူ ဝမ်းသွားထားအန်ထားသူလူမမာအား
၄, အကွဲပြဲအနာများကို မပြုစုမီနှင့်ပြုစုပြီး၊
၅. အိမ်သာသုံးပြီးချိန်
၆. ကလေးအနှီး၊ သေးခံတို့ကိုလဲပြီးချိန် နဲ့ အပေါ့အလေးသွားထားသည်ကိုသန့်ရှင်းရေးလုပ်ပြီးချိန်
၇, နှပ်ညှစ်၊ ချောင်းဆိုး၊ နှာချေပြီးနောက်
၈. တိရိစ္တာန်၊ သူတို့အစာနဲ့ မစင် , ဆီးတို့ကို ကိုင်တွယ်ပြီးနောက်
၉. အမှိုက် အညစ်ကြေးများကိုကိုင်တွယ်ပြီးနောက်

ကူးစက်ရောဂါဖြစ်ပွားချိန်များတွင် အထက်ပါအခြေနေများသာမက အောက်ဖေါ်ပြပါအခြေနေများတွင်လည်းလက်ကိုသန့်ရှင်းရေးလုပ်သင့်ပါသည်။ 

၁. လူအများထိကိုင်ထားသောပစ္စည်းများ ( ဥပမာ၊ ဘတ်စ်ကားလက်ကိုင်၊ ခုံ၊ တံခါးလက်ကိုင်) ကိုထိကိုင်ပြီးနောက် ။ 
၂။ သူတပါးနှင့်လက်ဆွဲနှုတ်ဆက်ပြီးနောက်
၃၊ မိမိမျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိ၊ မကိုင်မိခင်။ 
၄. မိမိတပ်ဆင်ထားသောနှာခေါင်းစည်းကိုထိကိုင်မိလျင် (သို့) ဖြုတ်ပြီးပြီးချင်း။

တကယ်တန်းမိမိကို အကာကွယ် သေချာမပေးတဲ့ နှာခေါင်းစည်းမယ့်အစားလက်သန့်ရှင်းရေးကိုပိုဂရုစိုက်ပါ
ဒေါက်တာအောင်
31-01-2002




ကိုးကား 


Sunday, 26 January 2020

ကိုရိုနာဗိုင်းရပ်ရန်မှ ကာကွယ်ရေး၊ လက်သန့်ရှင်းရေးနဲ့ နှာခေါင်းစည်းစည်းခြင်း

  ကိုရိုနာဗိုင်းရပ်ရန်မှ ကာကွယ်ရေး၊ လက်သန့်ရှင်းရေးနဲ့  နှာခေါင်းစည်းစည်းခြင်း

အဖြစ်အပျက် စင်နာရီယိုကလေး သုံးခုပါ။ တကယ် ကျနော်တို့ပတ်ဝန်းကျင်မှာ ဖြစ်နေတာပါ။
Scenario 1
ရှောပင်းမောထဲရောက်သွားတော့ လူအများစုက နှာခေါင်းစည်းတွေနဲ့
ကိုယ်လည်း တခုတပ်။
လူတယောက်က နှာခေါင်းစည်း ဖွင့်ပြီး နှာချေတယ် တင်သျှူးထုတ်ပြီး နှပ်ညှစ်၊
နှာရည်ကများတော့ တစ်သျှူးတခုလုံးရွှဲလို့ နောက် တရွက် ထပ်ထုတ်သုတ်။
 တစ်သျှူးကိုတော့အမှိုက်ပုံးထဲပစ်လိုက်ပါရဲ့ နှာရည်ပေတဲ့လက်ကို မဆေးဘဲ တစ်သျှူးနဲ့ပဲသုတ်ပြီး စိတ်ဝင်စားတဲ့ပစ္စည်းတွေကိုကိုင်ကြည့်ပြန်ချ။
နှာရည်ထဲက ဗိုင်းရပ်က သူပြန်ချတဲ့ ပစ္စည်းမှာကပ်ပြီပေါ့။
နောက်တယောက်က အဲဒီပစ္စည်းတွေကိုင်ကြည့်၊
ပစ္စည်းပေါ်က ဗိုင်းရပ်စ်က လက်ထဲပါသွား။
သူ့လက်ကိုမဆေးပဲ ဖုန်းကိုင် စကားပြော။
အိုး ဖုန်းမှာ ဗိုင်းရပ်စ်ရောက်သွားပြီ။
ပြီးတော့ ရေခဲ မုန့်ဝယ် ဖုန်းကိုင်ထား၊ ပစ္စည်းကိုင်ထားတဲ့ လက်ကို မဆေးပဲရေခဲ မုန့်ကိုကိုင်စား
သွားပြီ ဗိုင်းရပ်ကရေခဲ မုန့်အခွံနဲ့ ပါးစပ်ထဲပါသွား။

Scenario 2
အခုနကနှာစေးနေသူက KFC သွား ကြက်ကြော်ဝယ်၊
ပိုက်ဆံကိုထုတ် သေချာရေ မဆေးရသေးတဲ့ လက်နဲ့ပိုက်ဆံ တရွက်ချင်းရေပြီး ပေး။
ကောင်တာ က ဝန်ထမ်းက အဲဒီပိုက်ဆံတရွက်ချင်းရေ
ပြီးတော့ အဲဒီပိုက်ဆံကိုင်တဲ့လက်နဲ့ ကွန်ပြူတာမှာ အော်ဒါရိုက်ထည့်။
သူ့အတွက် အစားစာပြင်ပြီးပေးလိုက်။
 နောက်ကပ်စတန်မာ တယောက်အလှည့်
ဝန်ထမ်းကအော်ဒါယူပြီး အစောနကလက်ကို မဆေးရသေးပဲ ငွေ‌ယူ၊ ဗန်းတခုယူ၊ ပန်းကန်ကိုင် ၊ မှာထားတဲ့ အစာတွေထည့် ၊ အအေးခွက် တထပ်ကြီးကို ကိုင်၊ တခွက်ကိုဆွဲထုတ်၊ ရေခဲ ကော်တဲ့ ဂေါ်ကလေးနဲ့ ရေခဲ နည်းနည်းထဲ့ပြီးအအေးထည့် အဖုံးကိုကိုင်ပြီး ကျကျနနကိုင်ပြီး ဖိဖုံးပေး။
တစ်သျှူးနဲ့ ဇွန်းခက်ရင်းကိုပါအဲဒီလက်နဲ့ ယူပေးလိုက်သး။
သူ့လက်ပေါက်က ဗိုင်းရပ်တွေ နောက်က ကပ်စတန်မာတွေ ရဲ့ အစာတွေ ခွက်တွေ ဗန်းတွေ ဇွန်းခက်ရင်းတွေ မှာ ဘယ်လောက်ပါသွားပြီလဲ ။

Scenario 3
လေဆိပ်မှာ ခရီးသည်တွေအားလုံး နှာခေါင်းစည်း‌ကလေးတွေနဲ့။
ပါ့စ်ပို့စစ်တဲ့ကောင်တာ မှာ တန်းစီ နေတဲ့တယောက်က နှာခေါင်းစည်းဖွင့်ပြီး ချောင်းဆိုးတော့ နှာခေါင်းစည်းကလေးဆွဲချပြီးပါးစပ်ကိုလက်ဖဝါးနဲ့အုပ်ဆိုး၊
ပြီးတော့ နှာခေါင်းစည်းကိုကိုင်ပြီးပါစပ်ကိုပြန်အုပ်ထား။
တံတွေးတွေပေတဲ့လက်နဲ့ပါ့စ်ပို့စ် စာအုပ်ထုတ်ကိုင်ပြီး နှာခေါင်းစည်းစည်း၊ လက်အိတ်ဝတ်ထားတဲ့ အော့ဖစ်စာကို လှမ်းပေး။
အဲဒီလက်နဲ့ နှာခေါင်းစည်းပြန်ဖြုတ်ပြီး ဓါတ်ပုံရိုက်ခံ။
လက်မသုတ်ဘဲ လက် ဗွေနှိပ်။
အင်မီဂရေးရှင်းအောဖစ်ဆာ ရဲ့ လက်အိတ်၊ သူ့ကွန်ပြူတာကီးဘုတ်နဲ့ မောက်စ်၊ လက်‌‌ဗွေမှန်ပြားမှာ ဗိုင်းရပ်တွေကပ်ပါပေါ့။
နောက်လူလာ ပါ့စ်ပို့ပေး၊ နှာခေါင်းစည်းဖွင့် ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်  အောဖစ်ဆာရဲ့ ပိုးတွေပေ လက်အိတ်နဲ့ ပြန်ပေးတဲ့ ပ့ါစပို့မှာ ပိုးတွေကပ်။
ပါ့စပို့ကိုင်တဲ့လက်နဲ့ လက်ဗွေနှိပ်တဲ့လက်ချောင်းတွေမှာ ပိုးတွေကပ်။
အဲဒီလက်နဲ့ နှာခေါင်းစီးလေးပြန်မတင်။အပြင်ရောက်တော့ မိသားစုနဲ့တွေ့နှာခေါင်းစည်းဖွင့်ပြီး ဆယ်လဖီရိုက်ကြတော့ ပိုးတွေ နှာခေါင်းစည်းနဲ့ မျက်နှာပေါ်ထိရောက်ပြီ။
အဲဒီလက်နဲ့ လက်ဆွဲ နှုတ်ဆက် ကားတံခါးဖွင့် ကားခုံကိုင်၊
 သွားပြီ။

နှာခေါင်းစည်း စည်းထားတဲ့ လူတွေအကြားပိုးတွေ တဆင့်ပြီးတဆင့် ပြန့်။
ပြန့်မှာပေါ့ အရေးကြီးတဲ့ လက်ကို မကြာမကြာဆေးပါ။ မျက်နှာတို့ ပါးစပ် နှာခေါင်းမကိုင်ခင်ဆေးပါ၊ အများသုံးပစ္စည်းတွေ ထိကိုင်ပြီးတိုင်းဆေးပါ။
နှာခေါင်းစည်းဆိုတာ တခါသုံးဖြုတ်လျင် အပြင်မျက်နှာ ပြင်ကို မကိင်မိစေနဲ့ ကြိုးဖြတ်ဖြုတ်ပြီး စနစ်တကျစွန့်ပစ်၊  ပြန်မသုံးရ
ဆိုတာတွေမလိုက်နာပဲ နှာခေါင်းစည်းဖက်ရှင် လုပ်နေရုံနဲ့တော့တော့ လူတိုင်းဝူဟန်းပရိုဖိုင်းပြောင်းဖို့သာရှိပါတော့တယ်။

နေ့စဉ်နေ့စဉ် အပြင်ထွက်တာနဲ့ လူအများထိကိုင်ထားတဲ့ပစ္စည်းတွေ တံခါးလက်ကိုင်၊ ဘတ်စ်ကားလက်ကိုင်၊ စားသောက်ဆိုင်က စားပွဲ၊ ထိုင်ခုံကစလို့ ပိုက်ဆံအဆုံးရောဂါပိုးတွေ ကပ်နေပါတယ်။
မသေသေးတဲ့ အကောင်တွေ ကိုယ့်လက်မှာပါလာပါတယ်။
လူတိုင်းနီးပါး ဖုန်းကို မကြာခဏကိုင်လို့ ဖုန်းမှာ ပိုးတွေရှိပါမယ်။ လက်သေချာဆေး၊ ဖုန်းကို မကြာမကြာသန့်ရှင်းရေးလုပ်ခြင်းဖြင့် ရောဂါပိုးတွေကူးစက်ခံရခြင်းက ကာကွယ်ကြပါ။
ကိုယ့် မျက်နှာပေါ်က နှာခေါင်းစည်းက ရောဂါရှိသူထံက သူတပါးထံကို အလွယ် တကကူမပြန့်အောင်တားဆီးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျန်းမာရေးဌာနတွေက အကြံပြူတာပါ။
မိမိကိုယ်ကို ကာကွယ်ဖို့ကတော့ လက်နဲ့ တကိုယ်ရည် သန့်ရှင်းရေးပါ။ အပြင် မကြာမကြာ အပြင်ထွက် လျင် အရက်ပျံပါတဲ့ တစ်သျှူးအစိုကို ဆောင်ထားပြီး လက်မဆေးနိုင်လျင် အဲဒီ တစ်သျှူးနဲ့ လက်သုတ်ပြီးသန့်ရှင်းပါ။
ကလေးငယ်ရှိသူများ အပြင်မှ ပြန်လာတာနဲ့ ခြေလက်ဆေး၊ ကောင်းတာကတော့ ရေချိုးခေါင်းလျှော်၊ အဝတ်ပါလဲပြီးမှ ကလေးကို ချီပါ။






ဒီရောဂါပြန့်နှံ့ကုးစက်ပုံကတော့ ရာသီတုပ်ကွေးရောဂါ ကူးစက်ပုံနဲ့ အလားတူပဲဖြစ်ပါတယ်။


ဒေါက်တာအောင်
25-01-2020





Saturday, 25 January 2020

ဝူဟန်းဗိုင်းရပ်စ်ရန် ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ လက်ဆေးခြင်း ဘာက ပိုအရေးကြီးလဲ

 ဝူဟန်းဗိုင်းရပ်စ်ရန် ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ လက်ဆေးခြင်း ဘာက ပိုအရေးကြီးလဲ 

လူအများစုက နှာခေါင်းစည်းစည်းတာက မိမိကိုပိုပြီးကာကွယ်နိုင်တယ်လို့ထင်သလို
အဲလိုလုပ်ဖို့ အကြံပြုထားတာတွေ ဆိုရှယ်မီဒီယာမှာ အများကြီးပြန့်နေပါတယ်။

ဝူဟန်းကစတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ “2019-nCoV.” အသက်ရှူလမ်းကြောင်းကတဆင့်ကူးတဲ့ ဗိုင်းရပ်စ ပါ။ 
ဒီလိုပိုးတွေကူးစက်မခံရအောင်ကာကွယ်နည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO နဲ့ အမေရိကန်ဗဟိုရောဂါထိန်းချုပ်ရေးဌာန CDC  တို့ကထုတ်ပြန်ထားတာရှိပါတယ်။ 
အဲဒါတွေကိုမြန်မာပြန်ဆိုပေးထားပါတယ်။ 
 အဲဒီထဲမှာ မိမိကိုကူးစက်မခံရအောင်ကာကွယ်တဲ့နည်းတွေထဲမှာ နှာခေါင်းစည်းသုံးဖို့မပါတာကိုတွေ့ရပါလိမ့်မယ်။ 
အဓိကက လက်ဆေးဖို့ပါ။ 
ကျန်းမာရေးဌာနေတွေဆိုတာ ပြည်သူလူထုကို ကူးစက်ရောဂါ ကာကွယ်ရေးပညာပေးတဲ့အခါ ရောဂါ မဖြစ်သေးသူတွေ ရောဂါရှိသူထံမှ ကူးစက်မခံရအောင် ပညာပေးရသလို  ရောဂါ ရှိနေသူ၊ ရှိနိုင်သူတွေက သူတို့ကိုယ်ထဲက ပိုးတွေ သူတပါးထံပြန့်မသွားအောင် လုပ်ဆောင်နေထိုင်ဖို့ကိုလည်းပညာပေးရပါတယ်။ 
ဒီနေရာမှာ နှာခေါင်းစည်းက မိမိထံက ပိုးတွေ အသက်ရှူထုတ်တဲ့အခါ၊ ချောင်းဆိုးနှာချေတဲ့အခ့ါ အနားမှာရှိသူတွေ ထံပြန့်မသွားအောင် ကာကွယ်ဖို့ နည်းလမ်းတခုအနေနဲ့ အကြံပေးတာပါ။ 

WHO၏ လူထုအတွက် ရောဂါပိုးနဲ့ အထိတွေ့နည်းအောင် ဆက်လက်မပြန့်ပွားအောင် ဆောင်ရွက်ရန်အကြံပေးချက်များ 
၁. လက်ကို အရက်ပျံ သို့မဟုတ် ဆပ်ပြာနဲ့ မကြာမကြာသန့်ရှင်းရေးလုပ်ပါ
၂. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန့်ပြစ်ပြီး လက်ကိုသေချာဆေးပါ. (မိမိထံမှာ ပိုးရှိလျင် သူတပါးကို မကူးအောင်ကာကွယ်တာ) 
၃. ဖျားနာ ချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ ။ နည်းဆုံး တမီတာ ( သုံးပေကျော်)
၄. သင့်မှာ ကိုယ်ပူ၊ချောင်းဆိုး၊ အသက်ရှူခက်လျင် ကျန်းမာရေးဌာနကိုစောလျင်စွာသွားပြပါ။ မိမိလတ်တလောသွားခဲ့တဲ့ ခရီးတွေရှိလျင် ကျန်းမာရေးဝန်ထမ်း ကို ထုတ်ပြောပြပါ။ 
၅. လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားတယ်ဆိုတဲ့ တိရိစ္ဆာန်ဈေးကို မဖြစ်မနေသွားရပါက အကာအကွယ်တွေမဝတ်ဘဲ သက်ရှိ တိရိစ္ဆာန်တွေနား မသွားပါနဲ့ ၊ တိရိစ္ဆာန်တွေထိထားတဲ့ မျက်နှာပြင်တွေကို မထိမိပါစေနဲ့၊ 
၆. သားငါးအစိမ်းသို့မဟုတ် မကျက် တကျက်တို့ကို စားခြင်းမှ ရှောင်ကျဉ်ပါ။ အသားစိမ်း နို့စိမ်း တိရိစ္ဆာန်အင်္ဂါ အစိမ်းများကို ကိုင်တယ်လျင် လိုအပ်သော အကာကွယ်များကို စနစ်တကျသုံးပါ။ အစားအစာများနဲ အသားငါးစိမ်းများ အကြားရောဂါပိုးမပြန့်ပွားအောင် သန့်ရှင်းရေးဂရုစိုက်ပါ အသားငါးစိမ်းနဲ့ အသင့်စားနိုင်သော အစာတွေကိုရောမထား မသိမ်းပါနဲ့ ။ 












CDC အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနရဲ့ အကြံပြုချက် 

 ၁.  လက်တွေကို စက္ကန့် ၂၀ အနည်းဆုံး ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးပါ။ ရေနဲ့ ဆပ်ပြာမရှိပါက အရက်ပျံ လက်သန့်ရှင်းအရည်နဲ့ သန့်ရှင်းရေးလုပ်ပါ။ 
၂. ဆေးကြောမထားသေးသောလက်နဲ့ မျက်နှာ၊ နှာခေါင်း တို့ကို မထိမကိုင်မိပါစေနဲ့ 
၃. နေမကောင်းသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့ 
၄. နေမကောင်းလျင် လူအများကြားထဲ့ မသွားပါနဲ့ ။
၅. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန်းပြစ်ပြီး လက်ကိုသေချာဆေးပါ
၆. မကြာခဏထိကိုင်မိတဲ့ မျက်နှာပြင်တွေကို သန်ံရှင်းပြီးပိုးသတ်ပါ။






ဒီအထင်ကရ အဖွဲ့၂ခုလုံးက ဝူဟန်းဗိုင်းရပ်နဲ့ တခြားအသက်ရှူလမ်းကကူးတဲ့ ဗိုင်းရပ်တွေကိုကူစက်မခံရအောင်ကာကွယ်ဖို့  လက်ဆေးရန်နဲ့ တကိုယ်ရည်သန့်ရှင်းရေးကိုသာ ပြောထားပါတယ်။ 
နှာခေါင်းစည်းတပ်ဖို့မပြောပါ။ 
ဒါပေမယ့်ကိုယ်ကနေမကောင်းလျင် သူတပါးဆီရောဂါပိုးမပြန့်အောင် ပါးစပ်နဲ့နှာခေါင်းကို အုပ်ကာဖို့နဲ့ပြီးတာနဲ့ လက်ဆေးဖိုသာပြောပါတယ်။ 
ဒါကြောင့်နှာခေါင်းစည်းတပ်ပြီး မိမိကိုယ်မိမိအကာအကွယ်ရပြီထင်နေသူများ 
လက်ကိုမကြာခဏ ဆေးခြင်းနဲ့တကိုယ်ရည်သန့်ရှင်းရေးကသာ မိမိကိုကာကွယ်ပေးမှာဖြစ်ပြီး နှာခေါင်းစည်းကတော့ စာရင်းထဲတောင် မပါပါ၊ သူတပါးဆီကိုပိုးမပြန့်အောင်သာကာကွယ်ပါတယ်။ 

မိမိကိုတကယ် ကာကွယ်ဖို့ဆို N95 mask   အတူ တခြားကာကွယ်ရေး ဝတ်စုံ PPE  အပြည့်စုံကို ဝတ်မှ အကာကွယ်ရပါတယ် ဆိုတာ အသိပေးပါရစေ

ဒေါက်တာအောင် 
25-01-2020



WHO’s standard recommendations for the general public to reduce exposure to and transmission of a range of illnesses are as follows, which include hand and respiratory hygiene, and safe food practices:
  • Frequently clean hands by using alcohol-based hand rub or soap and water;
  • When coughing and sneezing cover mouth and nose with flexed elbow or tissue – throw tissue away immediately and wash hands;
  • Avoid close contact with anyone who has fever and cough;
  • If you have fever, cough and difficulty breathing seek medical care early and share previous travel history with your health care provider;
  • When visiting live markets in areas currently experiencing cases of novel coronavirus, avoid direct unprotected contact with live animals and surfaces in contact with animals;
  • The consumption of raw or undercooked animal products should be avoided. Raw meat, milk or animal organs should be handled with care, to avoid cross-contamination with uncooked foods, as per good food safety practices.











CDC


  • Wash your hands often with soap and water for at least 20 seconds. If soap and water are not available, use an alcohol-based hand sanitizer.
  • Avoid touching your eyes, nose, and mouth with unwashed hands.
  • Avoid close contact with people who are sick.
  • Stay home when you are sick.
  • Cover your cough or sneeze with a tissue, then throw the tissue in the trash.
  • Clean and disinfect frequently touched objects and surfaces.
These are every day habits that can help prevent the spread of several viruses. CDC does have specific guidance for travelers.

ကိုးကား
https://www.cdc.gov/coronavirus/2019-ncov/about/prevention-treatment.html
https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public



Sunday, 12 January 2020

အဝလွန်ခြင်းနဲ့ OA ခေါ်ဒူးနာရောဂါ။

အဝလွန်ခြင်းနဲ့ OA ခေါ်ဒူးနာရောဂါ။ 

ဒူးနာရောဂါ

ဒူးနာတယ်ဆိုတာ လူကြီးရောဂါလို့ အသိများခဲ့ပါတယ်။
သက်ကြီး ဒူးနာရေဂါတွေထဲမှာအဖြစ်အများဆုံးက OA ဆိုတဲ့  OsteoArthritis ပါ။
အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေသာမက လူငယ်တချို့မှာပါ OA ဆိုတဲ့  OsteoArthritis ကို အတွေ့များလာပါတယ်။
လူ့သက်တန်းတွေပိုရှည်လာကြတာနဲ့အမျှ ဒူးနာခါးနာရောဂါသည်တွေကနည်းတနေ့တခြားတိုးပွားလာနေပါတယ်။

OA ဆိုတဲ့  OsteoArthritis ကို  တော့ဒူးဂေါင်း၊ ခါးရိုးဆစ်၊ လည်ပင်းရိုးဆစ်၊တင်ပါးဆုံ၊ လက်ဆစ် စသည်တို့မှာအဖြစ်များပါတယ်။ တခြားအဆစ်တွေမှာလည်းဖြစ်ပေမယ့် သိပ်မများသလို ဆိုးလည်းမဆိုးလှပါ။
ဒီရောဂါက အဆစ်မှာရှိတဲ့ အရိုးနုတွေပျက်စီးပြီး အဆစ်အတွင်းမျက်နှာပြင်နဲ့ အမြှေးရောင်ယမ်းရုံမက ဆက်လျက်ရှိတဲ့အရိုးပါပျက်စီးပါတယ်။

ဘာကြောင့်ဖြစ်

OsteoArthritis ဖြစ်ရတဲ့အဓိကအကြောင့်ရင်းကတော့ အသက်အရွယ်ပါ။
ကမ္ဘာမှာ အသက် ၆၀ ကျော် အမျိုးသားအားလုံးရဲ့ ၉.၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၈ ရာခိုင်နှန်းဟာ သိသာတဲ့ OsteoArthritis ရောဂါလက္ခဏာကို ခံစားနေရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုပါတယ်။ အဲဒီသူတွေရဲ့၈၀ ရာနှုန်းက လှုပ်ရှားမှူတွေကို ပုံမှန်အတိုင်း မလုပ်နိုင်ကြတော့ပါ။ ၂၅ ရာနှုန်းကတော့ နေ့တဓူဝလုပ်တဲ့ ပုံမှန် အလုပ်တွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူးလို့ဆိုပါတယ်။

OsteoArthritis ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့
( ၁) အသက်အရွယ်ကြီးရင့်ခြင်း ( ၄၀ ကျော်လျင် စဖြစ်တာများ)
(၂) OsteoArthritis ရောဂါရှိသူရဲ့ မိသားစုဝင်
(၃) အဝလွန်ခြင်း
(၄) ယခင်ကအဆစ်ကိုထိခိုက်ဒါဏ်ဖြစ်ဖူးခြင်း / အဆစ်များကို အလွန်အကျွံ သုံခြင်း (ဥပမာ လယ်ယာလုပ်ငန်း)
(၅) အဆစ်များပုံပျက်နေခြင်း ဥပမာ ဒူးခွင်ခြင်း၊ ခြေထောက်အတိုအရှည် မညီခြင်း

ဒီ OsteoArthritis ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ လူငယ်တွေနဲ့ ဆက်စပ်တာကတော့ အဝလွန်ခြင်းပါ။
အဝလွန်ခြင်းကြောင့် ဆီးချို၊ နှလုံး၊ သွေးတိုး စတဲ့ တသက်မပျောက်တော့မယ့်ရောဂါတွေကိုလည်းဖြစ်စေပါတယ်။ အဲဒီရောဂါတွေအကြောင်းသတ်သတ်ရေးပါမယ်။

အဝလွန်ခြင်း

ကျန်းမာတဲ့ လူတယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို အရပ်အမောင်းနဲ့အချိုးချပြီး BMI ဆိုတဲံ့ Body Mass Index နဲ့ပြပါတယ်။
အာရှတိုက်သားတွေအတွက် ရှိသင့်တဲ့  BMI Body Mass Index  က 18.5 -22.9 လို့ဆိုပါတယ်။
မိမိအရပ်နဲ့ အလေးချိန်ကိုဒီအောက်ကလင့်မှာဖြည့်ပြီးတွက်ပါ။
https://aadi.joslin.org/en/am-i-at-risk/asian-bmi-calculator

BMI 23 နဲ့အထက်ဆိုလျင်တော့ အဝလွန်ပြီလို့ဆိုရမှာပါ။
အရပ် ၅ပေ ၆ လက္မရှိသူအတွက် အများဆုံး ၁၄၂ ပေါင်ပါ။

ကျနော်တို့ ကိုယ်အလေးချိန် ၂.၂ ပေါင်တိုးလာတိုင်း တလီတာရေသန့်ဗူးတဗူးကို ကိုယ်ပေါ်မှာအမြဲသယ်ဆောင်နေရတာနဲ့ထူညီပါတယ်။
အကယ်၍ အရပ် ၅ပေ ၆ လက္မရှိသူ ကိုယ်အလေးချိန် ၁၆၇ ပေါင်လေးသူတယောက် ဟာ ရှိသင့်တဲ့
 ၁၄၂  ပေါင်  ရှိသူထက် ၂၅ပေါင်ပိုလေတော့ တလီတာရေဗူး ၁၁ ဗူးစာပိုလေးပါတယ်။
အကယ်၍ လူတယောက် ရေ ၁၁ လီတာကိုနေ့စဉ် သွားလေရာမှာ သယ်ထားပါဆို လျင်  ဘယ်လောက်ပင်ပန်းမလဲ။ ဒါတောင် ပြင်ညီမှာ သိချင်မှ သိပါမယ်။

သုံးထပ်တိုက်လှေကားကိုတက်ကြည့်လိုက်လျင်တော့ ကောင်းကောင်းသိနိုင်ပါတယ်။
အဲဒီဒါဏ်ကို နေ့တဓူဝ ပိုပြီး ပိုခံစားရတာကတော့ ဒူးနှစ်ဘက်ပါ။

အဝလွန်သူများရဲ့ဒူးဂေါင်း

အထိုင်အထ အတက်အဆင်းတွေမှာ ဝတဲ့သူတွေရဲ့ ဒူးတွေက အလေးချိန်ဒါဏ်ကြောင့် အရိုးနုတွေကိုကြိတ်မိဖိမိတာများလို့ အရိုးနုတွေ ပိုပြီး စောစောပျက်ပါတယ်။
ကိုယ်အလေးချိန် ၁၀ ပေါင် တိုးလာတာဟာ လမ်းလျှောက်တဲ့အခါ ဒူးဂေါင်းတဘက်ကို အလေးချိန်ဖိအား ပေါင် ၃၀ ကနေ ၆၀ အထိပိုဖိတာနဲ့တူညီပါတယ်လို့ဆိုပါတယ်။ 

အဝလွန်သူအမျိုးသမီးတွေမှာ မတသူတွေထက် ဒူးနာရောဂါ ဖြစ်နိုင်ခြေ လေးဆ ပိုများပြီး အဝလွန် အမျိုးသားတွေမှာတော့ ၅ ဆပိုများပါသတဲ့။ 

ကိုယ်အလေးချိန် ပေါင် ၂၀လောက်ပိုများလျင်တော့ ခြေတလှမ်းလှမ်းတိုင်း ဒူးတွေမျာ ဝန်ပိတဲ့ ဒါဏ်က ပေါင် ၆၀ ကနေ ၁၂၀ လောက် ပိုလာမှာပါ။ ဒီတော့ အဆစ်ထဲက အရိုးနုတွေပျက်တာ ပိုမြန်ပါတယ်။
ဒါတင်မကပါ။
အဝလွန်သူတွေဟာ လမ်းလျှောက်တဲ့ အခါ ကွတတလျောက်တာကြောင့် အဆစ်မျက်နှာပြင်ပေါ်သက်ရောက်တဲ့ ဖိအားမညီမမျှဖြစ်ပြီး  အရိုးနုတွေပိုပျက်ပါသေးတယ်တဲ့။
ဒီ့အပြင် အဝလွန်လို့ အဆီတွေများလာသလို့ ကိုလက်စထရော အဆီတွေလည်း များပြီး သူတို့ကြောင့် ထွက်လာတဲ့ ဓါတ်တွေနဲ့ အဆီတွေကလည်း အရိုးနုနဲ့ သူနဲ့ကပ်နေတဲ့ အရိုးတွေကိုပျက်စေပြန်ပါတယ်။


OsteoArthritis  ရောဂါရသူတွေခံစားရတဲ့ လက္ခဏာပြင်းထန်ပုံခြင်းကတော့ တယောက်နဲ့တယောက်မတူကြပါ။
တချိူ့ကအထိုင်အထ လှုပ်ရှားရခက်ပြီး
တချို့မှာတော့ မကြာခဏနာကျင်ပါတယ်
တချို့မှာတော့ ညတိုင်းလိုလိုနာလို့ ဆေးသောက်အိပ်ရပြီး
ကြာလာလျင်တော့ အဆစ်ပုံပျက် ကာ ဒူးခွင် ခြေထောက်တိုသလို ဖြစ်လာပါတယ်။
ကြာကြာထိုင်ပြီး ထလိုက်လျင် ချက်ချင်းလမ်းလျှောက်မရတာ ကနေ သွားနေရင် ခြေမခိုင်ပဲ ခွေလဲလို့ ကျိုးတာတွေလည်းဖြစ်ပါတယ်။

ကုသနည်း

(၁) ကုသနည်းတွေမှာ အဓိကကတော့ လေ့ကျင့်ခန်းပါ
စနစ်တကျ လေ့ကျင့်ထားတဲ့  Physiotherapist  တွေက ရောဂါအခြေအနေကိုလိုက်လို့ သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေကို သင်ပေးပါတယ်။
(၂) မကြာခဏနာကျင်ကိုင်ခဲလျင်တော့ အနာသက်သာအောင် ဆေးသောက် ဆေးလူးရပါတယ်။

ပါရာဆီတမောက အဆစ်ရောင်တာကို မကျစေပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းဆုံး အကိုက်ခဲပျောက်ဆေးပါ။
ပါရာဆီတမောနဲ့ မသက်သာလျင်တော့ NSAID   ဆိုတဲ့ ဆေးတွေသောက်နိုင်ပါတယ်။ အဲဒီဆေးတွေက ရေရှည်မှာ အစာအိမ်နဲ့ ကျောက်ကပ်ကိုထိခိုက်ပါတယ်။
(၃) မရလျင်တော့ အဆစ်ထဲကို ဆေးထိုးကုတာရှိသလို
(၄) နောက်ဆုံးအနေနဲ့ အဆစ်အတုအစားထိုးတာပါ။

 TKR  ဆိုတဲ့ ခွဲစိပ်မှုက ဒူးတဘက်ကို သိန်း ၁၀၀ ကနေ ၂၀၀ ကျောက်ထိကုန်ကျနိုင်ပါတယ်။
အဝလွန်တဲ့သူတွေ ကိုယ်အလေးချိန်  ၁၁ ပေါင် လျှေ့ာချတိုင်း ဒီရောဂါဖြစ်နိုင်တဲ့ ဘေးကိုလည်း ထက်ဝက်ထိ လျှော့ချနိုင်တယ်ဆိုပါတယ်။

ဒါကြောင့် မိမိကိုယ်အလေးချိန် ကို ပုံမှန် အချိုးထဲမှာ ရှိအောင် ထိန်းထားခြင်းဟာ အသက်ကြီးလေ ဒုက္ခပေးလေဖြစ်တဲ့ ဒီဒူးနာရောဂါကို မဖြစ်အောင် ထိရောက်တဲ့ ကာကွယ်နည်းတခုဖြစ်ပြီး
ရောဂါရပြီးသူတွေမှာလည်းကိုယ်အလေးချိန် ကိုလျှော့ချခြင်းက ရောဂါကိုသက်သာစေတဲ့ ကုထုံးတခု ဖြစ်ကြောင်းပါ။

BMI Body Mass Index  က 18.5 -22.9 မှာထိန်းထားပါ


Dr Aung
12-01-2020


Wednesday, 25 December 2019

ကလေးငယ်များနဲ့ ဘက်ထရီသေးသေးကလေးများ အန္တရာယ်။

ကလေးငယ်များနဲ့ ဘက်ထရီသေးသေးကလေးများ အန္တရာယ်။ 

လွန်ခဲ့တဲ့ ၅ နှစ်လောက်က တာဝန်ကျခဲ့တဲ့ ဆေးခန်းမှာ ကြုံခဲ့တာပါ။


 ၂နှစ်အရွယ်ကလေးတယောက် နှာခေါင်းနာတယ် ဆိုပြီးရောက်လာပါတယ်။
ကံကောင်းစွာပဲ ကလေးကို ခေါ်လာတဲ့ အဖေက ကလေး ဘက်ထရီ သေးသေးကလေးကို ထည့်တယ် ထင်တယ် လို့ ပြောပါတယ်။
တကယ်တော့ အဲဒီကလေးကို ပြီးခဲ့တဲ့ ၂ ရက်က နှာခေါင်းနာတယ် နှာရည်ကျတယ်ဆိုပြီး အရေးပေါ်ဌာနကိုသွားပြပြီးပါပြီ။  ဆရာဝန်က စစ်ဆေးတေ့ာ ဘက်ထရီ အကြောင်းလည်း မပြောလို့  နှာစေးပျောက်ဆေးပဲပေးလိုက်ပါတယ်။ တခါတလေ လူနာကို ဆေးရုံခေါ်လာသူက ကလေးဘာဖြစ်တယ်လို့ သေချာမသိ၊ အားတဲ့ သူကခေါ်လာပြတာမျိုးကလည်းရှိတတ်တာကိုး။
 နှာခေါင်းကို ဖြဲကြည့်တော့နှာရည်တွေနဲ့ ဘာမှ မတွေ့လို့ဓါတ်မှန်ရိုက်လိုက်တော့မှ လားလား ဘက်ထရီကလေးက နှာခေါင်ထဲမှာ အခန့်သား ။
ဒီပုံတွေေကတော့ နမူနာပြဖို့အင်တာနက်ကယူထားတာပါ။ https://www.researchgate.net/figure/An-extracted-button-battery-from-the-nose-8-mm_fig5_255738051
ဒါနဲ့ နားနှခေါင်းလည်ချောင်းအထူးကုဆီကိုလွှဲရပါတယ်။ သူတို့စစ်ဆေးတော့ ဘက်ထရီ ကလေးက အတွင်းထဲ ခပ်နက်နက်မှာအရောင် ပြောင်းပြီး နှာခေါင်းထဲမှာ အနာတောင် ဖြစ်နေပါပြီ။
သူတို့လည်း အတတ်နိုင်ဆုံးမြန်မြန်ရအောင်ထုတ်ကြပါတယ်။
ပြသနာက ဘက်ထရီထဲက အက်ဆစ် ထွက်ပြီး စားနေလို့ က်ထရီ ကိုထုတ်လို့ပြီးတာတောင် အက်ဆစ်လောင်စားတဲ့ နှာခေါင်းအတွင်းကအနာကို ကုဖို့ကလိုပါသေးတယ်။


ဖြစ်ဖြစ်ချင်းသိလို့ ထုတ်လိုက်နိုင်ရင် အက်ဆစ် စိမ့်မထွက် သေးတော့ အနာ ဖြစ်မှာ မဟုတ်ပါ။
အက်ဆစ်စားတဲ့ အနာက နှာခေါင်းနှစ်ပေါက် အကြားက အရိုးနုကိုပါစားလို့  အပေါက်ဖြစ်သွားတော့ အနာကျက်ပြီးနောက် အပေါက် ပြန်ဖာရပါသေးတယ်။
ကလေးလည်းဆေးရုံမှာ အတော်ကြာသွားပါတယ်။
ကံကောင်းတာက ဘက်ထရီကလေး လေပြွန်ထဲ အထိကျမသွားသလို ကလေးက မျိုမချလိုက်တာပါ။
အစာအိမ်ထဲရောက်သွားပြီး ချောင်တနေရာရာမှာကပ်နေလျင် အစာအိမ် အက်ဆစ်တွေကြောင့် ဘက်ထရီ အထဲက အက်ဆစ် ထွက်လာပြီး ဘက်ထရီ ကပ်နေတဲ့ နေရာမှာနာရီပိုင်းအတွင်း နံရံပေါက်သွားနိုင်ပါတယ်။
နည်းနည်းကြီးတဲ့ CR2032   လိုဘက်ထရီမျိုးဆို  လည်ချောင်ထဲကပ်နေတတ်လို့ လည်းချောင်းနံရံပေါက်နိုင်ပါတယ်။
ကလေးတွေ ပါးစပ် နှာခေါင်းတွေထဲ ထည့်နိုင်သော ဘက်ထရီ တချို့ 

လေပြွန်ထဲမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။
 ဒီ button cells ခေါ်တဲ့ ဘက်ထရီကလေးတွေကို ဒီဖက်ခေတ်မှာ အသုံးများလာပါတယ်။
နာရီကလေးတွေသာမက အသံထွက်တဲ့ မီးလင်းတဲ့ ကစားစရာတွေမှာပါသလို အသံထွက်တဲ့ မီးလင်းတဲ့မွေးနေ့ကဒ်၊ ခရစ် စမတ်ကဒ်တွေမှာပါလာပါတယ်။
အရုပ်တွေထဲ ဘက်ထရီတွေ အလွယ် တကူထွက်မကျပေမယ့် အစားထိုးဖို့ဝယ်ထားတဲ့ ဘက်ထရီ၊ အသစ်လဲပြီး ကျန်နေတဲ့ အဟောင်း၊ စတာတွေကို သေချာ မသိမ်းလို့၊ လွှင့်မပစ်လို့ ကလေးငယ်တွေ တွေ့သွားလျင် ပြသနာ အတော် ကြီးပါတယ်။
ဒီလိုဘက်ထရီတွေက ကလေးတွေကိုလက်ဆောင်အဖြစ်ပေးတတ်ကြတဲ့ သီချင်းဆိုတဲ့ မီးလင်းတဲ့စာအုပ်၊အသံထွက်ပြီး စာသင်ပေးတဲ့စာအုပ်တွေမှာလည်းပါတတ်ပါတယ်။
 မွေးနေ့ကဒ်၊ ခရစ် စမတ်ကဒ်တွေထဲက ဘက်ထရီတွေကိုတော့ ကဒ်ကို စုတ်ဖြဲလိုက်လျင် ထွက်လာနိုင်လို့ ပို အန္တရာယ်ရှိပါတယ်။
အရောင် လက်လက်နဲ့ ဘက်ထရီကလေးတွေကို ကလေးငယ်တွေက ချိုချဉ် အမှတ်နဲ့ မျိုချတတ်ပါတယ်။
ဘက်ထရီက အစာပြွန်တနေရာရာမှာ တစ်လျင် ပါးစပ်ထဲကတံတွေးကြောင့်  ဘက်ထရီ အဆက်ပွင့်ပြီး အထဲကအက်ဆစ်ထွက်ကာ အစာပြွန်နံရံကိုစားပါတယ်။
 လက်ဆောင်တွေပေးနဲ့ခရစ်စမတ် မှာ ကလေးတွေကို အဲလိုဘက်ထရီပါတဲ့လက်ဆောင်တွေ ကဒ်တွေပေးလျင် သတိထားကြဖို့ ဘီဘီစီကလာတဲ့ သတင်းထဲက နမူနာ ဗွီဒီယိုကလေးကို ပြန်ရှဲပြထားပါတယ်။
အသားပြားကို အူနံရံအနေနဲ့ထားပြီး စမ်းပြတာပါ။


ဘက်ထရီ ပေါ်ကို တံတွေးဆွတ်ပေးတဲ့ အခါ တွံတွေးက ဘက်ထရီ နံရံကိုစားလို့အထဲက အက်ဆစ်ထွက်လာကာ အသားပြားကို နှစ်နာရီ အတွင်း အပေါက်လုံးဝ ဖြစ်သွားစေပါတယ်။
ဆိုလိုတာက ဒီလို ဘက်ထရီမျိုးကို မျိုချမိရင် နှစ်နာရီအတွင်း အူ / အစာအိမ် နံရံပေါက်ပြီး အနားက အင်္ဂါတွေကိုပါလောင်စားလို့ အသက်ပါထိခိုက်နိုင်တယ်လို့ပြတာပါ။

အောက်ကဗွီဒီယိုကလည်း ဘက်ထရီကလေးတွေကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်နိုင်ပုံကိုပြထားတာပါ။

အဲဒါကြောင့် တွေ့ကရာ ပါးစပ်ထဲ ထည့်တတ်တဲ့ လေးဘက် တွား အရွယ်ကနေ သုံးလေးနှစ် အရွယ် အထိကလေးတွေ အိမ်မှာရှိလျင် ဒီလို ဘက်ထရီ မျိုးကို သေချာ သိမ်းဖို့၊ သေချာ ထုတ်ပြီး လွှင့်ပစ်ဖို့အရေးကြီးပါတယ်။ သူတို့ပါတဲ့ ပစ္စည်းတွေကို လူကြီး မရှိလျင် ပေးမထားပါနဲ့ ။

ကလေး ငယ် ငယ်တွေနဲ့ ပစ္စည်းသေးသေးကလေးများ

အသက် ကိုးလလောက်ကနေ ၅ နှစ် အရွယ် အထိ ကလေးတွေက ပစ္စည်းသေးသေးကလေးတွေကို ပါးစပ်ထဲ၊ နှာခေါင်းထဲ ထည့်တတ်တဲ့ သဘာဝ ရှိတာကြောင့် သူတို့ကလေး တွေ လက်လှမ်းမှီတဲ့ နေရာတွေ ( သူတို့ တက်လို့ရတဲ့ ဘီဒို ၊ စားပွဲတွေပါ) မှာ  ပါးစပ်ပေါက်ထဲ ဝင်လို့ဆံ့တဲ့ အရာတွေမထားသင့်ပါ။
ခဲဖျက်၊ ပုတီးစေ့ ကစားစရာ အရုပ်သေးသေး၊ ဘက်ထရီ အသေးကလေး တွေကနေ စက္ကူစ, ပလတ်စတစ်စ အလယ် အကြွေစေ့တွေ၊ ဆေးလုံးကလေးတွေအဆုံးအထိ အကုန်ထည့်ကြပါတယ်။ 
ဘက်ထရီကတော့ အထက်မှာ ဆိုထားသလို ဖြစ်နိုင်လို့ အန္တရာယ်ပိုများပါတယ်။
ဆေးလုံးတွေ စားမိလျင်လည်း ဆေးတလုံးထဲမှာတောင် သူတို့ အရွယ် နဲ့ စာလျင် အလွန်များတဲ့ ဆေးပမာဏ ဝင်သွားလို့ ဒုက္ခရောက်နိုင်ပါတယ်။
သူတို့မှီနိုင်တဲ့ ဘီဒို၊ အံဆွဲ  ဗူး၊ ခွက်တွေကိုလည်းသူတို့ဖွင့်မရအောင်  Child lock  လိုမျိုးနဲ့ပိတ်ပါ။

ပါးစပ်ထဲ ထည့်မိလျင်

လည်းချာင်းထဲ တစ်နေနိုင်ပါတယ် ၊ အသက်ရှူခက်တာ ၊ လည်ချောင်းနာတာ၊ အသက်ရှူလျင် အသံမြည်တာ၊ အစာမစားနိုင်တာတွေဖြစ်နိုင်ပါတယ်.
အခန့် မသင့်လို့လေပြွန်ထဲ ကို ရောက်သွားလျှင် လေပြွန် ပိတ် ပြီး အသက်ဆုံးတာ ဖြစ်နိုင်သလို လေပြွန် သေးတနေရာရာမှာ ပိတ်ပြီး အဆုတ် တစိတ် တဒေသ လေမဝင်နိုင်ပဲ ရောဂါရပါတယ်။
အစာလမ်းကြောင်းထဲရောက်သွားလျင်တော့  လည်ချောင်းတနေရာရာမှာ တစ်နေနိုင်သလို အစာအိမ်ကနေအများစုက တော့ အူထဲ အထဲရောက်သွားပြီး ဝမ်းနဲ့ အတူပြန်ထွက်လာပါတယ်။
တချို့ကတော့   အဆိပ်သင့်တာ အူပေါက်တာ ဖြစ်တတ်လို့ အရေးပေါ် ထုတ်ဖို့ လိုနိုင်ပါတယ်။

နှာခေါင်းထဲ 

နှာခေါင်းထဲမှာ တခုခုရှိနေလျင်
နှာခေါင်းနာတာ၊ နှာရည် ကျတော ၊ သွေးထွက်တာ ၊ အသက်ရှူလျင် အသံမြည်တာ၊ အသက်ရှူထုတ်လျင် အပုပ်နံထွက်တာ တို့ဖြစ်နိုင်ပါတယ်.
မိမိဘာသာထုတ်ဖို့ မကြိုးစားပါနဲ့ အထဲပိုဝင်သွားပြီး လေပြွန် ပိတ်သွားနိုင်ပါတယ်။
ကလေးကို ချော့ပြီး ဆေးရုံကိုသာခေါ်သွားပါ။
လမ်းကြမ်းလျင် ကားဆောင့်ပြီး အထဲကို ပြုတ်ကျမသွားစေရန် ကလေးကို လှဲနေစေပြီး ဦးခေါင်းဘက်ကို နှိမ့်ထားတာကောင်းပါတယ်။

ဘာလုပ်ရမလဲ 

ဘာပဲ ဖြစ်ဖြစ်  စိတ်အေးအေးထားပါ။
အဲလို့ပစ္စည်းကလေးတွေကို မြိုချမိတယ် နှာခေါင်းထဲ ထည့်တယ်လို့သံသယရှိလျင် ဘာပစ္စည်းဖြစ်နိုင်တယ်လို့ သိနိုင်လျင်ပိုကောင်းပါတယ်။
ဘာပစ္စည်းဝင် သွားသလဲ ဆိုတာသိအောင်လုပ်ပါ ၊ အဲဒီအတွက်တော့ အချိန်မဖြုန်းပါနဲ့ ။ ဆးလုံးလို့ သံသယရှိလျင် ဗူးခွဲကိုပါဆေးရုံကိုယူသွားနိုင်လျင် ပိုကောင်းပါတယ်။
ပါးစပ်ထဲမှာ မျက်စေ့နဲ့ မြင်ရလို့  လက်နဲ့ မှီလျင်တော့ နှိုက်ထုတ်ပါ။
ကလေး ကို လန့်အောင် မလုပ်ပါနဲ့၊ လန့်ပြီး ငိုရှိုက်မှ လေပြွန်ထဲအထိကျသွားနိုင်ပါတယ်။
အလွယ်တကူ မြင်ရပေမယ့် ထုတ်လို့ရဖို့ မသေချာလျင် ထုတ်ဖို့ မကြိုးစားပါနဲ့။
ကလေးက ဘာမှ မဖြစ်လျင် မိမိဘာသာ နှိုက်ထုတ်တာထက် ဆေးရုံကိုသွားတာ ပိုကောင်းပါတယ်။
အနီးဆုံးဆေးရုံ ဆေးခန်းကိုသွားပါ။
အပြင်ဆေးခန်း အသေးတွေမှာ ပစ္စည်း တန်ဆာပလာ မစုံလျင် ဘာမှ လုပ်မပေးနိုင်လို့ ဆေးရုံနဲ့ နီးလျင် ဆေးရုံကိုသာသွားပါ။
လမ်းကြမ်းလျင် ကားဆောင့်ပြီး အထဲကို ပြုတ်ကျမသွားစေရန် ကလေးကို လှဲနေစေပြီး ဦးခေါင်းဘက်ကို နှိမ့်ထားတာကောင်းပါတယ်။
ဆေးလုံး၊ ဘက်ထရီ စတာတွေဆိုလျင် ဆေးရုံကို အမြန်သွားပါ။


Dr Aung
25/12/19